
မေရတနာ
တသွင်သွင်စီးဆင်းနေသော ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက် တစ်ဖက် တစ်ချက်စီတွင် ယာဉ်ယန္တရားများဖြင့် ဧရာဝတီတံတား(သရက်-အောင်လံ) တည် ဆောက်ရေးလုပ်ငန်းခွင်သည် လှုပ်ရှားသက်ဝင်နေသည်။ နေ့ဆိုင်း၊ ညဆိုင်း တာဝန် များ အလှည့်ကျထမ်းဆောင်ရင်း နေ့ညမပြတ် တည်ဆောက်ရေးလုပ်ငန်းများ လည်ပတ်ကာ တံတားပြီးစီးရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာနမှ ဝန်ထမ်းများသည် ကြိုးပမ်းဆောင်ရွက်နေကြသည်။
အချိန်မကုန်တော့
သရက် - အောင်လံသားများအနေ ဖြင့် တံတားကြီးပြီးစီး၍ အသုံးပြုနိုင်သည့် အခါ ပြည်သူများ၏ နေ့စဉ် လူမှုစီးပွား ဘဝ လှုပ်ရှားမှုများသည် အချိန်မကုန် တော့ဘဲ လွယ်လင့်တကူ ဆက်သွယ် သွားလာနိုင်ဖို့ မျှော်လင့်နေကြခြင်း ဖြစ်သည်။
“မြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဖွံ့ဖြိုးမှုကို တူညီစေဖို့ဆိုတာ တံတားရှိ မှပါ။ ကျွန်တော်က သရက်မြို့သားပါ။ စားဝတ်နေရေးအတွက် သရက်-အောင်လံဆိုတာ ဥဒဟို ကူးသန်းနေရတာ ပါ။ အောင်လံမှာ အလုပ်ကိစ္စရှိရင် အောင်လံဘက်မှာ အလုပ်အတွက် သွားဖို့လာဖို့ ဆိုင်ကယ်လည်း လိုတယ်။ သရက်ဘက်ကမ်းကနေ လူအပြင် ဆိုင်ကယ်ပါ မော်တော်ပေါ်တင်၊ ပြီးတော့ အောင်လံဘက်ကမ်းရောက်တော့ ပြန်ချ ပြီးမှ သုံးရတာ။ ဒီတော့ လူစီးခ၊ ဆိုင်ကယ်ခ အခကြေးငွေ ကုန်ကျမှုရှိ တယ်။ ဆိုင်ကယ်မပါဘူးဆိုရင် အောင်လံ ဘက်ကျ ကယ်ရီခ ထပ်ကုန်မှာဖြစ်တဲ့ အတွက် ဒုက္ခခံသယ်ရတာပါပဲ။ တံတား ကြီးပြီးသွားပြီဆိုရင်တော့ ကိုယ့်ဆိုင်ကယ် နဲ့ သွားချင်တဲ့အချိန်မှာ လွယ်လင့်တကူ အချိန်မကုန်ဘဲ သွားနိုင်တော့မယ်။ လူဆိုတာ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရမှာ ဖြစ်တဲ့အတွက် ဒီတံတားက အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ ဒါကြောင့် တံတားကြီး အမြန်ပြီးဖို့ မျှော်လင့်ပါတယ်” ဟု သရက်မြို့ခံ ဦးအောင်ကျော်ဦးက ပြော သည်။
ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေ အထား/သဘာဝအနေအထားအရ ဖွံ့ဖြိုး တိုးတက်မှုနှင့် ကွာခြားနေမှုကို လျှော့ချ ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု လျင်မြန် သွက်လက်စေရန်အတွက် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
နိုင်ငံအတွင်း လမ်းပန်းဆက်သွယ် မှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းများ အဆင့်မြှင့်တင်ခြင်း၊ လမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ လမ်းများနှင့်အတူ တံတား များအားလုံး တစ်ပြေးညီ တိုးတက် ကောင်းမွန်ရေးကို တံတားဦးစီးဌာန က ဆောင်ရွက်လျက်ရှိသည်။
၄၅ ရာခိုင်နှုန်း ပြီးစီး
ထိုကဲ့သို့ သွားလာဆက်သွယ် ရေး တိုးတက်ကောင်းမွန်လာမှုနှင့်အတူ မကွေးတိုင်းဒေသကြီး၏ ဒေသတွင်း လူမှုစီးပွားကို များစွာအထောက်အကူပြု စေမည့် တည်ဆောက်ဆဲ ဧရာဝတီ တံတား(သရက်-အောင်လံ) တည် ဆောက်ရေးစီမံကိန်းသည် ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်မှု၏ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
