
မိုးမြင့်
ယခုလတ်တလော မြန်မာနိုင်ငံက စက်သုံးဆီဆိုင် တွေဟာ ဆိုင်ကရောင်းဖို့သတ်မှတ်ထားတဲ့ အချိန် လောက်မှာ သွားတန်းစီနေရတယ်။ တစ်မိုင်အရှည် လောက်ထိ ယာဉ်၊ ဆိုင်ကယ်တန်း အရှည်ကြီးမှာ စိတ်ရှည်သည်းခံစွာနဲ့ တန်းစီစောင့်ဆိုင်းရတာက အလုပ်တစ်ခုဖြစ်နေတယ်။ တစ်နာရီခွဲလောက် အရောက်မှာ ဆိုင်နားလည်းရောက်ရော ကိုယ်လိုချင် တဲ့ ဓာတ်ဆီကမရတော့ဘဲ ဒီဇယ်ပဲရတော့မယ်ဆိုပြီး ဖြစ်သွားတတ်တာလည်း ကြုံဖူးပါပြီ၊၊ အချိန်ကုန် မောတာအဖတ်တင်၊ စက်သုံးဆီဆိုင်ဆီမောင်းလို့ ကုန်သွားတဲ့ဆီပမာဏလေးက မပြောပလောက် ပေမယ့် ခုလိုကာလ ခြိုးခြိုးခြံခြံနေရတဲ့ဘဝမှာ ဒီကုန်သွားတဲ့ ပမာဏလေးသည်ပင် ကိုယ့်အတွက် အရေးကြီးနေပြန်ကော၊ လိုအပ်လို့ မလျှော့သောဇွဲနဲ့ နောက်တစ်ဆိုင်ကူးပြန်ရင်လည်း မသေချာ၊ တစ်ခါ အချိန်အကြာကြီးတန်းစီတိုးပြီးမှ တပ်ခေါက်ပြန်ခဲ့ ရတာလည်း ရှိရဲ့။ တစ်ခါတလေ တချို့ဆိုင်တွေက အကန့်အသတ်နဲ့ ကျပ်နှစ်သောင်းဖိုး၊ သုံးသောင်းဖိုး လောက်ဆီဖြည့်ပြီး မတတ်နိုင်တဲ့အခါ အခေါက် ခေါက်အခါခါ ရောက်ရပြန်တယ်၊၊ ဆီထည့်ဖို့ တန်းစီ ရင်း ဆီဈေးမော်ကြည့်မိရင် ကားထဲဆီပြတ်မှာစိုးလို့ ဘုရားတမိအခါခါ ကုသိုလ်အကုသိုလ် ယှဉ်လျက် ပေါ့.....။
နိုင်ငံတကာမှာလည်း ထို့အတူ
လူတန်းစားမရွေးကြုံရတဲ့ ခံစားချက်များ စိတ်ကူးများနဲ့ထပ်တူ သာမန်မြန်မာပြည်သူ တစ်ယောက်ရဲ့ လတ်တလောအခြေအနေလေးပါပဲ၊ မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး ဒါတွေဘာကြောင့်ဖြစ်နေရသလဲ.. ဆန်းစစ်တဲ့အခါ..မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းတက်ခြင်းဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် မပိုဘူးဆိုတာ လည်း သတိထားမိပြန်ရဲ့..။ တရိပ်ရိပ်တက်လာနေ တဲ့ စက်သုံးဆီဈေးအခြေအနေဟာ ၂၀၂၂ ခုနှစ် အကုန်လောက်နဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်မတိုင်ခင်က စပြီး မှတ်မိသလောက် ပိုတက်လာဟန်တူပါတယ်။ နိုင်ငံတကာမှာလည်း အတူတူပါပဲ။ အမေရိကန်လိုရေနံထွက်တဲ့နိုင်ငံအပါ အခြားဖွံ့ဖြိုးပြီး ဝင်ငွေ ကောင်းတဲ့နိုင်ငံတွေမှာလည်း ထို့အတူ၊ ထိုနိုင်ငံက ပြည်သူတွေလည်း စက်သုံးဆီဈေးတက်တဲ့ဒဏ် ခံစားကြရပြီး ဆီတစ်လီတာ ဈေးနှုန်းချင်းနှိုင်းယှဉ်ရင် ထိုနိုင်ငံတွေမှာ များလှတယ်ဆိုပေမယ့် ဝင်ငွေ ကောင်းတော့ အထောင်းသက်သာနေတာပေါ့၊၊ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းနဲ့ ကမ္ဘာ့နိုင်ငံရေးဆက်စပ် တယ်ဆိုတဲ့အချက်ကလည်း မမေ့သင့်တဲ့အချက်ပါ။ ကမ္ဘာမှာ ကျည်ဆန်စစ်ပွဲကနေ ရေနံစစ်ပွဲပြောင်းနေ ပုံများကို လေ့လာသင့်ပါတယ်။
