လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

Type

 

ခင်သန်းမြင့်

ကျွန်မတို့ဗုဒ္ဓဘာသာဝင်   မြန်မာလူမျိုးတွေဟာ မေတ္တာပို့သတဲ့အခါမှာ  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေအပြင် “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ အပိုဒ်လေးပါထည့်သွင်းပို့သလေ့ရှိပါတယ်။

ဘာကြောင့်     “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ”ရယ်လို့    ထည့်သွင်း  မေတ္တာပို့သ ရပါသလဲ။ ငယ်စဉ်ကတော့ သိပ်နားလည်သဘော မပေါက်ခဲ့ဘူး။        အသက်အရွယ်ရလာတော့မှ ရှုပ်ထွေးပွေလီလှတဲ့  လူ့လောကဇာတ်ခုံပေါ်မှာ လူ အချင်းချင်း လိမ်လည်လှည့်ပတ်မှုတွေ၊ မိမိအပြစ် တွေကို ဖုံးထားတဲ့မာယာ၊ ဂုဏ်မရှိ ဂုဏ်ရှိဟန် ဆောင်တဲ့ သာဌေယျတွေမျိုးစုံကြုံတွေ့ သိမြင်လာမှ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းနိုင်ရေးဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ         နားလည် သဘောပေါက်လာတော့တယ်။
အွန်လိုင်းအသုံးပြုလိမ်လည် လှည့်ပတ်မှုတွေ
မျက်မှောက်ခေတ်မှာဆို  လူအချင်းချင်းကြား မှာ   လိမ်လည်လှည့်ဖြားမှုတွေက   ပိုများလာတယ်။ လူချင်းဆုံတွေ့စရာမလိုတော့ဘူး။ အွန်လိုင်းပေါ် ကပဲ     လောင်းကစားမှုကအစ     လူကုန်ကူးမှုတွေ၊ သတင်းတု၊      သတင်းမှားတွေနဲ့     ကောလာဟလ ဖြန့်ဝေမှုတွေ၊       အယောင်ဆောင်ငွေကြေးအကျိုး အမြတ်ရှာဖွေမှုတွေအဆုံး     လိမ်လည်လှည့်ဖြားမှု မကောင်းမှုမျိုးစုံပါပဲ။  အွန်လိုင်းအသုံးပြုလိမ်လည် လှည့်ပတ်မှုတွေဟာ      နယ်စည်းမခြားတော့ဘူး။ တရားမဝင်      အွန်လိုင်းလောင်းကစားဂိမ်းတွေနဲ့ ငွေကြေးလိမ်လည်တဲ့ရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်မှတ် ကလည်း နိုင်ငံသားမရွေးတော့ဘူး။       အိမ်နီးချင်း နိုင်ငံသားအချို့သာမက   မြန်မာနိုင်ငံသား    အချို့ လည်း ထိခိုက်နစ်နာမှုတွေ ကြုံတွေ့လာခဲ့ကြရတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ 
လက်တွဲပူးပေါင်းတိုက်ဖျက်ရ
ဘယ်လောက်များ     ဆိုးရွားလာသလဲဆိုရင် နိုင်ငံတော်အစိုးရက  တရားမဝင်အွန်လိုင်း  လောင်း ကစားမှုတွေနဲ့ငွေကြေးလိမ်လည်မှုတွေကို  အိမ်နီးချင်း နိုင်ငံတွေနဲ့လက်တွဲပူးပေါင်း တိုက်ဖျက်ရတဲ့အထိပါ။ ပြီးခဲ့တဲ့  ဖေဖော်ဝါရီလ ၂၃ ရက်နေ့က  တရားမဝင် အွန်လိုင်း    လောင်းကစားဂိမ်းတွေနဲ့    ငွေကြေး လိမ်လည်တဲ့ ဂိုဏ်းဖွဲ့ပြုလုပ်သူ    ၆၈၉   ဦးကို တာချီလိတ်မြို့မှာ ဖမ်းဆီးရမိတဲ့  သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ တစ်ခါ ကုမ္ပဏီတစ်ခုအမည်နဲ့ အွန်လိုင်း     ချေးငွေလုပ်ငန်းကိုအကြောင်းပြပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု၊  ငွေကြေးအမြတ် ထုတ် ခြိမ်းခြောက်မှုတွေလုပ်ကိုင်နေတဲ့ တရားခံ ၁၃ ဦးကိုလည်း လက်ပ်တော့ပ် ၁၃၃ လုံး၊ ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ်   တစ်စီးနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ  ၂၂ ရက်နေ့အတွင်းက  ရန်ကုန်မြို့မှာ ဖမ်းဆီးရမိတယ်လို့ သိရှိရပြန်ပါတယ်။      ဒီအဖွဲ့ အစည်းက စုစုပေါင်း ၉၁ ဦးလောက်နဲ့   ဖွဲ့စည်းတဲ့ အွန်လိုင်းချေးငွေလုပ်ငန်းကို      အကြောင်းပြပြီး လိမ်လည်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ သက်ဆိုင်ရာက ဆိုပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်         ဗိုလ်ချုပ် ဇော်မင်းထွန်းက “ကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့     ကျွန်တော်တို့မြန်မာပြည်သူတွေရော၊   တခြားအိမ်နီးချင်းနိုင်ငံတွေရော      ထိခိုက်စေတဲ့ Online လောင်းကစားမှု၊ Online ငွေရေးကြေးရေးလိမ်လည်မှုတွေနဲ့ပတ်သက်ပြီး         သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့   တက်ကြွစွာပူးပေါင်းဆောင် ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ပိုပြီးဆိုးရွားတဲ့လိမ်လည်မှုတွေ
အွန်လိုင်းလိမ်လည်မှုတွေထက်   ပိုပြီးဆိုးရွားတဲ့လိမ်လည်မှုတွေလည်း ရှိပါသေးတယ်။ ဒါကတော့ ပြည်ဖျက်မီဒီယာတွေနဲ့   မသမာသူတွေက   လူမှု ကွန်ရက်ကတစ်ဆင့်  ရည်ရွယ်ချက်ရှိရှိ  ကောလာ ဟလ၊   သတင်းတု၊   သတင်းမှားတွေကို   ထုတ်လွှင့် နေမှုတွေပဲ ဖြစ်ပါတယ်။   သတင်းတု၊    သတင်း မှားတွေကြောင့်  မီဒီယာအဆိပ်သင့်ခံရသူအများစု ကတော့ အထူးသဖြင့် လူငယ်ထုပါ။ လတ်တလော ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်အာဏာတည် ခဲ့တဲ့         ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့စပ်လျဉ်းပြီး ပြည်သူလူထုအတွင်း     စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ် လာအောင်    အခြေအမြစ်မရှိ၊     မှန်ကန်မှုမရှိတဲ့ သတင်းတု၊    သတင်းမှား၊    ကောလာဟလတွေ ဆက်တိုက်ထုတ်လွှင့်ပြီး လူငယ်ထုတွေကို လမ်းမှား ရောက်အောင် တွန်းပို့လျက်ရှိပါတယ်။
