လူမှုစီးပွားဘဝ သာယာဝပြောရေးအတွက် မြန်မာ့တက္ကသိုလ်များ

Type
77

 

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
 

 

(ယမန်နေ့မှ အဆက်) 


အမျိုးသားရေးတာဝန်ကိုထမ်းဆောင်နေသူ 
ဆရာများ


တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်သူ ပါမောက္ခ မှသည်၊ ဆရာ၊ ဆရာမများဟာ လူထုလိုအပ်ချက်၊ စက်ရုံတွေလိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ဖြည့်ဆည်း သွားကြရမှာဖြစ်ပါတယ်။    တက္ကသိုလ်တည်ရှိရာ ဒေသ   လူ့အဖွဲ့အစည်းအတွက်   အမှန်တကယ် လိုအပ်တဲ့ လူသားကျွမ်းကျင်မှု  အရည်အသွေးတွေ၊ ကျွမ်းကျင်မှုအမယ်စုံကို မွေးထုတ်ပေးကြရမှာဖြစ် ပါတယ်။ ဒီလိုဆိုရင် တက္ကသိုလ်ကောလိပ်တစ်ခုဟာ သူရှိနေတဲ့ဒေသမှာ     နိုင်ငံတော်ရဲ့ရတနာပါပဲ။ စိန်ကောင်းကျောက်ကောင်း တစ်ပွင့်ပါပဲ။ 
မြစ်ကြီးနားတက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ် ရဲ့ပတ်ဝန်းကျင်ဟာ     ကွဲလွဲချက်ရှိနိုင်ပါတယ်။ မြစ်ကြီးနားတက္ကသိုလ်ဟာ မြန်မာနိုင်ငံမြောက်ဖျား ရေခဲတောင်များနဲ့   အဖိုးတန် သစ်ခွ၊  အဖိုးတန် ကျောက်များကို  ကိုယ်စားပြုသလို  မော်လမြိုင် တက္ကသိုလ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသကြီးကို ကိုယ်စားပြုနေပါတယ်။ နိုင်ငံတစ်နံတစ်လျားမှာရှိတဲ့ တက္ကသိုလ်တွေဟာ ပညာရေး၊ စိုက်ပျိုးရေး၊ စီးပွား ရေး၊ သိပ္ပံနဲ့နည်းပညာ၊  ဆေး၊  တပ်မတော်စတဲ့ ကဏ္ဍကြီးတွေကို   အခြေပြုတာဖြစ်တဲ့အတွက် ကိုယ်အားသန်ရာ           ကိုယ့်အရည်အချင်းအရ  လက်လှမ်းမီစွာ  တက်ခွင့်ရှိနေတာမို့  ကြိုဆိုနေ ပါတယ်။ ကိုယ့်အမြင် ကိုယ့်အတွေးနဲ့ ရွေးချယ်ပြီး ပညာသင်ယူရုံသာရှိပါတယ်။

 


မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာရှိနေတဲ့ ကျောင်း (သို့မဟုတ်) တက္ကသိုလ်က ဆရာဟာ မိမိရောက်နေ တဲ့ဒေသရဲ့        သင်ကြားသင်ယူမှုဝန်းကျင်ကို ကောင်းမွန်အောင်၊  လူအများစုသင်ယူလေ့လာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်တဲ့အထိ      မျှော်မှန်းပြီး ဆောင်ရွက်ဖို့၊      အတွေးအခေါ်အယူအဆတွေ ပြောင်းလဲကောင်းပြောင်းလဲပါမယ်။ နည်းစနစ်တွေ ပြောင်းလဲကောင်းပြောင်းလဲမယ်။    ကျွမ်းကျင်မှု အတတ်ပညာတွေ မြှင့်တင်ရတာ ရှိကောင်းရှိမယ်။ မည်သို့ပင်ဖြစ်စေ အဲဒီလုပ်ငန်းစဉ်တွေရဲ့ ဗဟိုချက်မ ဟာ ဆရာပါပဲ။  

 


