
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
v မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကုန်ထုတ် လုပ်မှု၊ မြေပေါ်မြေအောက် သယံဇာတထုတ် လုပ်မှု၊ သယံဇာတမျိုးစုံကို တန်ဖိုးမြှင့် မလုပ် နိုင်သေးဘဲ ထုခွဲရောင်းချရတဲ့အပေါ် ယနေ့အထိ မူတည်နေဆဲ ဖြစ်ပါတယ်။
v ပညာစီးပွားခေတ်မှာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာ့ဒေသ အသီးသီးဟာ စိန်ခေါ်မှု အပေါင်းကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လူတန်းစား အလွှာ အသီးသီးထဲက တစ်ဦးချင်း တစ်ယောက်ချင်း စီပင် အားထုတ်နေကြရလိမ့်မယ်။
အကြောင်းရင်းတွေကတော့−
l ကျွမ်းကျင်လူစွမ်းအားအရင်းအမြစ် ရှားပါးခြင်း၊
l စီမံခန့်ခွဲကြီးကြပ်မှုစွမ်းရည်မှာလည်း အကန့် အသတ်ရှိနေခြင်း၊ အစိုးရရုံးအဖွဲ့အစည်းများမှာ ပင် စီမံခန့်ခွဲနိုင်စွမ်းအား နည်းနေခြင်းတို့ဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ မပေးနိုင်ခြင်း၊
l စိုက်ပျိုးရေးမှာပင် နည်းပညာမြင့် ကျွမ်းကျင် လုပ်သား ရှားပါးနေခြင်းကြောင့် အရည်အသွေးမီ သီးနှံထွက်မှုမှာ နိမ့်ကျလျက်ရှိနေသေးခြင်း။
မြန်မာ့ပညာရေး မျှော်မှန်းချက်
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၂ သန်း၊ ၀ ဒသမ ၈၉ ရာခိုင်နှုန်းနဲ့ နှစ်စဉ်တိုးတက်နေပါတယ်။ ၅၂ ရာခိုင်နှုန်းသော လယ်ယာလုပ်သားက တိုင်းပြည်ရဲ့ ဂျီဒီပီ ၃၆ ရာခိုင်နှုန်းကို ထုတ်ပေးနေပါတယ်။ မြန်မာ့ စီးပွားရေးဟာ စိုက်ပျိုးရေးအပေါ်မှာ အကြီးအကျယ် အမှီပြုနေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပန်းတိုင် ကတော့ ၂၀၃၀ ပြည့်နှစ်မှာ ဝင်ငွေ အလယ်အလတ် မြင့်တဲ့နိုင်ငံဖြစ်ဖို့ တစ်နိုင်ငံလုံးက ဆောင်ရွက်ကြရ ပါမယ်။ ၂၁ ရာစုနှစ်ထဲကို ချင်းနင်းဝင်ရောက်လာတဲ့ အခါ မြန်မာ့ပညာရေး နှစ် ၃၀ မျှော်မှန်းချက် စီမံ ကိန်းကြီးကို ရေးဆွဲခဲ့ရာမှာ အလွန်တရာကြီးမားတဲ့ ပန်းချီကားချပ်ကြီးတစ်ချပ်သဖွယ် ဖြစ်ခဲ့ပါတယ်။ ပညာရေးနဲ့လူ့အဖွဲ့အစည်း၊ အပြန်အလှန်အကျိုးပြု၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်ရေး အားထုတ်ခဲ့ကြပါ တယ်။