အကြမ်းဖက်၊   ပြည်ဖျက်တို့က  မြန်မာနိုင်ငံ အတွင်း   စည်းလုံးညီညွတ်မှုပြိုကွဲစေရန်၊    တည်ငြိမ် အေးချမ်းမှုကင်းမဲ့စေရန်၊ ပြည်သူလူထုနဲ့ လူ့အဖွဲ့ အစည်းအတွင်း အကြောက်တရားနဲ့ စိုးရိမ်ထိတ်လန့် မှုတွေဖြစ်ပေါ်လာစေရန်       လူမှုကွန်ရက်ပေါ်က တစ်ဆင့်  ရည်ရွယ်ချက်ရှိရှိ  ဖန်တီးလုပ်ဆောင်နေ ခြင်းဖြစ်တဲ့အတွက်    ပြည်သူလူထုနဲ့    လူငယ်ထု အတွင်း မီဒီယာအဆိပ်သင့်မှုမခံရအောင် နိုင်ငံပိုင် မီဒီယာတွေကတစ်ဆင့်          အသိပညာပေးမှုတွေကို လုပ်ဆောင်နေရပါတယ်။ 
လိမ်ဖို့၊ ပတ်ဖို့ကိစ္စကို ဝန်မလေးကြတော့
ဒီဘက်ခေတ်မှာ     လူတွေဘယ်လောက်များ တရားလက်လွတ်ငှက်တောင်ကျွတ်ပြီး  တရားမဲ့ လာကြသလဲဆိုရင် လိမ်ဖို့၊ ပတ်ဖို့ကိစ္စကိုဝန်မလေးကြတော့ဘူး။   နိုင်ငံရေးလောကမှာဆိုရင်  ထမင်း စားရေသောက်ကိစ္စတစ်ခုလိုဖြစ်လာတယ်။ အထူး သဖြင့် ဒီမိုကရေစီနိုင်ငံကြီးတွေက နိုင်ငံရေးသမား အများစုဆိုရင်   မိမိအာဏာရရှိရေး၊   အာဏာ တည်မြဲရေးအတွက် ရွေးကောက်ပွဲအကြိုကာလ တွေမှာ “အမေရိကန်ပြည်ကို ပြန်လည်ကြီးကျယ် သိက္ခာထည်လာအောင် ကျုပ်တို့လုပ်ပြနိုင်ပါတယ်” (We can make America   great again)တို့၊ “အပြောင်းအလဲ” (Change)တို့၊ “အမေရိက ပထမ” (America First)တို့၊ “အတူတကွ  အသစ်တစ်ဖန် စတင်ကြပါစို့” (Together … A New Beginning)တို့  စသဖြင့် ကြွေးကြော်သံတွေကိုယ်စီနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့စိတ်ကို   နှိုးဆွပြီး မဲဆွယ်စည်းရုံးလေ့ ရှိကြတယ်။
သို့ပေမယ့်     တကယ်တမ်းရွေးကောက်ပွဲမှာ အနိုင်ရပြီး  အာဏာလက်ကိုင်ရတဲ့အချိန်မှာတော့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလုပ်တတ်ကြတာ အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။   မိမိမဲရရေးသည် သာအဓိက၊  မိမိပြောသမျှတွေ တကယ်လုပ်၊ မလုပ် ဆိုသည်မှာ  နောင်ခါလာ  နောင်ခါဈေးသဘောပါ။
သမ္မတ ဂျင်မီကာတာက        သမ္မတရာထူးလက်ခံ စဉ်မှာ “ပြည်သူတွေကို ဘယ်တော့မှ  လိမ်လည် ပြောကြား   ညာဝါးမှာမဟုတ်ဘူး”လို့   ကတိပြုခဲ့ ပေမယ့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်ခဲ့ရုံမက သူ့ညီ ဘီလီကာတာက လစ်ဗျားနိုင်ငံက လာဘ်ငွေ ယူမှုနဲ့ပတ်သက်ပြီး  တရားရေးဌာနနဲ့  အက်ဖ်ဘီအိုင် က  အရေးယူအမှုဖွင့်တဲ့အခါမှာလည်း  သူမသိပါဘူး၊ သိလည်း သူ့ညီကိုထိန်းလို့မရပါဘူး၊ ပြောဆိုဆုံးမဖို့ သူ့မှာဩဇာအာဏာမရှိပါဘူး၊ ဘူးခံခဲ့လို့ မဲဆန္ဒရှင် တွေရဲ့ ဒဏ်ခတ်မှုကိုခံရပြီး ဒုတိယအကြိမ် သမ္မတ သက်တမ်းရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရတယ်။
သမ္မတ ရီဂင် ကလည်း  “ကျုပ်ဟာ  လိမ်တတ် ညာတတ်အောင်  တော်သူမဟုတ်ပါဘူး”လို့  ဆိုခဲ့ ပေမယ့်    သမ္မတသက်တမ်းကာလမှာ    အီရန်-အီရတ်စစ်ပွဲကာလအတွင်း      လက်နက်တင်ပို့မှု တားမြစ်ပိတ်ပင်ခံထားရတဲ့   အီရန်ကို  တရားမဝင် လက်နက်ရောင်းချခဲ့ပါတယ်။ ရရှိတဲ့ ငွေကြေးအချို့ ကို နီကာရာဂွါနိုင်ငံက လက်ဝဲအစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ ကွန်ထရာသူပုန်တွေကို တရားမဝင် လွှဲပြောင်းပေးပို့ခဲ့တဲ့အတွက် အတိတ်က သမ္မတ နစ်ဆင်ရဲ့  ဝါးတားဂိတ်ပြဿနာလို  အီရန်ဂိတ်      ခေါင်းစဉ်နဲ့ ပြဿနာတက်ခဲ့ရပြန်ပါတယ်။
သမ္မတ နစ်ဆင် ကတော့ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးစဉ်ကာလမှာ      ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်နိုင်ရေးဆိုပြီး မဲဆွယ်စည်းရုံးခဲ့ပေမယ့် ဗီယက်နမ်အပြင်    ကမ္ဘောဒီးယား    နယ်စပ်ကိုပါ  စစ်ဘောင်ချဲ့ပြီး  ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက်      အမေရိကန်ပြည်သူတွေက စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်တိုက်ကျင်းပ ပြီး     ပေးထားတဲ့ကတိအတိုင်း      စစ်ရပ်စဲရေးကို ဆောင်ရွက်ပေးဖို့ သတိပေးခဲ့ရပါတယ်။  သို့ပေမယ့် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီရုံးခန်းကို ဖောက်ထွင်း ခဲ့တဲ့ ဝါးတားဂိတ်ပြဿနာမှာတော့ တစ်နိုင်ငံလုံး ဆူပွက်ခဲ့ရာမှ နောက်ဆုံးမှာတော့ သမ္မတ နစ်ဆင် ဟာ  အမေရိကန်သမိုင်းမှာ မကြုံစဖူး  သမ္မတရာထူး က နုတ်ထွက်အရှုံးပေးလိုက်ရပါတယ်။
သမ္မတ ဂျော့ဒဗလျူဘုရှ် ဆိုလည်း ၂၀၀၃ ခုနှစ် မှာ အီရတ်နိုင်ငံကို ကျူးကျော်ဝင်ရောက် တိုက်ခိုက် ခွင့်ရအောင် တားမြစ်ထားတဲ့ အစုလိုက် အပြုံလိုက် သေကျေပျက်စီးစေမယ့်   WMD    လက်နက်တွေ ထုတ်လုပ်စုဆောင်းနေတယ်ဆိုတဲ့   မဟုတ်မမှန်  အကြောင်းပြစွပ်စွဲပြီး     အမေရိကန်ပြည်သူတွေ ကိုသာမက   ကမ္ဘာ့ပြည်သူတွေကိုပါ    လိမ်လည် လှည့်ပတ်ခဲ့ပါတယ်။
သမ္မတ ဘီကလင်တန်ကတော့ အိမ်ဖြူတော် ဝန်ထမ်း မော်နီကာလီဝင်စကီနဲ့     ဖောက်ပြန်ခဲ့တဲ့ လိင်အရှုပ်တော်ပုံကြောင့်     ကမ္ဘာတစ်ခွင်ဟိုးလေးတ‌ကြော်ကြော်နဲ့  အရှက်တော်ပုံကွဲခဲ့ရပြန်ပါတယ်။