ဒီတော့ ဆရာဟာ အလွန်အားထုတ်ပေးရမယ့် နေရာမှာရောက်ရှိနေပါတယ်။ ဆရာရဲ့ ပညာအရည် အသွေး သဘောထားအမြော်အမြင် မြင့်မားမှုဟာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။    မည်ကဲ့သို့သော လုပ်ငန်းစဉ်ချချ ဆန့်ကျင်ဘက်ချဉ်းကပ်နည်းတွေ ဟာ ရှိစမြဲပါ။ ပညာသင်ကြားမှု တစ်ခုလုံးရဲ့ ဗဟို ချက်မဟာ ကျောင်းသား ကျောင်းသူ လူငယ်တွေ၊ ဆည်းပူးနေလိုသူတွေ အလုပ်ခွင်က ဝန်ထမ်းတွေပဲ။ ဘာကြောင့်လဲ       အနာဂတ်ရဲ့မျိုးဆက်တွေမို့ အသက်ကြီးငယ်မရွေး    အကျုံးဝင်နေပါတယ်။ ဒီမျှော်မှန်းချက်တွေရဖို့ ပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာတော့  ဗဟိုချက်မ က ဆရာဖြစ်ပါတယ်။ 
တက္ကသိုလ်များက   လူ့အဖွဲ့အစည်းအတွက် ပညာတတ်မြောက်မှု၊ ကျွမ်းကျင်မှုနဲ့ ဖန်တီးနိုင်မှု တွေမှာ မြင့်မားနိုင်သမျှမြင့်မားအောင်၊ ပြည့်စုံနိုင် သမျှပြည့်စုံအောင်  ဖန်တီးပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒေသအလိုက် တည်ရှိနေတဲ့တက္ကသိုလ် တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ ဆရာမ အပေါင်းနဲ့ ဒေသတွင်းက ကျောင်းသား ကျောင်းသူ အပေါင်းဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင် နေသူတွေ  ဖြစ်တယ်လို့ပြောရမှာ  ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒေသတွင်း လူငယ်လူလတ်တွေ ရဲ့ ကျွမ်းကျင်မှု၊ ထိုသူတွေရဲ့  အရည်အသွေးဟာ ထိုဒေသရဲ့      ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးလို့ပါပဲ။     ဒီလိုဦးတည်ချက်ရှိရှိ ကြိုးပမ်းနေမှုဟာ  အဲဒီတက္ကသိုလ်ရဲ့ အဆင့်တစ်ခု ပဲဖြစ်ပါတယ်။ 

 


တက္ကသိုလ်တစ်ခုနှင့်တစ်ခု တူစရာမလို

 


သဘာဝဝန်းကျင်ကိုကြည့်ရင်    အရင်းအမြစ် ကိုယ်၌ကိုယ်က    ဆက်သွယ်ပေါင်းစည်းမှုတစ်ရပ် ဖြစ်ပါတယ်။  သီးခြားစီမဟုတ်ဘဲ   အခြေခံကျတဲ့ အရင်းအမြစ်တွေဟာ အမျိုးစုံ အမယ်စုံ ဆက်စပ် ယှက်နွှယ်နေတာကို        တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်  တက္ကသိုလ်တွေဟာ  ဝိဇ္ဇာ သိပ္ပံပဲဖြစ်စေ၊ နည်းပညာတက္ကသိုလ်ပဲဖြစ်စေ၊  နေရာဒေသကို အကြောင်း ပြုရင် တစ်ခုနဲ့တစ်ခု တူညီစရာမလိုတော့ ပါဘူး။ ဥပမာ မော်လမြိုင်၊ မြိတ်၊ ထားဝယ်နဲ့ စစ်တွေ တက္ကသိုလ်တွေမှာ        အဏ္ဏဝါသိပ္ပံမဟာဌာန ထူထောင်ကြရမှာဖြစ်တယ်။ မော်လမြိုင် တက္ကသိုလ် လိုပဲ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိ တဲ့ တက္ကသိုလ်တွေမှာ  ဖွဲ့စည်းတဲ့မဟာဌာန အမျိုး  အစားတွေဟာ       တောင်တန်းဒေသတွေမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ မဟာဌာနအမျိုးအစားတွေနဲ့တူနေဖို့ဆိုတာ      သဘောသဘာဝအရမဖြစ်နိုင်၊   တက္ကသိုလ်တစ်ခုနဲ့တစ်ခု တူစရာမလိုဘူးဆိုတာ ထင်ရှားပါတယ်။ သို့သော် ချင်းပြည်နယ်၊ ကယား ပြည်နယ်နဲ့       မကွေးတိုင်းဒေသကြီးတွေက ကျောင်းသူ   ကျောင်းသားတွေဟာ  အဏ္ဏဝါဇီဝ (Marine biology)၊    ပင်လယ်ရေကြောင်းပညာရပ် တွေ  သင်ယူလိုပါက  ပင်လယ်ကမ်းရိုးတန်းဒေသ တက္ကသိုလ်တွေကိုတက်ရောက်နိုင်ဖို့  သတ်မှတ် ချက်မီဖို့ ကြိုးစားရပါလိမ့်မယ်။

