
သိန်းထွန်း (IR)
==========
လူမှုမီဒီယာကို အကျိုးရှိရှိ ဘယ်လိုသုံးကြမလဲ ဆိုတဲ့မေးခွန်းက ထူးဆန်းတဲ့မေးခွန်းတော့ မဟုတ်ပါဘူး။ ဒီနေ့ခေတ် လူမှုမီဒီယာတွေကို သုံးကြတဲ့ လူတိုင်းနီးပါးတွေးမိ၊ စဉ်းစားမိတဲ့ မေးခွန်းပါ။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ သားသမီး လူငယ်တွေအတွက်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အသိုက် အဝန်းအတွက်ပဲဖြစ်ဖြစ် လူမှုမီဒီယာအသုံးပြု နေတာတွေနဲ့ပတ်သက်လို့ စဉ်းစားမိလိုက်တိုင်း အဲဒီမေးခွန်းက ထိပ်ဆုံးရောက်လာတာပါပဲ။
အဲဒီလိုစဉ်းစားမိလို့ လူမှုမီဒီယာတွေက အကျိုး မပြုလို့ မဟုတ်ပါဘူး။ လူမှုမီဒီယာတွေက ဘက်စုံ အကျိုးပြုပါတယ်။ ဒါပေမဲ့ လူမှုမီဒီယာတွေကို ဘယ်လိုပုံစံနဲ့ အသုံးပြုကြသလဲဆိုတဲ့ အခြေအနေ လိုက်ပြီး အကျိုးကျေးဇူးတွေရှိကြသလို ဘေးထွက် ဆိုးကျိုးတွေလည်းရှိနေပြန်တော့ လူမှုမီဒီယာကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုကြမလဲဆိုတာ လူမှု မီဒီယာ အသုံးပြုသူတိုင်းအတွက် လိုအပ်မယ်လို့ ထင်ပါတယ်။
လူမှုမီဒီယာတွေကလည်း တစ်နေ့တခြား လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေ၊ အကြိုက်တွေ၊ စိတ်ဝင်စားတာတွေကို အလိုလိုက်၊ အကြိုက် ဆောင်ဖို့ အသိဉာဏ်တုလို နည်းပညာတွေ အကူ အညီနဲ့ဖြည့်ဖို့ ကြိုးစားရင်း ဖြစ်လာတဲ့အကျိုးဆက် တွေနဲ့ လူမှုမီဒီယာတွေကို အခြားရည်ရွယ်ချက်တွေ အတွက် အသုံးချလာကြတာကြောင့် အကျိုးတွေ ရှိလာကြသလို တစ်ဖက်မှာဖြစ်လာတဲ့ ဘေးထွက် ဆိုးကျိုးတွေကို သတိပြုနိုင်မှ လူမှုမီဒီယာကို အကျိုး ရှိရှိ အန္တရာယ်ကင်းကင်း အသုံးပြုရာရောက်မှာပါ။
နည်းပညာတိုးတက်ပြောင်းလဲမှုနှင့်အတူ
လူမှုကွန်ရက်ပေါက်ကွဲတဲ့ခေတ်လို့ တင်စား ခေါ်ဝေါ်တဲ့ ၂၁ ရာစု နည်းပညာခေတ်ကြီးမှာ ဒစ်ဂျစ်တယ်နည်းပညာတွေ၊ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဆိုတာ လူတစ်ယောက်အတွက် မရှိမဖြစ်အသုံး အဆောင်ပစ္စည်းတွေ ဖြစ်နေပါပြီ။ အင်တာနက် ဆက်သွယ်မှုစနစ်တွေလည်း ကောင်းမွန်လာတာမို့ ဆက်သွယ်ရေး၊ သတင်းဖြန့်ဝေရေးကအစ စီးပွား ရေး၊ ပညာရေးအဆုံး ခေတ်မီတယ်လီဖုန်းတစ်လုံး နဲ့တင် အလုပ်ဖြစ်နေပါပြီ။ ဒါ့အပြင် အခြား အင်တာနက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ နည်းလမ်းတွေလိုပဲ လူမှုမီဒီယာ ဟာလည်း လူတိုင်းရဲ့နေ့စဉ်ဘဝ လိုအပ်ချက်တွေထဲ မှာ တစ်ခုအပါအဝင်ပါပဲ။ လူမှုမီဒီယာဟာ လူမှုရေး နဲ့ ဆက်သွယ်ရေးဆိုင်တာတွေတင်မကဘဲ အစစ အရာရာတိုင်းလိုလိုမှာ အသုံးပြုလို့ရနေတော့ မရှိမဖြစ်လိုအပ်ချက်လိုဖြစ်လာတာ ထူးဆန်းတယ် လို့ မဆိုနိုင်တော့ဘူး။