ကောလာဟလ ထောင်ချောက်ကိုသတိထားရန်
မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ တိုက်ပွဲတွေဖော်ဆောင်ရင်း စီးပွားရေးအရပါ အမြတ်ထုတ်ပြီး အကျပ်အတည်းတစ်ခုပြီးတစ်ခု ဖန်တီး၊ ဂယက်ရိုက်ခတ်နေအောင် တမင်အကွက် ဆင်တတ်တာလည်း ရိုးအီနေပါပြီ။ နိုင်ငံတော်အစိုးရ ကို အကျပ်ရိုက်အောင်လုပ်ရင်း ပြည်သူတွေထံက မကျေနပ်တဲ့အသံတွေ နားစွင့်၊ လူထုကိုအာရုံပြောင်း ထွက်ပေါက်ဖန်တီးပြီး လူထုအုံကြွမှုထောင်ချောက် ကို ဖန်တီးတတ်တဲ့အချက်ကို တည်ငြိမ်အေးချမ်းမှု လိုလားတဲ့ ပြည်သူမှန်သမျှ သတိပြုမိဖို့လိုပါတယ်။
အတုအယောင်နိုင်ငံရေးနဲ့ စီးပွားရေး ဝိသမ လောဘဇောဇာတ်လမ်းနဲ့ စက်သုံးဆီပြဿနာရဲ့ နောက်ဆက်တွဲ ကုန်စည်ပို့ဆောင်မှု၊ ရှားပါးမှု၊ ဈေးတက်မှုစတဲ့ သက်ရောက်မှုတွေ ပေါင်းစပ်လိုက် တဲ့အခါ အစိုးရလည်းအခက်တွေ့၊ ပြည်သူလည်း ဒုက္ခကြုံအောင် လုပ်တတ်တဲ့သဘော သဘာဝများ ကို သတိထားမိအောင်ပါ။ ဒီလိုထောင်ချောက်မျိုးကို အဖျက်သမားတွေဟာ ကောလာဟလ သတင်းတု၊ သတင်းမှားမျိုးစုံနဲ့ ဖန်ဆင်းပြီး လူထုကိုစိုးရိမ် ထိတ်လန့်မှုတွေနဲ့ တိုင်းပြည်ကို ဖရိုဖရဲ ဗရုတ်ဗရက် ဖြစ်အောင် လုပ်နေခြင်းဖြစ်ပါတယ်။
ဘယ်လိုကောလာဟလမျိုး ဖြစ်နိုင်ပါသလဲ။ နိုင်ငံခြားသုံးငွေပြတ်လပ်နေပြီ။ စက်သုံးဆီပြတ်လပ် နေပြီ။ နိုင်ငံခြားက အဝင်မရှိတော့ဘူး။ စက်သုံးဆီ ဈေးနှုန်းတွေက ဘယ်လောက်တောင် မြင့်တက်သွား တာ၊ လူတွေတန်းစီရတာ ဘယ်နှစ်မိုင်လောက် ရှိတယ်။ ဘယ်ဆိုင်တွေကတော့ ပိတ်ထားလိုက်ပြီ စသည်ဖြင့် အမှားနဲ့အမှန်ရောရာ လက်ရှိဖြစ်နေတဲ့ အခြေအနေထက် ပိုဆိုးသယောင် ဖောင်းဖောင်း ပွပွဖြန့်လိုက်တဲ့ သတင်းအချက်အလက်တွေကြောင့် က အဓိကဖြစ်နေပါတယ်။
ကြိုးစားဖြေရှင်းဆောင်ရွက်ပေးလျက်ပါ
စက်သုံးဆီတင်သွင်းမှုကို နိုင်ငံအတွက် ဦးစား ပေးအဆင့် (၁) မှာ အစဉ်တစိုက် သတ်မှတ်ထား ပြီးသားဖြစ်ပါတယ်။ ကဏ္ဍအားလုံးမှာ အရေးတကြီး လိုအပ်ချက်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် လည်း နိုင်ငံတော်အစိုးရအနေနဲ့က စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနဲ့ ဈေးနှုန်းအပိုင်းမှာ ဈေးနှုန်း တည်ငြိမ်နေအောင်နဲ့ လုံလောက်မှုရှိအောင်ကိုပါ တတ်နိုင်သမျှ ကြိုးစားပြီး ဆောင်ရွက်ဖြေရှင်းပေး နေတာ တွေ့ရပါတယ်၊၊ နေ့စဉ်စက်သုံးဆီဈေးနှုန်းက အစ ဆောင်ရွက်ချက်များကို တာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် ပြည်သူထံ ချပြနေတာရှိပါတယ်။ သက်ဆိုင်ရာ တင်သွင်းတဲ့နိုင်ငံကနေ နေ့စဉ်ဖြစ်နေတဲ့ဈေးနှုန်း၊ အနည်းဆုံးအခွန်အကောက်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်ရယ်ပေါင်းပြီးတော့မှ နေ့စဉ်ဈေးနှုန်းသတ်မှတ် ပြီး တည်ငြိမ်အောင် ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ပြောကြားချက်တစ်ခုကို မှတ်သားဖူး ပါတယ်။
နိုင်ငံတော်ဘက်က ပို့ကုန်သွင်းကုန်နဲ့ပတ်သက် ပြီး လတ်တလော ဖြေလျှော့မှုတချို့ကိုလည်း မှတ်သားမိလိုက်ပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပြင်ဆင်သတ်မှတ်ချက်မှာ ပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ ပို့ကုန်တင်ပို့လို့ ပို့ကုန်ရငွေပမာဏရဲ့ကျပ်ငွေ နဲ့ လဲလှယ်ဆောင်ရွက်ရမယ့် မူလဖြေလျှော့ချက် ၅၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ခြင်း အမိန့်ကြော်ငြာစာတစ်ခုကို လေ့လာတဲ့အခါ ကျန် ၆၅ ရာခိုင်နှုန်းကို ပြင်ပ ပေါက်ဈေးအတိုင်း လဲလှယ်ဆောင်ရွက်ခွင့်ရတဲ့ သဘောကို တွေ့ရပါတယ်။ ပို့ကုန်အတွက် လွပ်လပ် စွာ ဆောင်ရွက်ခွင့်ပေးရင်း သွင်းကုန်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေရလာအောင်နဲ့ နိုင်ငံခြားငွေ စီးဆင်းမှု အားကောင်းလာအောင် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
ယခုလို ပြင်ပတင်ပို့မှုနဲ့ဆက်စပ်ပြီး သွင်းကုန် တင်သွင်းတဲ့အခါမှာလည်း မိမိရဲ့နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း စီမံဆောင်ရွက်သွားနိုင်တော့မယ့်အနေအထားကို အခွင့်အလမ်းတစ်ခု အဖြစ် မြင်စေချင်ပါတယ်။ ယခုလိုအပြောင်းအလဲ ကြောင့်သာ စက်သုံးဆီတင်သွင်းသူတွေအနေနဲ့ ဒေါ်လာရဖို့ ခက်ခဲမှုတချို့ လတ်တလောကြုံတွေ့ နေရခြင်းဖြစ်ပါတယ်၊၊ နိုင်ငံတော်ဘက်ကတော့ ငွေလဲတဲ့အခါမှာ လိုအပ်တဲ့ပမာဏနဲ့ ချိန်ညှိဆောင် ရွက်နေရတာရှိသလို လိုရင်လိုသလောက် လုံလုံ လောက်လောက်ရဖို့ လုပ်ငန်းအသစ်တွေ ဖော်ဆောင် နေရခြင်းမျိုးတွေလည်း ရှိပြီးဖြစ်ပါတယ်။ ဥပမာ- ရုရှားနိုင်ငံနဲ့ ဆက်သွယ်ထားရှိမှုဖြစ်ပါတယ်။
ဆီမရှိလို့မဟုတ်၊ ဆီတင်သင်္ဘောတွေက ရောက်ပြီးသား၊ ရောက်ရှိပြီး စက်သုံးဆီလည်း လုံလုံလောက်လောက်ရှိပါတယ်လို့ တာဝန်ရှိသူများ က အကြိမ်ကြိမ်ပြောပြီးဖြစ်ပါတယ်။ ပြောခဲ့သလို ငွေလဲလှယ်မှုနဲ့ လိုအပ်တဲ့ပမာဏတစ်ခုကြောင့် သာ ခေတ္တပြတ်သလိုဖြစ်သွားတာ ဖြစ်တဲ့အတွက် အစိုးရိမ်မကြီးဖို့နဲ့ ကောလာဟလတွေကို မယုံကြည် ဖို့ကိုသာ ထပ်မံတင်ပြချင်ပါတယ်။ စိုးရိမ်မှုလွန်ကဲပြီး များများထည့်၊ အများကြီးတန်းစီဖြစ်သွားတာလည်း နားလည်မှုပေးနိုင်ပါတယ်။ ပြောချင်တာက အလွန် အမင်း ပူပန်သောကမဖြစ်ဖို့နဲ့ ကိုယ့်ကားထဲ၊ ကိုယ့်ဆိုင်ကယ်ထဲ လိုသလောက်သာ ဖြည့်ဖို့ပါ။ ထွက်လာတဲ့သတင်းတွေကိုလည်း ဖြစ်နိုင် မဖြစ်နိုင် ချင့်ချိန်စဉ်းစားစေချင်တယ်။ အားလုံးက သတင်း အချက်အလက်နဲ့ ကိုယ့်ရဲ့လိုအပ်ချက် သုံးသပ် ချင့်ချိန်ပြီး အများအတွက်ပါမျှဝေလိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့လုပ်ကြကိုင်ကြရင် အလွန်ကောင်း သွားမှာပါ။ ဘယ်ကုန်ပစ္စည်းအမယ်ပဲ ဖြစ်ဖြစ်ပါ ရုတ်တရက်ပြတ်လပ်သွားအောင်ကော ဈေးနှုန်း တက်သွားတဲ့နေရာမှာပါ ကိုယ်ကိုယ်တိုင် တစ်ဦးတစ်ယောက်ချင်းကြောင့်လည်း ပါ ပါတယ်။ ကိုယ့်ကြောင့် မလိုအပ်ဘဲ ဆိုးကျိုးဖြစ်သွား တတ်တဲ့ သဘောလေးတွေကို သတိမူမိစေလို ပါတယ်။
အရောင်းနဲ့အဝယ်အကြား မမျှတလျှင်
အရောင်းနဲ့အဝယ်အကြား မျှတမှုယိမ်းယိုင်သွား ရင် ဖြစ်တတ်တဲ့ သဘောတရားတစ်ခုကိုလည်း တွေ့နိုင်ပါတယ်။ ရှေ့ကဝယ်ဖြည့်သူတွေက လိုတာထက်ပိုပြီးဖြည့်လိုက်တဲ့အတွက် လက်ကျန်မရှိတော့ တဲ့အခြေအနေမှာ ကောလာဟလက တစ်ခါထပ်ဆင့် ပြီး ဝယ်လက်အရေအတွက် မတန်တဆများပြား လာတဲ့အထိ ထပ်ဆင့်သက်ရောက်မှုတွေ ရှိလာခြင်း ပါတယ်။
ကျွန်တော်တို့ သတိထားသင့်တာက နေ့စဉ် ကိုယ်က သွားတန်းစီတိုင်း ဆီဝယ်လို့ ရနေတယ် ဆိုရင် စက်သုံးဆီ အဝင်ရှိနေတယ်။ ပြတ်လပ်မှုမရှိ ဘူးလို့ ကောက်ချက်ချလို့ရနေပြီပဲ။ မြန်မာ့ပင်လယ်ဝ မှာကော၊ ဆိပ်ကမ်းမှာပါ ဆီတင်သင်္ဘောတွေရှိနေ ပါတယ်။ အသင့်စောင့်ဆိုင်းနေကြတယ်။ ဆိပ်ကမ်း ကနေ ဆီသယ်ယာဉ်တွေနဲ့လည်း အဆက်မပြတ်သယ်ယူဖြန့်ဖြူးပေးနေတဲ့သတင်းတွေလည်း ချပြ ပြီးသားပါ။ ဒါကြောင့် လက်ရှိအခြေအနေမှာ အလွန် အမင်းစိုးရိမ်စရာမရှိဘူးလို့ ယူဆပါတယ်။