“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတာ ပညာရေး ရဲ့ပန်းတိုင်၊ မြန်မာ့ပညာရေး မျှော်မှန်းချက်က “မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ် မှုကို ရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းစေရန်” ဖြစ်ပါတယ်။ အသိပညာ၊ အတတ်ပညာ ပိုင်ဆိုင်မှ ၂၁ ရာစုမှာ ဝင်ဆံ့နိုင်မယ်။ ရပ်တည်နိုင်မယ်၊ ရှင်သန်ကြီးထွား နိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီအတွက် ကျောင်း တွေ၊ တက္ကသိုလ်တွေဟာ ဖွင့်လှစ်ထားတာဖြစ်ပါ တယ်။ ဒါကြောင့် ၂၁ ရာစုနှစ်မှာ မြန်မာ့တက္ကသိုလ် တွေဟာ ကြီးမားတဲ့တာဝန်တွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရှေးယခင်ကဆိုရင် မြေယာပိုင်ဆိုင်မှု၊ ငွေကြေး ပိုင်ဆိုင်မှုတွေဟာ ဓနဥစ္စာတွေဖြစ်ခဲ့ပါတယ်။ ၂၁ ရာစုမှာ ဒီမျှပိုင်ဆိုင်ရုံနဲ့ မလုံလောက်တော့ဘဲ ပညာ ပိုင်ဆိုင်မှုကို လှည့်ခဲ့ပါတယ်။ ယနေ့ လူ့အဖွဲ့အစည်း ဟာ ပညာကို ဗဟိုပြုပါတယ်။ ကျောင်းနဲ့ ကျောင်းသား ကို ဗဟိုပြုပါတယ်။ အဓိပ္ပာယ်က ပြည်သူတစ်ရပ်လုံး ဟာ ကျောင်းကို၊ တက္ကသိုလ်တွေကို အားထားပါ တယ်။ မြန်မာနိုင်ငံအတွက်ကတော့ အမြဲတမ်း သင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် ပညာရေးစနစ်မှာ တည်ဆောက်ရမယ်လို့ “မြန်မာ့ ပညာရေး မျှော်မှန်းချက်” ကျောက်တိုင်ကို အခြေခံ ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ကျောက်တိုင်စိုက် ပြီး ပညာရေးယန္တရားကို မောင်းနှင်နေပါတယ်။
ပညာရေးဟာ အခြေခံပဲဖြစ်ဖြစ်၊ အဆင့်မြင့် ကဏ္ဍမှာပဲဖြစ်ဖြစ် တစ်မျိုးသားလုံးအတွက် ရည်မှန်းတာ ဖြစ်ပါတယ်။ မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားနဲ့ အစဉ်လေ့လာသင်ယူနေတဲ့ မြန်မာ့ လူ့ဘောင် (Life Long Learning Society) မှာ ပါဝင်သူမှန်သမျှဟာ ပညာရေးရဲ့ဗဟိုချက်မပါပဲ။
ပြည်သူတွေကလည်း မျှော်လင့်ချက်ကြီးမားစွာနဲ့ ကျောင်းကိုပို့၊ တက္ကသိုလ်ကို ပို့ကြတာဖြစ်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေက မျိုးဆက်သစ် လူငယ် ထုရဲ့ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှုနဲ့ သူတို့ရဲ့ အနာဂတ် မျှော်မှန်းချက်တွေ၊ နိုင်ငံရဲ့ မျှော်မှန်းချက်တွေကို ပြည့်မီအောင် အဓိကအခန်း ကဏ္ဍက တာဝန်ယူနေသူဟာ ဆရာများ၊ ကထိကနဲ့ ပါမောက္ခများပဲ။ ပြောင်းလဲလာတဲ့ တောင်းဆိုမှုတွေ အရ တက္ကသိုလ်တွေက ပါမောက္ခ၊ မဟာဌာနမှူးများ ရဲ့ တာဝန်တွေဟာ ပို၍ကြီးမားလာပါတယ်။