လူတစ်ယောက်အတွက် ခေတ်နဲ့အညီ လိုအပ် ချက်တွေကို လူမှုမီဒီယာတွေက ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်နေတော့ လူသုံးများလာပြီး လူတို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း ကြီးမားတဲ့အပြောင်းအလဲ အင်အားတစ်ခု ဖြစ်လာပါတယ်။ လူမှုမီဒီယာတွေ ကြောင့် လူတွေရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ ပညာရေးဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံ ရေးဆိုင်ရာ အပြုအမူတွေ၊ အသက်မွေးဝမ်းကျောင်း တွေနဲ့ အလုပ်အကိုင်ရှာဖွေတာတွေကိုပါ အပြောင်း အလဲ ဖြစ်နေပါတယ်။ ဒီလိုအပြောင်းအလဲတွေဟာ လူတွေရဲ့ စမတ်ကျတဲ့နေထိုင်မှုပုံစံတွေကို ဖြစ်လာ စေတော့ လူတိုင်းက လူမှုမီဒီယာတွေကို စွဲစွဲလမ်းလမ်း အသုံးပြုလာကြပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ကမ္ဘာမှာ လူမှု ကွန်ရက် အသုံးပြုသူပေါင်း ၄ ဒသမ ၆၂ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။ အဲဒီအသုံးပြုသူအရေအတွက် ဟာ ကမ္ဘာ့လူဦးရေရဲ့ ၅၈ ဒသမ ၄ ရာခိုင်နှုန်းရှိတယ် လို့ ဆိုပါတယ်။ နောက်ပြီး အသုံးပြုတဲ့သူအရေ အတွက်ဟာလည်း တိုးမြင့်လာပြီး မနှစ်ကထက် အသုံးပြုသူ အသစ် ၄၂၄ သန်း တိုးလာတယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေကိုကြည့်ရင် လူမှု မီဒီယာတွေအပေါ် လူတွေပိုပြီး အာရုံရောက်လာ တယ်လို့ ပြောရမှာပါ။ နည်းပညာတွေ ပိုပိုပြီး တိုးတက်လာတော့ လူမှုမီဒီယာတွေရဲ့ အသုံးဝင်မှုက အံ့မခန်း ပြောင်းလဲလာပါတယ်။ လူမှုမီဒီယာတွေ တိုးတက်ကောင်းမွန်လာတော့ သာမန်ဈေးဝယ်တာ၊ ဈေးရောင်းတာတွေအပြင် ကမ္ဘာ့အရေးအခင်း ကိစ္စကြီးငယ်တွေကိုပါ အချိန်နဲ့တစ်ပြေးညီ သိနေနိုင်တော့ လူမှုမီဒီယာတွေဟာ ကင်းကွာလို့ မရနိုင်တော့ဘူးပေါ့။
စိန်ခေါ်မှု
