
စစ်တွေ နိုဝင်ဘာ ၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို နိုဝင် ဘာ ၁ ရက်က စစ်တွေမြို့ အစိုးရ နည်းပညာအထက်တန်းကျောင်း သင်တန်း ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က ယခုကဲ့သို့ လူမှုစီးပွားဘဝ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ် ပေးခြင်းသည် လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက် အောင်မြင်ကြစေရန် ရည်ရွယ်ချက် ကောင်းများဖြင့် အခြေခံအပ်ချုပ်စက် သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပေးသည့် အခြေခံသင်ခန်းစာ များကို စိတ်ဝင်စားစွာ လေ့လာသင်ယူပြီး တတ်မြောက်လာသော အခြေခံစက်ချုပ် ပညာရပ်များမှတစ်ဆင့် လုပ်ငန်းခွင်ဝင် နိုင်သည့် အဆင့်ဖြစ်အောင် လေ့ကျင့် ကြိုးစားသင်ယူကြရန် သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြွယ်က အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ် ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်လျက်ရှိပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမများက စာတွေ့လက်တွေ့ တစ်လကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)