လက်ရှိသမ္မတ   ဂျိုးဘိုင်ဒင်ကြီးလည်း   ဂျင်မီ ကာတာက     သူ့ညီတော်မောင်ကိုမထိန်းနိုင်သလို သားတော်မောင် ဟန်တာဘိုင်ဒင်ရဲ့ အဂတိလိုက်စား မှုတွေကို မထိန်းသိမ်းနိုင်ခဲ့ရုံမက သူကိုယ်တိုင် လည်း သူ့သားနဲ့အတူ အဂတိမကင်းတဲ့လုပ်ငန်းတွေ မှာ ပါဝင်ပတ်သက်နေတယ်၊ သမ္မတကိုယ်တိုင် နိုင်ငံ အချို့ရှိ အဂတိကိစ္စတွေမှာ ထင်ပေါ်တဲ့ လုပ်ငန်းရှင် တွေနဲ့လည်း မကင်းရာမကင်းကြောင်းငြိစွန်းမှုတွေရှိနေတယ်ဆိုတဲ့စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပြန်တယ်။
နိုင်ငံရေးသမားအချို့ရဲ့ လိမ်လည်လှည့်ပတ်မှုတွေ
မြန်မာ့နိုင်ငံရေးလောကမှာလည်း       ခေတ် အဆက်ဆက်နိုင်ငံရေးသမားအချို့ရဲ့     အပြော တစ်မျိုး၊ အလုပ်တစ်မျိုး  လိမ်လည်လှည့်ပတ်မှုတွေ၊ အဂတိလိုက်စားမှုတွေရှိတာပါပဲ။     ဒါကြောင့်မို့ ဦးဘဘေကြီးက   “နိုင်ငံရေးဆိုတာ   အင်မတန် ညစ်ပတ်တဲ့အလုပ်”လို့  ပြောခဲ့သလို  ရှေ့နေချုပ် ဦးသိန်းမောင်ကြီးကလည်း “ကုသိုလ်တစ်ပဲ၊  ငရဲ တစ်ပိဿာ”ဆိုပြီး နိုင်ငံရေးမလုပ်တော့ဘဲ နိုင်ငံရေး လောကက ထွက်ခွာသွားခဲ့တယ်။
တကယ်တော့   နိုင်ငံရေးနယ်ပယ်၊   မီဒီယာ နယ်ပယ်၊     အွန်လိုင်းနယ်ပယ်မှ    မဟုတ်ပါဘူး။ ဘယ်နယ်ပယ်၊   ဘယ်ကိစ္စမဆို    လိမ်လည်လှည့် ပတ်ခြင်းအမှုဟာ မကောင်းပါဘူး။ ထိခိုက်နစ်နာသူ တွေအဖို့     ဘဝနဲ့ချီပြီး       ဆုံးရှုံးနစ်နာစေပါတယ်။ သို့ပေမယ့် မုသားမပါလင်္ကာမချောဆိုတဲ့ လူတန်းစား တွေက အခုခေတ်မှာ အများသားလား။
မပြုလုပ်ဝံ့သော မကောင်းမှုဟူ၍မရှိ
လိမ်လည်လှည့်ပတ်ခြင်းဆိုတဲ့     မုသာဝါဒကံ တွေက သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူများသားမယားအား ပြစ်မှားစော်ကားခြင်းဆိုတဲ့ အကုသိုလ်ကံတွေလောက် အပြစ်မကြီးဘူးလို့ အချို့ က ထင်ကောင်းထင်ကြပေမယ့် မြတ်စွာဘုရားရှင်က ရာဟုလောဝါဒသုတ်မှာ     သားတော်ရာဟုလာကို “သိလျက်နှင့်မုသားဆိုရန်   အရှက်မရှိသောသူအား မပြုလုပ်ဝံ့သော      မကောင်းမှုဟူ၍မရှိတော့ပေ။ ထို့ကြောင့်    ဤသာသနာတော်ဝယ်    ရယ်မော ပြောင်လှောင်သောသဘောဖြင့်ပင်      မုသားစကား မပြောမိအောင် စောင့်စည်းပါလော့”ဆိုပြီး ပရိယာယ် မပါ၊ မာယာမနှော၊ ဟုတ်တိုင်းမှန်စွာ ပြောဆိုနိုင်ရေး အတွက် ဆိုဆုံးမတော်မူခဲ့ပါတယ်။
သို့ကြောင့်မို့  ကျွန်မတို့ဗုဒ္ဓဘာသာဝင်  မြန်မာ လူမျိုးတွေအနေနဲ့ မေတ္တာပို့သရာမှာ “လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ”    ဆိုရုံမက ကိုယ် တိုင်လည်း လှည့်ပတ်ခြင်းကင်းရှင်းစေဖို့ လိုက်နာ ကျင့်သုံးကြရမှာဖြစ်ပါတယ်။         ။