အဲဒီလို အသုံးဝင်လာတာ၊ အသုံးများလာတာနဲ့ အတူ လူမှုမီဒီယာတွေကို မှန်မှန်ကန်ကန် အသုံးပြု တဲ့သူ၊ မမှန်မကန်အသုံးပြုတဲ့သူတွေဆိုတာလည်း ရှိလာပြန်ပါတယ်။ မီးဟာ လူတွေအတွက် ဘယ်လောက်အကျိုးရှိပါတယ်ပြောပြော မီးကို ပေါ့ပေါ့ဆဆသုံးရင်တော့ မီးကတော့ လောင်မှာပါပဲ။ ဒါဟာ မီးရဲ့ဆိုးကျိုးလို့ တစ်ဖက်အမြင်နဲ့ ပြောလို့ မရပါဘူး။ သုံးတဲ့သူရဲ့ပေါ့ဆမှု၊ အလေးမထားမှုတွေ နဲ့လည်း ဆိုင်မှာပဲ။ ဒီလိုပါပဲ လူမှုမီဒီယာသုံးတဲ့သူတွေ ထဲမှာ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ အသက်အရွယ်၊ ကျား/မ၊ ယဉ်ကျေးမှု၊ သဘောထား၊ ရည်ရွယ်ချက်၊ အပြုအမူတွေ အမျိုးမျိုးပါကြတာဆိုတော့ အကောင်းအဆိုးတွေကတော့ ရောပြွန်းပါနေမှာပေါ့။ သုံးတဲ့ကာယကံရှင်က သတိနဲ့ဆင်ခြင်သုံးမှပဲ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်နိုင်မှာပါ။ အထူး သဖြင့် လူငယ်တွေလို ထိခိုက်လွယ်တဲ့သူတွေအတွက် ဆို ပိုပြီးဂရုပြုကြရမှာပါ။
လူမှုမီဒီယာတွေကို မှန်မှန်ကန်ကန်သုံးတတ် ရင် အကျိုးများများရနိုင်မှာဖြစ်ပေမယ့် အသုံးပြုတာ လွဲရင်လည်း သူ့ရဲ့ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ အခုဆို လူမှုမီဒီယာတွေကို သာမန်အားဖြင့် ဘယ်လို အကျိုးရှိရှိသုံးကြမလဲဆိုတာက ဒီကနေ့မှာ အလေး ထား စဉ်းစားစရာတစ်ခုဖြစ်နေတာ တွေ့ရပါတယ်။ ဖေ့စ်ဘွတ်၊ တွစ်တာ၊ ယူကျုတို့လို လူမှုကွန်ရက်တွေ အတွက် မီဒီယာနည်းပညာအသစ်တွေကြောင့် လူမှု ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ သတင်း ဆိုင်ရာတွေမှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တစ်ဦးချင်း ရော၊ အဖွဲ့အစည်းတွေရော လုပ်နည်းလုပ်ဟန်ပုံစံတွေ ပြောင်းလဲနေပါတယ်။ ဒီလိုအပြောင်းအလဲတွေက နည်းပညာဆိုင်ရာ ကျင့်ဝတ်တွေနဲ့ အယူအဆတွေ အတွက် စဉ်းစားစရာဖြစ်လာပါတယ်။ ဒါ့အပြင် တိုးတက်ပြောင်းလဲလာတဲ့နည်းပညာတွေကြောင့် လူမှုမီဒီယာဆိုင်ရာ စိန်ခေါ်မှုတွေလည်း ဆက်ပြီး ဖြစ်လာနေပါတယ်။
လျင်မြန်တဲ့ နည်းပညာအပြောင်းအလဲတွေ ကြောင့် လူမှုမီဒီယာဆိုင်ရာ စိန်ခေါ်မှုတွေကို ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတွေမှာတောင် ရင်ဆိုင် နေကြဆဲပါပဲ။ အီးယူက ချမှတ်ထားတဲ့ the General Data Protection Regulation (GDPR) လို ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက် ကာကွယ်ရေးတွေ လုပ်ဆောင်နေကြတာတွေ ရှိပေမယ့် ကျင့်ဝတ်နဲ့ အပြုအမူဆိုင်ရာစံနှုန်းတွေ အားနည်းနေတာ တွေ့ရပါတယ်။ ဒီတော့ လူမှု ကွန်ရက်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ တိုးတက်နေတဲ့အခြေအနေကို တားဆီးမလား၊ ဒါမှမဟုတ် အသုံးပြုတဲ့နည်းလမ်းကို ပြောင်းလဲ မလား၊ အခြားဘယ်လိုနည်းလမ်းနဲ့ထိန်းသိမ်းကြ မလဲဆိုတာက လူမှုမီဒီယာရေစီးအတွက် စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။
ကျင့်ဝတ်နှင့် လူမှုမီဒီယာ
အရင်တုန်းကတော့ ကျင့်ဝတ်ဆိုတာ အပြင် လောက လူမှုဆက်ဆံရေးအတွက် လိုအပ်ချက် တစ်ခုပါပဲ။ ဒါပေမဲ့ ဒီကနေ့တော့ အပြင်လောက မှာတင်မကတော့ဘူး။ အင်တာနက်ပေါ်က လူမှု မီဒီယာတွေမှာပါ လိုအပ်လာပါပြီ။
ကျင့်ဝတ်ကို အကြမ်းဖျင်းအားဖြင့် မှန်တဲ့ အရာကို ပြုလုပ်ခြင်း ဒါမှမဟုတ် တစ်ဦးချင်း/ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်လို့ ဆိုကြပါတယ်။ အများအားဖြင့် တော့ လူတစ်ဦးချင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်း တစ်ခုက ကောင်းတယ်၊ ဆိုးတယ်လို့ ရှုမြင်တဲ့အရာ တွေကို ဆိုလေ့ရှိကြတာ တွေ့ရပါတယ်။ ကျင့်ဝတ် တန်ဖိုးတွေ လိုက်နာကျင့်သုံးကြရာမှာ လူ့အသိုက် အဝန်းအတွင်းမှာ သဟဇာတဖြစ်တဲ့ အခြေအနေ တွေ၊ ပြုမှုဆက်ဆံရေးတွေရရှိလာစေဖို့ ရည်ရွယ်ကြ တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် “ငါဘယ်လို ပြုမူနေထိုင်သင့်သလဲ” ဆိုတဲ့မေးခွန်းမျိုး၊ အသိ ပညာနဲ့ ပျော်ရွှင်မှုတွေ ဒါမှမဟုတ် ကိုယ်တန်ဖိုးထား တဲ့အရာတွေကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ ဆိုတာမျိုးတွေဟာ ကျင့်ဝတ်နဲ့ဆိုင်တဲ့ စဉ်းစားစရာ တွေပဲဖြစ်ပါတယ်။
လူမှုမီဒီယာမှာလည်း ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသင့်တာတွေရှိပါတယ်။ ဒီပို့စ်ကို မျှဝေသင့် သလား၊ ဒီပို့စ်က သတင်းအချက်အလက်တွေက မှန်နိုင်၊ မမှန်နိုင်၊ ဒီပို့စ်ကြောင့် အခြားသူတွေကို ဘယ်လိုထိခိုက်စေနိုင်သလဲ၊ ဘယ်လိုအကျိုးရှိစေနိုင် သလဲ ဆိုတာတွေဟာ လူမှုမီဒီယာသုံးသူတွေအတွက် စဉ်းစားဖို့လိုအပ်တဲ့ ကျင့်ဝတ်ဆိုင်ရာတွေပဲ ဖြစ်ပါ တယ်။ ဒီလို လူမှုမီဒီယာဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကြမှလည်း ကိုယ်တစ်ဦးတစ်ယောက် ကြောင့် အခြားသူတွေကို မထိခိုက်မနစ်နာစေဘဲ ကိုယ်လည်းအကျိုးရှိ အခြားသူတွေကိုလည်း အကျိုး ရှိစေမှာပါ။
