လူမှုဖူလုံရေး - ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်း(လှိုင်သာယာ) ဖွင့်ပွဲကျင်းပ

 

ရန်ကုန်  စက်တင်ဘာ ၁၀


အလုပ်သမားဝန်ကြီးဌာန      လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ်  ကုမ္ပဏီလီမိတက်တို့  ပူးပေါင်း ဆောင်ရွက်သော  လူမှုဖူလုံရေး-ကဲဝဲလ်  အထွေထွေ ရောဂါကုဆေးခန်း  ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ် (၈)ရပ်ကွက် မကွေးလမ်း အမှတ် (၁၄/၄၄)၌ ကျင်းပသည်။
ဖွင့်ပွဲတွင်  လူမှုဖူလုံရေးအဖွဲ့  ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဦးတင်ကိုကိုနိုင်က  ဆေးခန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးလှစိုးနှင့် တာဝန်ရှိသူများက ဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ  ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုသည်။
အဆိုပါဆေးခန်းတွင်    လှိုင်သာယာမြို့နယ် အတွင်းရှိ  လူမှုဖူလုံရေးအကျုံးဝင်  အာမခံ  အလုပ် သမားများအား အထွေထွေရောဂါကုသမှု(OPD Care) နှင့် သားဖွား/မီးယပ် ပြင်ပလူနာကုသမှု(Specialist OG OPD Care)ကိုပါ   ကုသပေးမည်ဖြစ်ပြီး တနင်္ဂနွေ ပိတ်ရက်မှအပ  ကျန်ရက်များတွင်  မနက် ၈ နာရီမှ ညနေ   ၆   နာရီအထိ   ဖွင့်လှစ်ကာ  လူမှုဖူလုံရေး အကျုံးဝင်သည့်  အာမခံ  အလုပ်သမားများအပြင် အာမခံအလုပ်သမား မဟုတ်သူများကိုပါ ဆေးကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန   လူမှုဖူလုံရေးအဖွဲ့ သည် အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ် လူမှု ဖူလုံရေးဆေးခန်း ၉၆  ခန်း၊  လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆို  ဆောင်ရွက်လျက်ရှိသော  ဌာနကြီး ဆေးခန်း ၅၈ ခန်း၊  တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ ရွေ့လျားဆေးကုသယာဉ် သုံးစီးတို့ဖြင့် မြို့နယ်ပေါင်း  ၁၁၆ မြို့နယ်မှ လူမှုဖူလုံရေးအကျုံးဝင်သည့် အာမခံ အလုပ်သမားများအား   ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင်     လူမှုဖူလုံရေးအဖွဲ့နှင့်    ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  ဆေးရုံ/ဆေးခန်း ၁၈ ခန်းတို့ဖြင့်လည်း လူမှုဖူလုံရေး အာမခံ အလုပ် သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနနှင့်  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းလျက် အလုပ်ဌာန ၂၇၃၇ ခုမှ အာမခံအလုပ်သမား ၂၃၁၂၉၈ ဦးကိုလည်း ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)