 


ကချင်၊ ကရင် ၊ ကယား၊ ချင်းနဲ့ ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာရှိတဲ့ တက္ကသိုလ်တွေကလည်းတိုင်းရင်း သား စာပေ၊ ဂီတ၊ယဉ်ကျေးမှုနဲ့ ဒေသအလိုက်ရှိနေတဲ့ ကျောက်သံပတ္တမြား၊ ရေမြေ တောတောင်ကထွက် ရှိတဲ့  စိုက်ပျိုးသီးနှံအထိ၊  ရိုးရာနည်းပညာမှသည် လက်ငင်းအကျိုးဖြစ်ထွန်းမယ့်     အလားအလာ အကောင်းဆုံးသော   စက်မှုစိုက်ပျိုးအရင်းအမြစ် ဆီကို  တွန်းပို့ပေးနိုင်မယ့် တက္ကသိုလ်တွေအဖြစ် ပြောင်းလဲကြရမှာဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုနဲ့ တစ်ခုတူညီနေတာဟာ  ဆရာ ဆရာမတွေ  အရွှေ့ အပြောင်း    ရာထူးတိုးမြှင့်ရေးနဲ့   အရည်အသွေး မြင့်မားရေးအထိ     အခက်အခဲဖြစ်စေပါတယ်။ ဒေသတစ်ခုမှာရှိတဲ့  တက္ကသိုလ်မှာ ဆရာ ဆရာမ ခန့်ထားရေးဟာလည်း    အဆင့်မြင့်ပညာဦးစီးမှာ အခက်အခဲ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ သို့သော် တက္ကသိုလ်တိုင်းမှာတော့    မဟာဌာနကြီး (Faculty) လေးခုအနည်းဆုံးရှိမှ တက္ကသိုလ်မည်မှာဖြစ်ပါတယ်။    
 တက္ကသိုလ်တွေမှာ      မဟာဌာနကြီးတွေ တည်ထောင်သင့်တဲ့      ရည်ရွယ်ချက်ကတော့ သင်ကြားမှု၊ သင်ယူမှုနဲ့ ဒေသရဲ့လိုအပ်တဲ့ သုတေ သနတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆည်းပူး ဆောင်ရွက်ဖို့ပါပဲ။ ဒါ့အပြင် နိုင်ငံတစ်နံတစ်လျားမှာ ဒေသလိုအပ်ချက်ကို အလျင်အမြန်  ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

 


မုန်တိုင်း အန္တရာယ် ကာကွယ်နိုင်ဖို့


မြန်မာနိုင်ငံမှာ မုန်တိုင်းတွေဟာ ရခိုင်ကမ်းရိုးတန်းမြို့ကြီးတွေကို   ဝင်ရောက်တိုက်ခတ်လေ့ရှိ ခြင်း၊ မြန်မာ့ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ တဲ့ မုန်တိုင်းကြီးတွေရဲ့ ၉၇ ရာခိုင်နှုန်းခန့်ဟာ ရခိုင် ကမ်းရိုးတန်းကို ကျရောက်ခဲ့ခြင်း၊  မိုးမကျမီ ဧပြီနဲ့ မေလ  မိုးနှောင်း  အောက်တိုဘာနဲ့  နိုဝင်ဘာလမှာ  ဝင်ရောက်ခြင်း၊ ဒီကာလတွေမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဒေသရှိ  ပြည်သူတွေ၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ နေကြ တဲ့ ပြည်သူတွေ၊  တာဝန်ရှိသူတွေဟာ ရင်တမမနဲ့    စိုးရိမ်ပူပင်လျက်ရှိကြရပါတယ်။ မုန်တိုင်းအန္တရာယ် က    ဘယ်လိုကာကွယ်နိုင်မလဲ၊    ကာကွယ်နိုင်ဖို့ စုပေါင်းသုတေသနပြု၊ အကောင်အထည်ဖော်ရမယ့် တာဝန်ကြီးဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာပြီး ကြိုတင်ကာကွယ်မှုတွေကို ဆောင်ရွက်ကြရပါမယ်။