လူမှုမီဒီယာဆိုင်ရာ သတိပြုစရာ
လူမှုမီဒီယာတွေဟာ ကိုယ်ဘယ်လိုအသုံးပြုသလဲဆိုတာအပေါ်မူတည်ပြီး အကောင်းအဆိုး ရလဒ် မတူညီနိုင်ပါဘူး။ ကိုယ်အသုံးချတဲ့ပုံစံ၊ နည်းလမ်း၊ ရည်ရွယ်ချက်၊ အပြုအမူတွေအလိုက် အကျိုးသက်ရောက်မှု အတိမ်အနက်လည်း မတူညီ နိုင်ပါဘူး။ အဲဒီအကျိုးသက်ရောက်မှုတွေထဲကမှ သတိပြုသင့်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ အချက် အချို့ကို ဖော်ပြလိုပါတယ်။
၁။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ မလုံခြုံ
ခြင်း
လူမှုမီဒီယာအသုံးပြုသူတွေဟာ အများအားဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေ တင်တတ် ကြပါတယ်။ ဒီလိုတင်လိုက်တဲ့အတွက် အခြား ဒုစရိုက်တွေလိုပဲ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် တွေကို အတုအယောင်လုပ်တာ၊ ခိုးယူခံရတာ၊ မျှဝေ ခံရတာ၊ အသုံးချခံရတာ စတဲ့အန္တရာယ်တွေ ရှိနေပါ တယ်။ “အင်တာနက်ဟာ ဘယ်တော့မှမမေ့ဘူး” (the internet never forgets) ဆိုတဲ့ စကားလိုပဲ လူမှုမီဒီယာပေါ်မှာ အသုံးပြုလိုက်တဲ့ ကိုယ့်ရဲ့ အချက်အလက်တွေ၊ အကြိုက်တွေ၊ စိတ်ဝင်စား တာတွေ၊ အပြုအမူတွေနဲ့ ရှာဖွေမှုတွေကို လူမှု မီဒီယာတွေမှာရှိတဲ့ အသိဉာဏ်တုတွေက မှတ်သား ထားပြီး အသုံးချတာ၊ မျှဝေတာတွေကြောင့် လူတစ်ဦးချင်းစီရဲ့လုံခြုံမှုဟာ ကျိုးပေါက်သွား ပါတယ်။
၂။ ဒုတိယအချက်ကတော့ လူမှုမီဒီယာတွေဟာ
လူတွေကို စွဲလမ်းစေခြင်းပါ
လူမှုမီဒီယာတွေကို လူတွေစွဲလမ်းလာစေဖို့ အတွက် တစ်ဦးချင်းစီရဲ့အကြိုက်တွေကို မှတ်သား ထားပြီး သူ့ရဲ့အကြိုက်နဲ့အညီ သတင်းတွေ၊ ပုံတွေ၊ အချက်အလက်တွေ၊ ဗီဒီယိုတွေကို ရှာဖွေပြီး မျှဝေ ပေးနေပါတယ်။ ဥပမာ လူတစ်ဦးက ဘောလုံးပွဲ ကြိုက်တယ်၊ ဘောလုံးပွဲပို့စ်တွေကို ခဏခဏ ကြည့်တယ်ဆိုရင် AI တွေက မှတ်သားထားပြီး ဘောလုံးပွဲနဲ့ပတ်သက်တာတွေကို အဲဒီလူဆီကို ရှာဖွေပေးနေခြင်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အကြိုက်အလိုက် ရှာဖွေပေးနေတာမို့ လူမှုမီဒီယာ တွေအပေါ် လူတွေ ပိုပြီးစွဲလမ်းလာစေပါတယ်။
၃။ လူမှုမီဒီယာတွေကို လူတွေစွဲလမ်းလာတဲ့
နောက်မှာတော့ အချိန်ကုန်ဆုံးခြင်းနဲ့ လုပ်အား
ဆုံးရှုံးစေခြင်းတွေ ဖြစ်စေပါတယ်
