လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

 

နေပြည်တော် သြဂုတ်၂၇


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊  ပြည်ထောင်စုဝန်ကြီးဟောင်း  ဒေါက်တာဝင်းမြတ်အေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ  လိုအပ်သလို စုံစမ်း စစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။ 
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ  ပြည်ထောင်စု ဝန်ကြီးဟောင်း၊  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ   ဥက္ကဋ္ဌဟောင်း  ဒေါက်တာဝင်းမြတ်အေးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏  သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရ သည့် ဒေသများသို့  ကူညီ၊ ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်လည်း ကောင်း၊ နိုင်ငံတော်၏ အရေးကြီးကိစ္စရပ်များ ဆောင်ရွက်ရာတွင် လည်းကောင်း   အသုံးပြုရန်  ရဟတ်ယာဉ်တစ်စင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်စာချုပ် ချုပ်ဆို ငှားရမ်းခဲ့ကြောင်း၊ ထိုသို့ စာချုပ် ချုပ်ဆို  ငှားရမ်းခဲ့ရာတွင်  တည်ဆဲဥပဒေ၊    ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်  မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း  အမိန့်ကြော်ငြာစာအမှတ်၊  ၃၅/၂၀၁၇ တို့ကို ဖောက်ဖျက်ခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များအပေါ် စီမံကိန်း နှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏    အကြံပြုချက်များကို ထည့်သွင်းစဉ်းစားခြင်း  မပြုခြင်းတို့ကြောင့် ရဟတ်ယာဉ်တစ်စင်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငှားရမ်းသည့်ကိစ္စတွင် စာရင်း စစ်ဆေးတွေ့ရှိချက်များအရ ပျံသန်းချိန် နာရီစုစုပေါင်း ၇၂၀အတွက် ငှားရမ်းခ မြန်မာငွေကျပ်သန်း ၅၁၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၈၅၀၀၀ ပေးချေခဲ့သော်လည်း အမှန်အသုံးပြုခဲ့ချိန် ၈၄ ဒသမ ၉၅ နာရီသာ ဖြစ်သဖြင့် လျော့နည်းပျံသန်းချိန် ၆၃၅ ဒသမ ၀၅ နာရီ အတွက် အမေရိကန်ဒေါ်လာ ၃,၅၉၅,၄၂၃ (USD ၃ ဒသမ ၅ သန်း ကျော်) ပိုမို ပေးချေခဲ့ခြင်းသည် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဟောင်း  ဒေါက်တာဝင်းမြတ်အေးသည် အရေးကြီးကိစ္စများဆောင်ရွက်ရာတွင် ရဟတ်ယာဉ်တစ်စင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ရက်တွင် ကုမ္ပဏီတစ်ခုဖြင့်  စာချုပ် ချုပ်ဆို ဝယ်ယူခဲ့ရာ၌ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ဘေးသင့်သူများ အတွက်သာ သုံးစွဲခွင့်ရှိသော  အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု   ရန်ပုံငွေမှ   သုံးစွဲထားခြင်း၊ ရဟတ်ယာဉ် ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ယခင်ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ မှုမရှိခြင်း၊  ကာကွယ်ရေးဝန်ကြီးဌာနသို့   သဘောထားတောင်းခံမှု မရှိခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ လိုက်နာ ဆောင်ရွက်မှု မရှိခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့သည့် အခြေအနေကိုကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း ကုမ္ပဏီနှင့် လိုအပ် သလို    ပြန်လည်ညှိနှိုင်းခြင်း၊  စာချုပ်  ပြင်ဆင်ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့မှုမရှိဘဲ ပေါ့လျော့စွာဆောင်ရွက်ခဲ့သဖြင့် ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်အခြားဆက်စပ် ကုန်ကျစရိတ်များအတွက် နိုင်ငံတော် ၏ ငွေကြေး၊ ပိုင်ဆိုင်မှု မြန်မာငွေကျပ် ၂၃,၀၄၈ သန်းကျော်ကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
ပြည်ထောင်စုဝန်ကြီးဟောင်း   ဒေါက်တာဝင်းမြတ်အေးသည် ဝယ်ယူပြီးသော နိုင်ငံတော်ပိုင် ရဟတ်ယာဉ်အား ထိန်းသိမ်း ပြုပြင် ခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုကို လုပ်ငန်းအပ်နှံရေး သဘောတူ စာချုပ် ချုပ်ဆိုငှားရမ်းခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ Operation and Maintenance စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ၂၀၂၀ပြည့်နှစ် မတ် ၂၀ရက်မှ မေ၃၁ရက်အထိ ဝန်ဆောင်စရိတ် အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာ ပေးချေသင့်သော်လည်း စာချုပ်တွင် မပါဘဲ ရဟတ် ယာဉ်မရောက်သေးသည့် ၂၀၂၀ပြည့်နှစ် ဇွန် ၁ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ (၅)လအတွက်    ဝန်ဆောင်ခ   အမေရိကန်ဒေါ်လာ ၄၉၂,၆၆၇ ကို ပေးချေခဲ့ခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့သည့် အခြေအနေကို ကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း စာချုပ် ချုပ်ဆိုသည့် ကုမ္ပဏီနှင့် လိုအပ်သလို ပြန်လည် ညှိနှိုင်းမှု မရှိခြင်း၊ စာချုပ် ပြင်ဆင် ချုပ်ဆိုမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်းဖြစ်ကြောင်းတို့ကို  စစ်ဆေးပေါ်ပေါက် သဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင်   ယနေ့ရက်စွဲဖြင့်  ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း   အဂတိလိုက်စားမှု    တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။


သတင်းစဉ်