“ပြီးစီးတဲ့ လုပ်ငန်းတွေပြောရရင် ပင်မတံတားအုတ်မြစ်လုပ်ငန်းနဲ့ ကိုယ် ထည် လုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ပြီးစီး ပါပြီ။ သရက်ဘက်က ချဉ်းကပ်တံတား မီတာ ၃၀ စီ ပါဝင်တဲ့ ခန်းဖွင့် ၁၀ ခန်းမှာ ကိုးခန်းက ကြမ်းခင်းလုပ်ငန်းအထိ ဆောင်ရွက်ပြီးပါပြီ။ အောင်လံဘက်က တော့ မီတာ ၃၀ စီ ပါဝင်တဲ့ ချဉ်းကပ် တံတားရဲ့ ခန်းဖွင့် ခုနစ်ခန်း ကြမ်းခင်း လုပ်ငန်းအထိ ဆောင်ရွက်ပြီးပါပြီ။ ချဉ်းကပ်တံတားကို ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မတွေနဲ့ တည် ဆောက်ထားပါတယ်။ နှစ်ဖက်ချဉ်းကပ် တံတားတွေရဲ့ လက်ရန်းလုပ်ငန်းတွေ ကတော့ ကျန်ပါသေးတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃)မှ ညွှန်ကြားရေးမှူး ဦးဋ္ဌေးအောင်က ပြောကြားသည်။
စတင်ဆောင်ရွက်
အဆိုပါ တံတားတည်ဆောက်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် စီမံကိန်းဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တည် ဆောက်ရေးလုပ်ငန်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ချဉ်းကပ်တံတား အုတ်မြစ် နှင့် ကိုယ်ထည်လုပ်ငန်းများကိုလည်း ကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ချဉ်းကပ်တံတားအုတ်မြစ်၊ ကိုယ်ထည် နှင့် အပေါ်ထည်လုပ်ငန်းများကိုလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပင်မတံတား ရေလယ်တိုင် အုတ်မြစ် နှင့် ကိုယ်ထည်လုပ်ငန်းများကိုလည်း ကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) တွင် ပင်မတံတား ရေလယ်တိုင် အုတ်မြစ်နှင့် ကိုယ်ထည်လုပ်ငန်းများ ကိုလည်းကောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)က ဆောင် ရွက်ခဲ့ပြီးဖြစ်သည်။
၅၅ ရာခိုင်နှုန်း ကျန်
“တံတားကြီး ပြီးစီးဖို့က ရာခိုင်နှုန်းနဲ့ ပြောရင်တော့ ၅၅ ရာခိုင်နှုန်း ကျန်တယ်။ လုပ်ငန်းရပ်အနေနဲ့ ကျန်နေတာကို ပြောရရင်တော့ ပင်မတံတားသံပေါင် တပ်ဆင်တာ၊ ပင်မတံတား သံပေါင် ပေါ်မှာ ကားလမ်းကြမ်းခင်း ခင်းတာနဲ့ ချဉ်းကပ်တံတား နှစ်ဖက်ပေါ်မှာ လက်ရန်းတွေ တပ်ဆင်တာ စတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါကတော့ ကျန်တဲ့ လုပ်ငန်းအားလုံးဖြစ်ပြီးတော့ ရှေ့လာမယ့် ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကတော့ လျာထားပြီးဖြစ်ပါတယ်။ တံတား ပြီးစီး ပြီး ပြည်သူတွေ ဆက်သွယ်သွားလာမှု အဆင်ပြေစေဖို့အတွက် ကျန်နေသေးတဲ့ လုပ်ငန်းရပ်တွေကိုလည်း ဘဏ္ဍာငွေရရှိ မှုအရ အမြန်ဆုံး၊ အကောင်းဆုံးဖြစ် အောင် ကြိုးပမ်းသွားမှာပါ” ဟု တံတား တည်ဆောက်ရေးအဖွဲ့(၃)မှ ညွှန်ကြား ရေးမှူးက ပြောသည်။
တံတားဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ချဉ်းကပ် တံတားများ၏ လက်ရန်းများ ဆောင်ရွက် ခြင်း၊ ပင်မတံတားသံပေါင် တပ်ဆင် ခြင်း အပိုင်း သုံးပိုင်းမှ ပထမအပိုင်း ၏ သံပေါင်တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရုပ်လုံးပေါ်လာပြီ
“တံတား တည်ဆောက်မှုက တဖြည်းဖြည်းတော့ ရုပ်လုံးပေါ်လာပြီ။ တံတားပြီးသွားရင် အများသူငှာ ဧရာ ဝတီမြစ်ကို ဖြတ်သန်းသွားဖို့ မိနစ်ပိုင်းပဲ ကြာတော့မှာဆိုတဲ့စိတ်နဲ့ ဝမ်းသာပီတိ ဖြစ်ရတယ်။ ဒီလို မိနစ်ပိုင်းနဲ့ ကူးသန်း သွားလာနိုင်တဲ့အတွက် ပိုပြီးကောင်း လာတဲ့ ကိစ္စတွေပဲ ရှိလာမှာပါ။ ဒီနေရာ မှာ အပြုသဘောမဆောင်ဘဲ မော်တော်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့သူတွေ အခက် တွေ့မှာပေါ့လို့ ပြောကြသူတွေရှိမယ်။ ဒီလိုခက်ခဲသွားတာမျိုး ရှိနိုင်ပေမယ့် အများကောင်းကျိုးကို ပိုပြီးလိုလားတဲ့သူ တွေပဲ များမှာပါ” ဟု သရက်မြို့တွင် နေထိုင်သည့် ဦးအောင်မြတ်သူက ပြောသည်။
ဧရာဝတီတံတား (သရက်-အောင် လံ)သည် အရှည် ၂၂၇၂ ဒသမ ၅ မီတာ ရှိမည်ဖြစ်ပြီး တံတားအကျယ် ၁၀ ဒသမ ၅ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၉ ဒသမ ၅ မီတာ ရှိသည်။ တံတား၏ ခံနိုင်ဝန်သည် ၇၅ တန် ရှိမည်ဖြစ်သည်။ တံတား၏ ပင်မတံတား အရှည်သည် ၁၇၃၂ ဒသမ ၅ မီတာ ရှိမည်ဖြစ်ကာ သံပေါင်ခုံး တံတားအမျိုးအစားအဖြစ် မီတာအရှည် ၁၄၄ မီတာ ရှိသည့် ခန်းဖွင့် ၁၂ ခန်းဖြင့် တည်ဆောက်မည် ဖြစ်သည်။ တံတား၏ ရေလယ်တိုင် အုတ်မြစ်များကိုမူ သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် တည်ဆောက်ထား ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
ဧရာဝတီတံတား (သရက် - အောင်လံ) တည်ဆောက်မှုလုပ်ငန်းများ နှင့် စပ်လျဉ်း၍ တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့ (၃) မှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)က “တံတား တည်ဆောက်ရေးဆိုတာ အဖွဲ့လိုက် အင်နဲ့အားနဲ့ ဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီတံတားကြီး တည်ဆောက်ရာမှာ နေ့နဲ့ည အဆိုင်း အလိုက် တည်ဆောက်ရေးအပိုင်း၊ လျှပ်စစ်အပိုင်း၊ ယန္တရားအပိုင်း၊ ရေသန့် အပိုင်း စသည်ဖြင့် တာဝန်ယူဆောင်ရွက်ရ ပါတယ်။ တံတားတည်ဆောက်တဲ့အခါ အရည်အသွေးစစ်ဆေး ထိန်းသိမ်းမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု ဒါတွေကိုလည်း သတ်မှတ်ထားတဲ့ အတိုင်း ဆောင်ရွက်ရပါတယ်” ဟု ပြောပြသည်။
တံတားများ တည်ဆောက်ရာတွင် Quality Management System ဖြင့် အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ထားရှိကြောင်း တံတားဦးစီး ဌာနမှ သိရသည်။
အချုပ်အားဖြင့်ဆိုရလျှင် တံတား ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး အတွင်း ဧရာဝတီမြစ်ကူးတံတားများ အနေဖြင့် ဧရာဝတီတံတား(ပခုက္ကူ)၊ အနော်ရထာ တံတား(ချောက်)၊ ဧရာဝတီ တံတား(မကွေး)နှင့် ဧရာဝတီတံတား (မလွန်) တို့ကို တည်ဆောက်ပေးခဲ့ကာ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုနိုင်ခဲ့သည်။ ယခု တည်ဆောက်ဆဲဖြစ်သည့် ဧရာဝတီ တံတား(သရက်-အောင်လံ)သည် မကွေး တိုင်းဒေသကြီးအတွင်းမှ ငါးစင်းမြောက် ဧရာဝတီမြစ်ကူးတံတားဖြစ်ပြီး တံတား ကြီး ပြီးစီးသွားပါက ဒေသတွင်း လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။
- Log in to post comments