လုပ်အားဆုံးရှုံးတဲ့အထဲမှာ ကျောင်းသားက ကျောင်းသားအလုပ်ဖြစ်တဲ့ စာမကြည့်တာ၊ မလေ့ လာတာ၊ စိတ်မဝင်စားတာတွေလို လုပ်ငန်းခွင်မှာ ဆိုလည်း လုပ်အားဆုံးရှုံးတာ၊ ထုတ်လုပ်မှု စွမ်းအား တွေကျဆင်းတာ၊ လုပ်ငန်းအရှုံးပေါ်စေတာ စတဲ့ အပျက်သဘော အကျိုးသက်ရောက်မှုတွေ ဖြစ်စေ ပါတယ်။
၄။ အချို့အခြေအနေမှာဆိုရင် လူတချို့မှာ အမှတ်
တမဲ့ဖြစ်တတ်ကြတာက တကယ့်အစစ်အမှန်
ကမ္ဘာကြီးကိုမေ့သွားပြီး လူမှုမီဒီယာတွေကို
အစစ်အမှန် ကမ္ဘာကြီးလို ထင်မြင်လာခြင်း
ဖြစ်ပါတယ်။ M စာမျက်နှာ ၁၈ မှ
လူမှုမီဒီယာတွေဟာ သူတို့ရဲ့ဘဝအစိတ်အပိုင်း တစ်ခုလို အားကိုးလာခြင်းပါပဲ။ လူမှုမီဒီယာကို တကယ့်ကမ္ဘာလိုထင်လာတဲ့အခါ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်လာတဲ့နောက် အထီးကျန် ဆန်လာပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။
၅။ လူမှုမီဒီယာတွေက လူတွေရဲ့စိတ်ခံစားချက်ကို
နှိုးဆွပေးခြင်းဖြစ်ပါတယ်
လူမှုမီဒီယာတွေက လူတွေရဲ့အကြိုက်အလိုက် ဖြည့်ဆည်းပေးနေပါတယ်။ အချိုကြိုက်သူအတွက် အချို၊ အခါးကြိုက်သူအတွက် အခါး၊ အငန်ကြိုက်သူ အတွက် အငန်၊ အချဉ်ကြိုက်သူအတွက် အချဉ်၊ အစပ် ကြိုက်သူအတွက် အစပ်ဆိုတာတွေ ဖြည့်ဆည်း ပေးနေတာကြောင့်မို့ ကိုယ်သုံးနေတဲ့လူမှုမီဒီယာ တွေက ကိုယ့်ရဲ့စိတ်ခံစားမှုကို ပိုမိုမြင့်တက်နေစေ တာ ဖြစ်ပါတယ်။ အဲဒီလို လူတွေရဲ့စိတ်ခံစားမှုကို မြင့်တက်စေတာကြောင့် လူမှုမီဒီယာတွေကို နိုင်ငံ ရေးလို နေရာတွေမှာ လက်နက်တစ်ခုအနေနဲ့ အသုံး ချလာကြတာ တွေ့ရပါတယ်။
၆။ နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့ ဆိုက်ဘာ
အနိုင်ကျင့်မှုပဲဖြစ်ပါတယ်
လူမှုမီဒီယာဆိုတာ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး သုံးနေကြတာ ဖြစ်ပါတယ်။ အပြင်မှာ လူချင်းတွေ့ရတာလိုမဟုတ်ဘဲ လူမှုမီဒီယာ အပေါ်မှာသာ တွေ့ကြရတာဖြစ်လို့ တစ်ဦး အကြောင်းတစ်ဦး ခရေစေ့တွင်းကျသိဖို့ ခက်ခဲပါ တယ်။ အဲဒီလိုလူပေါင်းစုံနေတဲ့နေရာမှာ ဆိုက်ဘာ အနိုင်ကျင့်မှုတွေကို ဖြစ်စေပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့သူတွေ၊ အတွေ့အကြုံနည်းပါးသူတွေ အတွက် ဆိုက်ဘာအနိုင်ကျင့်မှုရဲ့ သားကောင်ဖြစ် သွားတတ်ကြပါတယ်။
၇။ ထပ်ပြီးသတိထားသင့်တာကတော့ သတင်း
အမှား/အမှန် ရောထွေးနေတတ်ခြင်း ဖြစ်ပါတယ်