သင်ကြားရေး သုတေသနနဲ့ ထပ်ဆင့်တီထွင်မှု (Innovation) တွေကို ပိုပြီးဦးစားပေး လုပ်လာကြ ရပါတယ်။ ယနေ့အချိန်အခါမှာဆိုရင် ပညာရေး ဝန်ကြီးဌာနအောက်မှာပဲ တက္ကသိုလ်၊ ကောလိပ် ပေါင်းဟာ ၈၄ ခုအထိ ကြီးထွားလာတော့ အဆင့်မြင့် ပညာအနေနဲ့ ပညာရေးလွှမ်းခြုံမှုဟာ အားရစရာ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။ တက္ကသိုလ်များ ဟာ ဓနဥစ္စာရအောင် ရှာဖွေနိုင်တဲ့ ဗိမာန်တွေဖြစ်နေ ပါပြီ။ ပြည်သူလူထု၊ မိဘနဲ့ဆရာ၊ ကျောင်းသား အပေါင်းက ဒီပညာရေးယန္တရားကြီး လည်ပတ်နေ အောင် မောင်းနှင်ဖို့လိုပါတယ်။ ဓားဟာ သွေးနေမှ ထက်ပါတယ်။ မဟုတ်ရင် သံချေးတက်၊ သုံးမရဖြစ်ပါ တယ်။ ရိုးရိုးလေးပဲစဉ်းစား၊ ဂဏန်းမသင် လာဘ် မမြင်၊ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်ပါ တယ်။ ဘွဲ့တစ်ခုရထားပြီဆိုရင်ပဲ မိသားစုတစ်ခု ဟာ ဂုဏ်ရှိပါတယ်။
ဥရောပ၊ အမေရိကန်၊ ဂျပန်လူမျိုးတို့ဟာ ကျောင်းတက်တာ၊ တက္ကသိုလ်ပညာသင်တာ စဉ်းစားဆင်ခြင်နိုင်ဖို့၊ အမြော်အမြင်ရှိဖို့၊ ကျွမ်းကျင်မှု အဖုံဖုံရှိဖို့ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းဖြစ်ဖို့၊ အစိုးရ အလုပ်လုပ်ဖို့ တစ်မျိုးတည်း စဉ်းစားတာမဟုတ်၊၊ ပုဂ္ဂလိက လုပ်ငန်းတွေထူထောင်နိုင်ဖို့ အထူးသဖြင့် တက္ကသိုလ်တွေက ပညာသင်ပေးတာ ဖြစ်ပါတယ်။ တက္ကသိုလ်က ပညာသင်ပေးတာတွေဟာလည်း ပြည့်စုံမှု မရှိဘူးလို့ ယူဆတဲ့ လူငယ်တွေဟာလည်း ကိုယ်တိုင်သင်ယူ (Self-study) လုပ်ရင်း မိမိတို့ရဲ့ ကုမ္ပဏီတွေ၊ ဥပဒေနဲ့အညီ တည်ထောင်သွားကြတာ ဖြစ်ပါတယ်။
မြန်မာ့တက္ကသိုလ်တွေဟာ ပြည်သူရဲ့ ဘဏ္ဍာ နဲ့ ရပ်တည်လျက်ရှိတဲ့ အစိုးရတက္ကသိုလ်များ ဖြစ်ပါ တယ်။ အစိုးရထောက်ပံ့မှုဆိုတာ ပြည်သူရဲ့ဘဏ္ဍာပဲ ဖြစ်ပါတယ်။ တကယ်ပဲ တက္ကသိုလ်တွေမှာ စာအုပ် စာတမ်း၊ ပစ္စည်းကိရိယာတွေဟာ နိုင်ငံတော်နဲ့ မိဘ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေနဲ့ ဖြည့်ဆည်းခဲ့တာ ဟာ မြန်မာတက္ကသိုလ်များအတွက် ရာခိုင်နှုန်းပြည့် ဖြစ်ချင်မှဖြစ်ဦးမယ်။ သို့သော် ၂၀ ရာစု နှစ်စလောက် နဲ့ နှိုင်းကြည့်ရင် ယနေ့အချိန်အခါဟာ များစွာ တောင့်တင်းပြီလို့ ပြောနိုင်ပါတယ်။ ပညာသင်ယူ လို စိတ်၊ ပညာတတ်လိုစိတ် ရှိဖို့ပါပဲ။ တက္ကသိုလ်မှာ ပေးသွင်းရတဲ့ ကျောင်းလခဟာလည်း ကမ္ဘာမှာတော့ အနည်းဆုံးလောက်ဖြစ်ပါတယ်။ ယခုအချိန်ထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကတက္ကသိုလ်ဆိုတာ မပေါ် ပေါက်သေးပါဘူး။ တက္ကသိုလ်အဆင့် သတ်မှတ်ချက် တွေအရ မြန်မာ့တက္ကသိုလ်များဟာ အဆင့် (Ranking) ၈၀၀၀ နီးပါးမှာရှိပါတယ်။ အဆင့် ၁၀၀ အတွင်း ရှိတဲ့ တက္ကသိုလ်တွေ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း သူ့ရဲ့ တက္ကသိုလ် ၁၀၀ ကို ကမ္ဘာ့အဆင့်မီအောင် ကြိုးပမ်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ၂၀ ရာစု နှောင်းပိုင်းလောက်မှာ တရုတ်သိပ္ပံနဲ့ နည်းပညာရှင် ပေါင်းဟာ သန်းနှစ်ဆယ်ကျော်ထိ ရှိလာတော့ အရှေ့တောင်အာရှကို လွှမ်းလာတာတွေ့ရပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ်ဟာ အာရှမှာ အဆင့် မြင့်တဲ့ တက္ကသိုလ်အဖြစ်ရပ်တည်တာ တွေ့ရပါ တယ်။ ကျောင်းလခစရိတ်ဟာ သိန်းရာကျော်၊ ထောင်နီးပါးရှိပါတယ်။ မိမိသားသမီးကျောင်းပို့ဖို့ မိဘတွေဟာ အလုပ်တအား လုပ်ကြပါတယ်။ နိုင်ငံ တကာမှာ အဆင့်မြင့်မားရေးဟာ တစ်ပိုင်း၊ မိမိ နိုင်ငံမှာ ဒေသအလိုက်တည်ရှိနေတဲ့ တက္ကသိုလ် တွေဟာ ဒေသရဲ့လိုအပ်ချက်ကို အမြင့်ဆုံးထင်ဟပ် စေဖို့ကိစ္စဟာ အဓိကဖြစ်ပါတယ်။ တက္ကသိုလ်တွေက ကိုယ့်ဒေသပတ်ဝန်းကျင်ရဲ့ ကြွယ်ဝမှုတွေကို လေ့လာဖော်ထုတ်ပြီး ကိုယ့်ဒေသကို ချစ်မြတ်နိုးတဲ့၊ ဒေသ လိုအင်တွေကို အလျင်အမြန်ဖြည့်ဆည်းမယ့် ဘွဲ့ရတွေကို မွေးထုတ်ရမှာ ဖြစ်ပါတယ်။ ထူးချွန် ထက်မြက်သူ လူငယ်များကို ဘွဲ့လွန်တန်းတွေကို တက်ဖို့ အားပေးရမှာဖြစ်ပါတယ်။ ကျွမ်းကျင်မှုကို ရရှိမယ့် သင်ယူမှုကို တိုးမြှင့်ရပါလိမ့်မယ်။ ဒီနေ့ထိ မြန်မာ့မြေပေါ်မှာ ကြွယ်ဝမှုမျိုးစုံဟာ တစ်ပုံ တစ်ခေါင်းကြီးရှိနေပါတယ်။ တက္ကသိုလ်တွေက ဒေသအသီးသီးမှာ ရှိနေတော့ လက်တကမ်းမှာရှိတဲ့ တောထဲတောင်ထဲမှာရှိတဲ့ ကြွယ်ဝမှုကို အလျင် အမြန် ဖော်ထုတ်ကြပြီး တိုင်းပြည်ရဲ့ချမ်းသာ ကြွယ်ဝမှုကို ကျားကုတ်ကျားခဲ ထူထောင်ကြရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ဘဏ္ဍာ၊ ပြည်သူရဲ့ ဘဏ္ဍာကို အားထားပြီး အဆင့်မြင့်ပညာရပ်တွေကို မြန်မာ့ တက္ကသိုလ်များက ပို့ချကြပါတယ်။ ဆရာ ဆရာမ တွေရဲ့သင်ပုံ၊ သုတေသနပြုပုံတွေဟာ နိုင်ငံတကာနဲ့ နှိုင်းစာရင် အလွန်မမြင့်ဘူးလို့လည်း ပြောကြပါ တယ်။ အရည်အသွေး ရာနှုန်းပြည့်ရှိချင်မှ ရှိမယ်။ ဆရာများ ထံမှ သင်ယူစရာတွေဟာ မကုန်မခန်းနိုင် စရာတွေ ရှိပါတယ်။ ဒါကြောင့် မြင့်မားတဲ့အသိပညာ၊ အတတ်ပညာ လိုချင်ရင် အစိုးရတက္ကသိုလ်များမှာပဲ ရှိတယ်လို့ ပြောတာဖြစ်ပါတယ်။
