
နေပြည်တော် ဇန်နဝါရီ ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာန၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများအတွက် Gender၊ CEDAW၊ NSPAW၊ UNSCR 1325 အွန်လိုင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင် အမျိုးသမီးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အကောင်အထည်ဖော်နေပြီဖြစ်
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစသည့် လူမှုရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိပြီး အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲ ကြေညာချက် (Joint Communique on Prevention and Response to Conflict Related Sexual Violence)ကို အကောင်အထည်ဖော်ရန် ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းစီမံချက်ကို အကောင် အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် အမျိုးသမီး များနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ် စောင့်ရှောက်ပေးနိုင်ရန်အတွက် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ရေးဆွဲခြင်း၊ တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်နိုင်သည့်စင်တာ (OSWSC)များ ဖွင့်လှစ်ခြင်း၊ Help Line ဝန်ဆောင်မှုများကို အားလုံး အကျုံးဝင် လက်လှမ်းမီစေရေးအတွက် တယ်လီဖုန်း ဖြင့်သာမက Viber Message ပို့ခြင်း၊ Helpline-DSW Facebook Page Messenger မှတစ်ဆင့် Message ပေးပို့တိုင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအနေဖြင့် အမျိုးသမီး များ စွမ်းဆောင်ရည်မြင့်မားစေရန် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၁ ကျောင်း၊ လူမှုရေးအရ အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုလိုအပ်သော အမျိုးသမီးများအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန နှစ်ခု၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းလေးခုနှင့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန တစ်ခုတို့ကို ဖွင့်လှစ်ပြီးကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်းနှင့် ယခုသင်တန်းတက်ရောက်ကြသည့် အမျိုးသမီး အဖွဲ့ အစည်းများမှ သင်တန်းသား သင်တန်းသူများမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ အဖွဲ့ဝင်များဖြစ်သည့် အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို
ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းသား သင်တန်းသူ များအနေဖြင့်လည်း လေ့လာရသမျှ ဗဟုသုတများကို မိမိတို့အဝန်းအဝိုင်းအတွင်း ထပ်ဆင့်မျှဝေပေးခြင်း၊ အခွင့်အရေးချိုးဖောက်ခံနေရသည့် အမျိုးသမီး များနှင့် မိန်းကလေးငယ်များအား ကူညီကာကွယ် ညွှန်းပို့ပေးခြင်း၊ မိမိတို့၏ လုပ်ငန်းများတွင်လည်း ကျား၊ မ ရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက် ခြင်းတို့ဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှု ပိုမို
မြင့်မားသည့်နိုင်ငံ ဖြစ်စေရန်အတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
နှစ်ရက်တာဖွင့်လှစ်မည်
သင်တန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့ အစည်းများမှ သင်တန်းသား သင်တန်းသူ ၃၆ ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ဇန်နဝါရီ ၁၃ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်