 


မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ -  


l    စစ်တွေတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မြိတ် တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ မော်လမြိုင်  တက္ကသိုလ် သုတေသီတို့က နက်နက်ရှိုင်း ရှိုင်း ဆောင်ရွက်ကြရလိမ့်မယ်။

 


l    ဒီလိုလုပ်ဆောင်ရာမှာ တက္ကသိုလ်တွေမှာ မိုးလေဝသ     တိုင်းတာရေးစခန်း    တည် ထောင်ရပါမယ်။  တက္ကသိုလ်တွေမှာရှိတဲ့ University Research Centre တွေနဲ့ ပူးတွဲ ထားရပါမယ်။ 

 


l    တက္ကသိုလ်တွေမှာတည်ထောင်ခဲ့တဲ့ Com- munity Development Centre တွေနဲ့ ချိတ်ထားရပါမယ်။ 
l    ရူပဗေဒ၊  ဓာတုဗေဒ၊   ပထဝီဝင်ဌာနမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေ က မိုးလေဝသဆိုင်ရာ အချက်အလက်တွေ ကို တိုင်းတာခြင်း၊ မိုးဇလဗေဒဦးစီးဌာနနဲ့ ပူးတွဲလုပ်ဆောင်လေ့လာခြင်း၊ သုတေသန ပြုခြင်းတို့ကို    စဉ်ဆက်မပြတ်ပြုလုပ်ပြီး မှတ်တမ်းတွေ ပြုစုလေ့လာနေရပါလိမ့်မယ်။ 

 


ကမ်းရိုးတန်းဒေသမှာရှိတဲ့  တက္ကသိုလ်တွေ ကတော့ လေပြင်းမုန်တိုင်းနဲ့စပ်လျဉ်းတဲ့ အချက် အလက်တွေကို အလေးထားတိုင်းတာခြင်း၊ မုန်တိုင်း မကျရောက်မီ  ကာကွယ်နိုင်တဲ့  နည်းလမ်းတွေ ဖော်ထုတ်ကြရပါမယ်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်နဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်တို့ကလည်း       သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး၊  ပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးရေး တို့အတွက် မျိုးဆက်သစ်သုတေသီများကို မွေးထုတ် ပေးရပါလိမ့်မယ်။ ဒီလိုဆိုရင် တက္ကသိုလ်ပညာနဲ့ လူ့အဖွဲ့အစည်းဟာ   အပြန်အလှန်အကျိုးပြု၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ တစ်သားတည်းဖြစ်လာမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ကောလိပ်တွေနဲ့    ကထိကတွေ ပါမောက္ခတွေနဲ့ မဟာဌာနမှူးတွေက မျိုးဆက်သစ် လူငယ်တွေအပေါ်မှာ ထားတဲ့စေတနာဟာ  အလုပ် တစ်ခုခုရရှိသွားစေဖို့လောက် မျှော်မှန်းချက် မဟုတ် ဘဲ သူတို့ကို တီထွင်ဖန်တီးဆန်းသစ်နိုင်တဲ့ စီးပွား ရေးသို့ ပြောင်းလဲသွားအောင်၊ ဒေသအသီးသီးရဲ့ ပလက်ဖောင်းသစ်ပေါ်သို့    တင်ပို့ပေးရမှာဖြစ်ပါ တယ်။ ဒီလို ထူထောင်ခြင်းအားဖြင့် ဒေသအလိုက် မြင့်မားတဲ့  လူ့စွမ်းအားအရင်းအမြစ်တွေ ဆထက် ထမ်းပိုး ပေါ်လာမှာဖြစ်ပါတယ်။ ဥပမာတစ်ခု အနေ နဲ့တင်ပြရရင်  တိုးတက်နေပါပြီဆိုတဲ့ စင်ကာပူဟာ မြင့်မားတဲ့ နည်းပညာမှာ အိန္ဒိယကို   မပြိုင်နိုင်၊ Software Hardware ပိုင်းမှာ ဟောင်ကောင်ကို မပြိုင်နိုင် ဘူးလို့ဆိုပါတယ်။ ဒါကြောင့် စင်ကာပူဟာ ခရီး သွားလာခြင်းလုပ်ငန်းနဲ့     ပညာရေးကိုလှည့်ခဲ့ရ ပါတယ်။ အချက်အချာကျတယ်ဆိုတဲ့  ဆိပ်ကမ်းကို လည်း   လက်မလွှတ်ဘဲ  စင်ကာပူတစ်ယောက်ဟာ နိုင်ငံခြားခရီးသွား ၁၀ ယောက်ကိုမျှော်လင့်ပြီး ပညာ ရေးကိုလည်းပြောင်း၊ စီးပွားရေးစနစ်ကိုလည်းပြုပြင် ခဲ့ခြင်းဖြင့် စင်ကာပူဟာ စီးပွားရေးကျဆင်းသွားခြင်း မရှိတာကို တွေ့ရပါတယ်။   