တက္ကသိုလ်ဟာ တည်ရှိရာ ဒေသရဲ့ အရင်းအနှီး
တက္ကသိုလ်များ တည်ရှိရာဒေသ နိုင်ငံရဲ့ အနောက်ဘက်ပိုင်း၊ တောင်ဘက်ပိုင်းမှာရှိတဲ့ တက္ကသိုလ်တွေဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ ရေ၊ မြေ၊ သား၊ ငါး ပေါကြွယ်ဝတဲ့၊ မိုးများတဲ့ ဒေသတွေ မှာ ရှိကြပါတယ်။ ဒီတက္ကသိုလ်တွေက ပင်လယ် ကမ်းရိုးတန်းရဲ့ကြွယ်ဝမှု၊ တချို့ဒေသတွေမှာဆိုရင် ကမ်းလွန်ဒေသ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို နားလည်အောင် သုတေသနပြုကြရမယ်။ တီထွင် ဆန်းသစ်မှု၊ ထပ်ဆင့်တန်ဖိုးမြင့် သုတေသနတွေကို လုပ်ကြရင်း အဲဒီဒေသမှာပဲ အလုပ်လုပ်မယ့် ဘွဲ့ရ တွေ ပြောင်မြောက်တဲ့ သုတေသီတွေ မွေးထုတ်ပေး ရမှာ ဖြစ်ပါတယ်။
မြစ်ကြီးနားတက္ကသိုလ်ဟာ ကချင်ပြည်နယ်ရဲ့ ကြွယ်ဝမှုကို နက်နက်နဲနဲ နားလည်ပြီး လူထုကို လွှဲပြောင်းပေးနိုင်ရင် ကချင်ပြည်နယ်မှာ မြစ်ကြီးနား တက္ကသိုလ်ရှိနေခြင်းဟာ အဓိပ္ပာယ်ပိုပြီး ရှိလာမှာ ဖြစ်ပါတယ်။ စီးပွားဖြစ်မယ့် လုပ်ငန်းတွေရဲ့ လိုအပ် ချက်ဖြစ်တဲ့ သုတေသနတွေကို မြစ်ကြီးနား တက္ကသိုလ်က ဖြည့်ဆည်းပေးရလိမ့်မယ်။ အဲဒီလို ဆိုရင် မြစ်ကြီးနားတက္ကသိုလ်ဟာ ကချင်ပြည်နယ် လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်ပဲ။ ဒီလူ့အဖွဲ့အစည်း ဟာလည်း မြစ်ကြီးနားတက္ကသိုလ်ရဲ့ အရင်းအမြစ် ဖြစ်ပြီမို့ တက္ကသိုလ်နဲ့ လူ့အဖွဲ့အစည်းဟာ တစ်သား တည်း ဖြစ်လာမှာဖြစ်ပါတယ်။
သိပ္ပံနဲ့ နည်းပညာရှုထောင့်က ကြည့်ရင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ထုတ်မယ်ဆိုရင်လည်း ဂျပန်နည်းပညာ မျိုးရဖို့ မြစ်ကြီးနားတက္ကသိုလ် အပါအဝင် နည်း ပညာတက္ကသိုလ်တွေက တာဝန်တွေယူသင့်ပါတယ်။ ဧရာဝတီမြစ်ကို အကြောင်းပြုပြီး ရေအားလျှပ်စစ် ထုတ်ယူခြင်းဟာ ကချင်ပြည်နယ်အတွက် တိုးတက် ရာ လမ်းကြောင်းပဲလို့ သိပ္ပံနှင့်နည်းပညာရှုထောင့်က ပြောရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးက သိပ္ပံပညာဟာ ဥရောပမှာ ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသိပ္ပံ ပညာထွန်းကားဖို့ စဉ်းစားတွေးခေါ်မှု အရင်းအမြစ် အားလုံးဟာ နိုင်းမြစ်ဝှမ်း၊ ယူဖရေးတီးစ်၊ တီးဂရစ်၊ ဂင်္ဂါ၊ ဧရာဝတီ၊ မဲခေါင်၊ တရုတ်ပြည်ထဲက မြစ်ဝှမ်း တွေမှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မြစ်ဝှမ်း တွေက စီးဆင်းလာခဲ့တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လောကနီတိတွေ၊ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှု ရှိခဲ့ ကြတာဖြစ်တယ်။ သိပ္ပံနဲ့ နည်းပညာတိုးတက်မှု ကိုယ်၌ကိုက လူနေမှုအဆင့်အတန်း မြင့်မားစေဖို့ ညီညွတ်မျှတစေဖို့ အခွင့်အလမ်းတွေ ပါဝင်ပါတယ်။ ဒါတွေကို အကောင်းဘက်ဆွဲယူပြီး လူသားအတွက် သုံးစွဲနိုင်မယ်ဆိုရင် သိပ္ပံနဲ့နည်းပညာတိုးတက်မှုကို လူသားအားလုံးက ကြိုဆိုရမှာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ တက္ကသိုလ်တွေဟာ ဧရာဝတီမြစ်ကို အကြောင်း ပြုပြီး ဓာတုဗေဒရှုထောင့်ကသာမက ကြွယ်ဝမှုအဖုံဖုံ ကို စူးစမ်းလေ့လာခြင်း၊ သုတေသနပြုခြင်း၊ သင်ကြားခြင်းလုပ်ကြရင် ဒီတက္ကသိုလ်တွေက ဝန်ဆောင်ပေးနိုင်ခြင်းဟာ အဲဒီတက္ကသိုလ်ရဲ့ အဆင့် (Ranking) တွေပဲ ဖြစ်ပါတယ်။ ဒီတက္ကသိုလ်ဟာ ဒေသရဲ့ အရင်းအနှီး (Investment) ကို မွေးဖွားပေး တာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဖွဲ့စည်းထားတဲ့ တက္ကသိုလ်အစုအဖွဲ့ (Cluster Universities) တွေဟာ နိုင်ငံရဲ့ အရင်းအနှီးကို ထပ်ဆင့် ပေါက်ဖွားပေးနိုင်မှာ ဖြစ်ပါတယ်။
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ် တစ်ဝိုက်က တက္ကသိုလ်တွေ၊ ထားဝယ်တက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်တို့အနေနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ထူးချွန်ပြောင်မြောက်တဲ့ သုတေသီတွေကို မွေးထုတ်ပေးနိုင်မှ လူထုရဲ့ လူမှု စီးပွားဘဝ သာယာဝပြောမှာ ဖြစ်ပါတယ်။ ဒီလိုပဲ စိုက်ပျိုးရေးအားကောင်းတဲ့ဒေသ၊ ခရီးသွားလာခြင်း လုပ်ငန်း (Tourism) အားကောင်းတဲ့ ကိုယ်စားပြုနေ တဲ့ တက္ကသိုလ်တွေဟာလည်း သူ့နေရာနဲ့သူ တည်ရှိ နေပြီ ဖြစ်ပါတယ်။ ဘယ်ဒေသမဆို ဒေသအသီးသီး မှာ တည်ရှိတဲ့ တက္ကသိုလ်တွေဟာ ကြွယ်ဝမှုအဖုံဖုံကို ဖော်ထုတ်နိုင်တဲ့ အလားအလာတွေ ရှိနေပြီဖြစ်ပါ တယ်။ အချို့ဒေသတွေမှာ သမိုင်းကြောင်းတွေ၊ စာပေယဉ်ကျေးမှု ထွန်းကား ကြွယ်ဝမှုတွေ ထူးထူး ခြားခြားရှိပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments