
မကွေး ဒီဇင်ဘာ ၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက မကွေးပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။
သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ၂၁ ရာစု ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်မည့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးရာတွင် ဆရာ ဆရာမများက အဓိကဦးဆောင်မှု အခန်းကဏ္ဍမှာသာမက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်လှပရေးတို့အတွက် အရည်အသွေးပြည့်ဝသည့် ဆရာ ဆရာမများအပေါ် မှာ မူတည်နေပါကြောင်း၊ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများ၏ အတုယူစရာ စံပြ ပုဂ္ဂိုလ်အဖြစ် ဆရာ ဆရာမ ကျင့်ဝတ်များနှင့်အညီ တာဝန်ကျရာ ဒေသများတွင် အမိပညာရေးကောလိပ်မှ သင်ကြားပေးလိုက်သော သင်ကြားမှုရလဒ်ကောင်း များဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာထား၍ သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူ များ ကိုယ့်လူမျိုးအကျိုးနှင့် ပြည်ထောင်စုအတွက် မှန်ကန်သော စိတ်ထားများ မွေးမြူလာနိုင်ရန် အားပေးကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ဒုတိယ ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက သင်တန်းသား သင်တန်းသူများအား နှုတ်ဆက်အမှာ စကားပြောကြားပြီး အလယ်တန်းပြ ဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိသော ဆရာ ဆရာမများ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း၊ မူလတန်းပြဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိ သော ဆရာ ဆရာမများကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ကလည်းကောင်း၊ အခြေခံ ဆရာ ဆရာမများ မွမ်းမံသင်တန်းပြီးမြောက် ကြောင်း လက်မှတ်များကို ဒုတိယကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုး ကလည်းကောင်း ချီးမြှင့်ပေးအပ် ကြသည်။
အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်း ဒေသကြီးအတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်း ကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ အထိ ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး လက်ထောက်အလယ်တန်းပြ ဆရာ ဆရာမ ၃၁ ဦး၊ လက်ထောက်မူလတန်းပြ ဆရာ ဆရာမ ၂၁၀ စုစုပေါင်း ဆရာ ဆရာမ ၂၄၁ ဦးအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မောင်ညီညာ