 


ဥပမာတစ်ခု တင်ပြရရင် ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံမြောက်ဖျား     ဆီးနှင်းတွေဖုံးအုပ်တဲ့ တောင်တန်းကြီးနဲ့  စိမ်းလန်းစိုပြည်တဲ့သစ်တော ကြီးက စီးဆင်းတဲ့ရေဟာ အကောင်းဆုံးပဲ။ ကမ္ဘာက ကြိုက်နှစ်သက်လောက်တဲ့  (Mineral water) သဘာဝဓာတ်တွေပါဝင်တဲ့ရေ ဖြစ်ပါတယ်။ ရေသန့် စက်ရုံမလိုလောက်အောင်    ကောင်းတဲ့ရေဖြစ်ပါ တယ်။  ရေသန့်ကို   မြစ်ကြီးနားအထက်မှာထုတ်၊ တရုတ်ယူနန်  ဘက်ပို့၊ ဧရာဝတီ မြစ်ကြောအတိုင်း နိုင်ငံအလယ်ပိုင်းကိုပို့ရင် စီးပွားဖြစ်ပြီပဲ။ သစ်သီး ဝလံတွေဟာလည်း  လတ်ဆတ်၊  ပွင့်တဲ့ပန်းမန်တွေ ကလည်း    အမျိုးစုံတဲ့အပြင်     သစ်ခွတွေကလည်း ထူးခြားတဲ့ ဂုဏ်အင်တွေရှိ၊ စီးပွားဖြစ်မယ့်လုပ်ငန်း တွေရဲ့လိုအပ်ချက်ဖြစ်တဲ့      သုတေသနတွေကို မြစ်ကြီးနားတက္ကသိုလ်က    ဖြည့်ဆည်းပေးရလိမ့် မယ်။ 

 


ပညာလွှမ်းမိုးတဲ့ တက္ကသိုလ်မြို့တော်


ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား တို့ဟာ ပညာရေးလွှမ်းမိုးတဲ့ တက္ကသိုလ်မြို့တော် ဖြစ်ဖို့အထိ မျှော်မှန်းချက်ရှိခဲ့ပါတယ်။ မြို့ကြီးပြကြီး တွေဟာ   ဥပမာတစ်ခုအနေနဲ့  နှိုင်းယှဉ်ပြရရင် အောက်စဖို့ဒ်၊ ကင်းဘရစ်ကဲ့သို့ ပညာရေးမြို့ကြီးဖြစ် ဖို့၊ တက္ကသိုလ်စီးတီး (University Town) ဖြစ်ဖို့အထိ ပညာရေးက အားထုတ်ရပါမယ်။ တက္ကသိုလ်တွေဟာ ဒေသအသီးသီးအတွက် ကြီးမားတဲ့အရင်းအမြစ်ပဲ ဖြစ်ပါတယ်။  ပညာရေးဟာ  နိုင်ငံနဲ့  လူမျိုးရှင်သန်မှု ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့ဘောင်ရဲ့ ညီညွတ်မှု တည်ငြိမ် အေးချမ်းမှုရဲ့အရင်းခံလည်းဖြစ်ပါတယ်။ ဒီခေတ်မှာ    နိုင်ငံနဲ့လူမျိုးရဲ့   အသက်ဝိညာဉ်ဟာ   ပညာရေးပဲ။    ပညာဟာ သုံးလို့မကုန်နိုင်လောက်တဲ့  သယံဇာတ ဖြစ်တယ်ဆိုတာ ပိုပြီးနားလည်လာကြပါတယ်။

