လုပ်ကွက်ငယ်တောင်သူများကို လက်တွဲခေါ်ယူပြီး ပိုမိုအားကောင်းသော လယ်ယာစီးပွားလုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်း

 

နေပြည်တော်   ဇွန်   ၈


ရှမ်းပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တန်ဖိုးမြင့်သီးနှံများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်လာရေး၊     အဆင့်မြင့်နည်းပညာများ အသုံးပြု၍    အရည်အသွေးမြင့်   ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်လာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက   နည်းပညာနှင့်   အားပေးကူညီဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိက လယ်ယာစီးပွားရေး လုပ်ငန်းရှင်များ အပိုင်းကပါ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊   လုပ်ကွက်ငယ်   တောင်သူများကို လက်တွဲခေါ်ယူပြီး   ထုတ်လုပ်မှုအရည်အသွေးနှင့် အရေအတွက် တစ်ပြိုင်တည်း တိုးတက်ထုတ်လုပ် နိုင်သော လယ်ယာစီးပွားလုပ်ငန်းများ ထွန်းကားလာ ရေး ကြိုးပမ်းကြရန်လိုကြောင်း ယမန်နေ့ နံနက်ပိုင်း က ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးဒေသရှိ စိုက်ပျိုး ရေး  လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်  ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးမှာကြားသည်။

 


ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် HEHO Aesthetic Farm ၏ အာဟာရ ပျော်ရည်တွင် မြေလွတ်စိုက်ပျိုးထားသည့် အာဟာရ ပြည့်ဝပြီး    ဘေးဥပဒ်ကင်းစင်သော   ဆလတ်နှင့် မုန်ညင်း စိုက်ခင်းများ၊ ပျိုးပင်ငယ်များ ပျိုးထောင် ထားရှိမှုတို့ကို  ကြည့်ရှုအားပေးပြီး  ပြည်ထောင်စု ဝန်ကြီးက အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ       ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလယ်ယာစီးပွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှု နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 


အလားတူ Shan Orchard Myanmar လီမိတက် ၏ ထောပတ်သီးစိုက်ပျိုးရေး၊ ဝယ်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ထောပတ်သီးများ လေလွင့်ဆုံးရှုံးမှု လုံးဝမဖြစ်စေရေးနှင့်      စိုက်ပျိုးထုတ်လုပ်သူများ တည်ငြိမ်သော     ဈေးကောင်းရရှိရေးအတွက် ထောပတ်သီးမှ  စားသုံးဆီနှင့် အလှကုန်လုပ်ငန်းသုံး ဆီ     ထုတ်လုပ်မှုတို့ကို     ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထွက်ရှိလာသည့် ထောပတ်သီးများ၏ တစ်ဝက်ခန့် လေလွင့်ဆုံးရှုံးနေမှု ကို လျှော့ချနိုင်ရေးအတွက် ခူးဆွတ်ရမည့်ကာလ၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ ကိုင်းဖြတ်ကိုင်းချန်ခြင်း အပါအဝင် ထောပတ်သီးပင်စိုက်ပျိုးရာတွင်   လိုက်နာရမည့် နည်းပညာပေးလုပ်ငန်းများတွင် ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဟဲဟိုး- ဘော်ဆိုင်း လမ်းဘေး ဝဲယာတွင်  ထင်းရှူးပင်များ  စိုက်ပျိုးရေးအတွက် မြေတိုင်းတာခြင်း၊ ပန္နက်စိုက်ခြင်း၊ ကျင်းတူးခြင်းနှင့် အပင်စိုက်ခြင်းလုပ်ငန်း    ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခု ကဲ့သို့ ဒေသသာယာလှပရေးအတွက် သစ်ပင်များ စိုက်ပျိုးရာတွင် အပင်များရှင်သန်ပြီး ရေရှည်တည်တံ့ စေရန် ဒေသနေပြည်သူများ ပူးပေါင်းဆောင်ရွက် လာရေး အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊  တစ်ချိန်တည်းတွင်    လမ်းဘေးဝဲယာရှိ    ဒေသနေ တောင်သူများအား    မြေဆီလွှာထိန်းသိမ်းနည်း၊ မြေအစိုဓာတ်  ထိန်းသိမ်းနည်းများ    အပါအဝင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးကြရန်လိုကြောင်း ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။                          

သတင်းစဉ်