
နေပြည်တော် ဒီဇင်ဘာ ၁၄
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြော ကြားသည်။
အစည်းအဝေးသို့ ကော်မတီ ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစာရင်းစစ်ချုပ်၊ တာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြ သည်။
လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအရေးပါ
အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ပထမဆုံး ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ဆင်းရဲမှု လျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ် ကြောင်း။
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း အစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် “လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ”ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာ အမှတ်(၁၄/၂၀၂၁)ဖြင့် ကော်မတီဝင် (၁၂) ဦးနှင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။
လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် “လုပ်ငန်းကော်မတီ” ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။
၂၀၁၄ ခုနှစ်ကတည်းက အတည်ပြုထုတ်ပြန်ခဲ့ သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ မဟာဗျူဟာစီမံချက်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုကို ပြန်လည်သုံးသပ် ကြည့်ပါက တိုးတက်မှုများရှိသည်ကို တွေ့ရမည် ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်နေသေးသည့် အကြောင်းအရာများကိုလည်း တွေ့ရကြောင်း၊ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း မျှော်လင့်မထားဘဲ ကြုံတွေ့ရသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ ပေးရေးအစီအစဉ်များ၏ အကောင်အထည်ဖော်မှု ပုံစံများကိုလည်း ပြောင်းလဲဆောင်ရွက်ခဲ့ရကြောင်း။
သင်ခန်းစာဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲ
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏ အရေးပါမှုကို ပိုမိုသတိထားမိလာကြ ကြောင်း၊ မိမိတို့ကော်မတီများအနေဖြင့် အနာဂတ် တွင် အလားတူ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးများနှင့် ကြုံတွေ့လာနိုင်ပါက ပိုမိုကောင်းမွန်စွာ ချက်ချင်း တုံ့ပြန်နိုင်ရေးအတွက် ယခုတွေ့ကြုံနေရသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေအပေါ် သင်ခန်းစာဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲဆောင်ရွက် သွားရမည့် လုပ်ငန်းများနှင့် အစီအမံများကို ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။
လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲ မှု သတင်းအချက်အလက်စနစ် (Social Mana-gement Information System-SMIS)”ကို စတင် တည်ဆောက်နေပြီဟု သိရကြောင်း၊ ထိုအရာသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အရေးပါသည့် တိုးတက်ဖြစ်ထွန်းမှုတစ်ခုလည်း ဖြစ်ကြောင်း၊ “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက် စနစ်” တည်ဆောက်ပြီးသည့်အခါ အဆိုပါစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့နိုင် ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
အခက်အခဲများ များစွာတွေ့ကြုံရနိုင်
ထပ်မံမြင်တွေ့ခဲ့ရသည့် တိုးတက်ဖြစ်ထွန်းမှု အနေဖြင့် ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာ၌ “Electronic Cash Transfer နည်းလမ်း” ကို အသုံးပြုပြီး “ဧရာဝတီတိုင်းဒေသကြီး”နှင့် “ရှမ်းပြည်နယ်” တို့တွင် ဆက်လက်စမ်းသပ်ဆောင် ရွက်သွားမည်ဟု သိရကြောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ပြုလုပ်သည့်အခါ ကနဦးကာလ တွင် အခက်အခဲများ များစွာတွေ့ကြုံရနိုင်ပါကြောင်း၊ ယင်းအခက်အခဲများအပေါ် သင်ခန်းစာရယူကာ ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတွင် အောင်မြင်မှုများနှင့် တိုးတက်ဖြစ်ထွန်းမှုများသာမက အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိနေသည်ကို နားလည်သဘောပေါက်ထားရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေ သည့်ကာလတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်မှု အကန့်အသတ်ရှိသည်များ၊ မူလစီစဉ်ထားသည့် လုပ်ငန်းများကို ပြောင်းလဲဆောင်ရွက်ရသည်များနှင့် အခြားသော ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေမှု အခြေအနေများနှင့် ဆက်စပ်သည့် အခက်အခဲများ ကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း။
ရန်ပုံငွေရရှိရေးသည် စိန်ခေါ်မှုဖြစ်လာနိုင်
ထို့ပြင် လက်ရှိအကောင်အထည်ဖော်ဆဲ “ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ” နှင့် “ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားရန်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ” အတွက် ရေရှည်ရန်ပုံငွေရရှိရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည့်အတွက် “ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ”တစ်ရပ်ကို ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဟာ ဗျူဟာတစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေ ဖြင့် စတင်ဆောင်ရွက်နေပြီဟု သိရှိရကြောင်း။
ဥပဒေ(မူကြမ်း)ပြီးစီးရေး
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်များ ရေရှည် တည်တံ့ရေးအတွက် ဥပဒေပိုင်းဆိုင်ရာကျောထောက် နောက်ခံပြုထားနိုင်ရန် ပိုမိုအရေးကြီးကြောင်း၊ ထို့အတွက် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ် အတွင်း လူမှုရေးအထောက်အပံ့ဆိုင်ရာ ဥပဒေ (မူကြမ်း)ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားစေလို ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ သည် နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)”တွင် ပါဝင်သည့် အဓိကလုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွား အခက်အခဲ များကို တာဝန်ယူဖြေရှင်းပေးရမည်ဆိုသည့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသူ နိုင်ငံသားများအကြားရှိ ကတိကဝတ်တစ်ခုအတွက် လက်တွေ့ဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်ကြောင်း။
ထိရောက်စွာဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း
မိမိတို့ မြန်မာ့သမိုင်းကို ပြန်ကြည့်ပါက ပုဂံခေတ် မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက် ၍ ကျန်စစ်သားမင်းကြီး၏ ရွှေစည်းခုံဘုရား ကျောက်စာပါ “ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာကိုပေးအံ့၊ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့အား နှစ်သိမ့် ပါအံ့”ဆိုသည့် စာသားသည် ယနေ့ခေတ် မြန်မာ့လူမှု ကာကွယ်စောင့်ရှောက်ရေး၏ ရှေ့ပြေးမူဝါဒဖြစ်ပါ ကြောင်း၊ ထို့ကြောင့် “လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်း” များသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိ စေသည့် လုပ်ငန်းဖြစ်သည်ကြောင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပေါင်းစပ် ညှိနှိုင်းရေးနှင့် ရန်ပုံငွေရရှိရေးကိစ္စရပ်များတွင် ဝန်ကြီးဌာနများအကြား၊ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်ရန် တိုက်တွန်းပြောကြားလိုကြောင်း။
ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူ များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် အကြံပြုချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေ လိုကြောင်း ပြောကြားသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်က ဆောင်ရွက် လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဒေါ်စန်းစန်းအေးက လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ တိုးချဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားရန်ရှိသည့် လုပ်ငန်းများ ကို ရှင်းလင်းတင်ပြကြသည်။
ထောက်ပံ့ပေးနိုင်မှုအခြေအနေများ ဆွေးနွေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ထောက်ပံ့ပေးနိုင်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်း အဝေး (၁/၂၀၂၁)၏ ဆုံးဖြတ်ချက်မူကြမ်းများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်