
ရန်ကုန် မေ ၂၂
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် လူငယ်ဘောလုံးဖွံ့ဖြိုးရေး၊ အမျိုးသမီးဘောလုံးဖွံ့ဖြိုးရေး၊ အကယ်ဒမီကျောင်းများနှင့် လူငယ် အသင်း ပြိုင်ပွဲများအတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) နှင့် ပူးပေါင်း ဆောင်ရွက်ရန် နှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ခြင်းကို မေ ၂၂ ရက် နံနက်ပိုင်းက ဂျပန်နိုင်ငံ၌ ပြုလုပ်သည်။
ဂျပန်နိုင်ငံရှိ JFA ရုံးချုပ်တွင် MoU ရေးထိုးပြီး အာရှဘောလုံး အဖွဲ့ချုပ် (AFC) Senior Vice President၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဥက္ကဋ္ဌ Tsuneya-su Miyamoto တို့ တက်ရောက်လက်မှတ်ရေးထိုးကြသည်။ နှစ်ဖက် ဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်ခြင်းကို ကနဦးသုံးနှစ်ထားရှိရန် သဘောတူညီခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒိုင်လူကြီး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်း၏ပံ့ပိုးမှုဖြင့် မြန်မာလူငယ် ယူ - ၁၂ အသင်းကို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များ ပါဝင် ယှဉ်ပြိုင်မည့် ယူ-၁၂ နိုင်ငံတကာ ဖိတ်ခေါ်လူငယ်ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်မည်ဖြစ်သည်။ ကိုညီလေး၊ ဓာတ်ပုံ - MFF