 


အခြေခံပညာမှသည်     အဆင့်မြင့်အထိပြုပြင် ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ်၊ ကြည့်ရှုပြုပြင်၊ မြော်မြင်ကြံဆကာ နိုင်ငံခေါင်းဆောင်၊ နိုင်ငံအကြီး အကဲတွေကအစ ပညာရေးဝန်ထမ်းတွေ  အားထုတ် နေတာကို    တွေ့မြင်ရပါတယ်။    ပညာရေးဖွံ့ဖြိုး တိုးတက်လာရာမှာ  “သမင်မွေးရင်းကျားစားရင်း” 
မဖြစ်ဖို့ မြော်မြင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ချောတိုင်တက်သလို ပန်းတိုင်ရောက်ခါနီးမှ ပြန်ကျ ရတဲ့ အဖြစ်ကဲ့သို့မဖြစ်ဖို့ ပညာဆည်းပူးသူ လူငယ် တွေမှ လူကြီးတွေတိုင် သတိ၊ ပညာ၊ ဉာဏ်မြေ ကတုတ်ဖြင့် ကာကွယ်တားဆီးနေကြရမှာ ဖြစ် ပါတယ်။

 


အခုအချိန်အခါမှာ ဆရာ၊ ကျောင်းသား၊ ပညာ ရေးဝန်ထမ်းတွေဟာ ကျောင်းဖွင့်ဖို့ အားထုတ်နေတဲ့ ကာလ၊    အရှိန်အဟုန်      လန်းလန်းဆန်းဆန်းနဲ့ ပညာရေးပတ်ဝန်းကျင်ကောင်းမှာ မိမိတို့ရဲ့ လက်ရှိ အင်အားကို   အပြည့်အဝသုံးကာ  နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ပညာရေးခရီးကို ဆက်ရမှာဖြစ်ပါ တယ်။ ကျွမ်းကျင်မှုအခြေပြု ပညာရပ်တွေ၊ လူမှု ဘဝမှာ ကြုံတွေ့ရတတ်တဲ့ ဥပဒေပြုဆိုင်ရာတွေမှာ လည်း လေ့လာဆည်းပူးကြရလိမ့်မယ်။ အိမ်တွင်းမှု စီးပွားရေးပညာတွေ၊ အဆင့်မြင့် စီးပွားရေးအတတ် ပညာတွေ၊ ဘဏ်လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေ မှာ   ခေတ်မီနည်းပညာတွေသုံးပြီး  အလုပ်လုပ်နိုင် အောင် တက္ကသိုလ်၊ ကောလိပ်တွေမှာ ပညာပြီးဆုံးအောင်သင်ယူကြရလိမ့်မယ်။ ဆရာ၊ ကျောင်းသား၊ မိဘပြည်သူတွေကလည်း    ယုံကြည်မှုအပြည့်နဲ့ ရှေ့သို့ ချီတက်ကြရလိမ့်မယ်။
ကောင်းပါပြီ။ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင် ပါတယ်။

 


l     ပညာစီးပွားခေတ်မှာ ကျောင်းသားလူငယ် တွေ   စာမသင် ပညာမသင်လို့ကတော့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဆိုတာ ပြောဖွယ်ရာ မလိုတော့ပြီ။

 


l     တက္ကသိုလ်တည်ရှိရာဒေသ   လူမှုဘဝ သာယာဝပြောတဲ့  အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်တဲ့   ကျွမ်းကျင်မှု အရည်အသွေးတွေကို    မွေးထုတ်ပေး ကြရမှာဖြစ်ပါတယ်။ တကယ့်ကို မြင့်မြင့် မားမားပညာတတ်မှ၊ ဖန်တီးမှုရှိတဲ့ လူ့စွမ်း အားအရင်းအမြစ်တွေကသာ ဆက်လက် ရှင်သန်၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွား ဖြစ်ထွန်း မှု၊   လူ့ဘောင်ရဲ့ညီညွတ်မှုနဲ့   တည်ငြိမ် အေးချမ်းမှုကို ရှေးရှုနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။