လူမှုမီဒီယာတွေမှာ သတင်းအချက်အလက် တွေ အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန်သွားနေတာ မို့ သတင်းအမှန်တွေပါသလို အမှားတွေလည်း ပါလာတတ်ပါတယ်။ ကိုယ်ကျိုးစီးပွားရှာကြတဲ့ သူတွေက ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေ တင်ကြသလို အချို့ကလည်း ရည်ရွယ်ချက်မရှိဘဲ သတင်းအမှားတွေ တင်ကြ၊ ရှယ်ကြ လုပ်မိတတ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းအမှားတွေ လူမှု မီဒီယာပေါ်မှာ ပျံ့နှံ့လာတာကြောင့် ဆက်စပ်နေသူ တွေကို စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အထိတ်တလန့် ဖြစ်စေတတ်ပါတယ်။
၈။ ကျန်းမာရေးထိခိုက်မှုဖြစ်ပါတယ်။ လူမှုမီဒီယာ
က သုံးတတ်ရင် အသုံးတည့်တဲ့ နည်းလမ်းနဲ့
နည်းပညာတွေပါ
ဒါပေမဲ့ လူမှုမီဒီယာတွေကို အလွန်အကျွံ အသုံးပြုတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေပါ တယ်။ ကျန်းမာရေးထဲမှာ ရုပ်ပိုင်းရော စိတ်ပိုင်း ဆိုင်ရာတွေ ပါပါတယ်။ အချိန်အကန့်အသတ်နဲ့ သုံးတာဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ညီအောင်အသုံးပြုတဲ့ နည်းလမ်းနဲ့ဖြစ်ဖြစ် အသုံးမပြုကြဘူးဆိုရင် အချိန် ကြာလာတာနဲ့အမျှ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာ ရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
အကျိုးရှိစေဖို့
လူမှုမီဒီယာဟာ သုံးတတ်ရင်ဆေး၊ မသုံးတတ် ရင် ဘေး ဆိုတဲ့ စကားလိုပါပဲ။ “ဆေး” အဖြစ်ကနေ “ဘေး” အဖြစ်ကို ပြောင်းလဲသွားစေတာက အကျိုး ရှိရှိသုံးတတ်ခြင်း၊ မသုံးတတ်ခြင်းနဲ့ ဆိုင်ပါတယ်။ နည်းပညာခေတ်ကြီးမှာ တိုးတက်လာတဲ့ နည်းပညာ ပစ္စည်းတွေ၊ နည်းလမ်းတွေနဲ့ လူသားတွေဆိုတာ ရှေ့ဆက် ယှဉ်တွဲရှိနေကြဦးမှာပါ။ ဒီနည်းပညာ လောကကြီးမှာ ငါဘယ်လိုရှင်သန်ရပ်တည်မလဲဆို တဲ့ မေးခွန်းလို လူမှုမီဒီယာတွေကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုမလဲဆိုတာကလည်း လိုအပ်တဲ့ မေးခွန်းတစ်ခုလို့ ထင်ပါတယ်။ ဒီတော့ ကိုယ့်အတွက် လည်းအကျိုးရှိ၊ အများအတွက်လည်း အကျိုးရှိစေ ဖို့ဆိုရင် လူမှုမီဒီယာဆိုင်ရာ အန္တရာယ်တွေကို သတိထားရှောင်ရှားကြရမှာပဲ ဖြစ်ပါတယ်။
ကိုးကား
၁။ https://datareportal.com/social-media-users
- Log in to post comments