နောက်တစ်ချက်က အခေါက်ခေါက်အခါခါ တန်းစီ ၊ ထုတ်ယူ၊ သိုလှောင်၊ အမြတ်တင်ပြန်ရောင်း တဲ့ကိစ္စပါ။ ဒါကလည်း တန်းစီစောင့်စားရခြင်း အကြောင်းတရားများထဲက တစ်ခုပါ။ တစ်ဦးချင်း၊ တစ်စီးချင်း၊ ချက်ချင်းဝယ် ၊ ချက်ချင်းရောင်းရာကနေ ကား၊ ဆိုင်ကယ်အုပ်စုလိုက် အထပ်ထပ်တန်းစီပြီး တရားမဝင် သိုလှောင်ရောင်းချကြတဲ့ မြင်ကွင်းတွေ အထိကို တွေ့လာရတာဖြစ်ပါတယ်။ ယခုလိုတရားမဝင်သိုလှောင်ရောင်းချမှုမျိုးဟာ အခန့်မသင့်ရင် မီးဘေးအန္တရာယ်ကအစ ဥပဒေများနဲ့ပါ ငြိစွန်းပြီး မလိုလားအပ်ဘဲ အပြစ်ပေးအရေးယူခံရမှုမျိုးတွေဖြစ်လာနိုင်ခြေကိုလည်း သတိထားပြီး ရှောင်ကြဉ် ကြရမှာ ဖြစ်ပါတယ်။
အဓိက ကတော့ နှစ်ချက်ပါပဲ။ ကိစ္စရပ်တစ်ခု အဖြစ်အပျက်တစ်ခုအပေါ်မှာ မူလအရင်းခံ အကြောင်းတရားက ဘာလဲ၊ လတ်တလောဖြစ်ရတဲ့ အကြောင်းတရားက ဘာလဲ၊ ပတ်သက်ဆက်နွှယ် နေတဲ့ အကြောင်းတွေကဘာတွေရှိမလဲ စသဖြင့် ဘာမဆိုအကြောင်းကြောင့် အကျိုးဖြစ်ရတဲ့အပေါ် မူတည်ပြီး ဆင်ခြင်တုံတရားရှိရှိနဲ့ ထွက်ပေါ်လာတဲ့ ကောလာဟလတွေကို မယုံကြည်ဖို့နဲ့ ကိုယ်ချင်းစာ ကရုဏာတရားရှိတဲ့ နိုင်ငံသားကောင်းများ ပီသစေ ချင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ချိန်လုံး ကောလာဟလတွေနဲ့သာ နပန်းလုံးနေရသလိုဖြစ်ပြီး အကြိမ်ကြိမ်အခါခါလည်း လိမ်ညာခံရသူတွေဖြစ်ခဲ့ ပါပြီ။ အတိတ်က အခါခါရခဲ့ဖူးတဲ့သင်ခန်းစာတွေကိုရယူပြီး ယခုအခါမှာ အကဲဖြတ်စိစစ်ဆင်ခြင်နိုင် စွမ်းရှိသူတွေ ဖြစ်သင့်ပါပြီ။
ကောလာဟလဟူသည် မိမိအတွက်ကော အများကိုပါ အန္တရာယ်ပေးပါတယ်။ လူ့အဖွဲ့အစည်း မှာ မငြိမ်သက်မှုတွေဖြစ်စေပါတယ်။ မတည်ငြိမ်မှု ကို လိုလားသူတွေက ဒီလိုကောလာဟလတွေကို ဖန်တီးတတ်သူတွေပါ။ ဒါပေမယ့်လည်း မှန်မှန် ကန်ကန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဆင်ခြင်မှုအပေါ် လွှမ်းမိုးသွားတာက လူတွေရဲ့လောဘပါပဲ။ မရှိတဲ့ သူကလည်း ရှိချင်လို့ ၊ ရှိပြီးသားလူကလည်း ထပ်ရှိ ချင်လို့ ထပ်ရချင်လို့ စသဖြင့် ဒီစက်ကွင်းကကို မလွတ်နိုင်ကြပါဘူး။ တစ်ခုပဲ ပြောချင်တာရှိပါတယ်။ ရှင်သန်ဆဲကာလတစ်လျှောက် အကျပ်အတည်း တွေ၊ ပဋိပက္ခတွေဆိုတာ အမြဲကြုံတွေ့နေမယ့် အရာတွေပါ။ ယခုလိုအားလုံးက မပြည့်မစုံဖြစ်နေ ကြတဲ့ကာလမျိုးမှာ အခက်အခဲရှိသူအချင်းချင်း ကိုယ်ချင်းစာ တရားထားပြီး လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းနိုင်ကြဖို့သာ ရည်ရွယ်လိုက် ရပါသည်။ ။
- Log in to post comments