
နေပြည်တော် ဖေဖော်ဝါရီ ၁၄
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှု ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၁၈/၂၀၂၀) ကို ယနေ့နံနက် ၁၁ နာရီခွဲ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော် ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့နိုင်ငံ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း မိုင်ပေါင်းများစွာ ထိစပ်နေသည်ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားပျံ့နှံ့မှုအခြေအနေများသည် လက်ရှိ တွင် တည်ငြိမ်မှုမရှိသေးပါကြောင်း၊ မိမိတို့အနေဖြင့် ရောဂါဖြစ်ပွားမှုဖြစ်စဉ်အပေါ် အလွယ်တကူ ကောက်ချက် ချ၍မရနိုင်ဘဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ် ကို သတိကြီးစွာဖြင့် ကြိုတင်တွက်ဆပြင်ဆင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
အဆိုပါ နယ်စပ်ဒေသများတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကျန်းမာရေးအသိပညာ အချက်အလက်များအား မြန်မာဘာသာဖြင့်သာမက တရုတ်ဘာသာဖြင့်ပါ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာ ရေးလုံခြုံမှုအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၏ ဦးဆောင်မှု သည် ယခုအချိန်တွင် အလွန်အရေးကြီးပြီး ကျန်းမာရေး ဝန်ထမ်းများအားလုံးကလည်း အားတက်သရော ပါဝင် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနမှူးများအနေဖြင့် အဆိုပါ နယ်စပ်ဝင်/ထွက်ပေါက်များသို့ ကွင်းဆင်းသွား ရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်း၊ နှီးနွှယ် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်စေလိုပါ ကြောင်း၊ ထိုသို့ ဆွေးနွေးချက်များအား ညွှန်ကြားရေးမှူး ချုပ်ထံသို့တင်ပြ၍ ထပ်မံလိုအပ်သည်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ရှိဆေးရုံကြီး ငါးရုံတွင် ထပ်မံလိုအပ်မည့် ဆေးပစ္စည်းကိရိယာများကို ကြိုတင် တွက်ဆဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။
ရန်ကုန်နှင့် မန္တလေးမြို့များရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဝင်ရောက်လာကြသူများ နေထိုင်မှုအများဆုံးဖြစ် သည့် ရပ်ကွက်များတွင် လက်ကမ်းစာစောင်များ၊ ပိုစတာ များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပေးနှိုးဆော်မှု များ ဆောင်ရွက်ခြင်းကို ဆက်လက်အားဖြည့်ဆောင် ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပေးဟောပြောမှု များအား ပိုမိုအရေးပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာလေဆိပ်များရှိ ခရီးသည်များအား တည်းခို သော လိပ်စာရယူရာတွင် မြို့နယ်အလိုက် မြေပုံဖြင့်စာရင်း ပြုစုထားရှိရမည် ဖြစ်ပါကြောင်း။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်၍ ဟိုတယ်များ၌ တည်းခိုသည့် ဖျားနာလူနာ များအား သတင်းရယူဆောင်ရွက်နိုင်ရေးကို ဆက်လက် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံအနက် ၂၅ နိုင်ငံတွင် ရောဂါဖြစ်ပွားမှုရှိနေပါကြောင်း၊ သုတေသန တွေ့ရှိချက်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်(စ်) ပိုးများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လင်းနို့များမှတစ်ဆင့် ကူးစက် ပျံ့နှံ့ခဲ့သည်ဟု ဖော်ပြထားပါကြောင်း။
အလားတူ တိရစ္ဆာန်များမှတစ်ဆင့် လူတို့ထံသို့ ရောဂါ ပိုးများ ကူးစက်ပျံ့နှံ့ခဲ့ပြီး အထူးသဖြင့် သားသတ်ရုံများမှ အစပြု၍ ရောဂါပိုးများ ကူးစက်ပျံ့နှံ့ခဲ့သည့် ဖြစ်စဉ်များ လည်း ရှိပါကြောင်း၊ ထို့အတွက် မိမိနိုင်ငံရှိ သားသတ်ရုံများ ကို အထူးကြပ်မတ်စစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ် ပါကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့် သားရိုင်း တိရစ္ဆာန်များအား ကိုင်တွယ်ခြင်းနှင့် သာမန်စားသုံးနေကျ မဟုတ်သည့် ထူးခြားသော အသားဟင်းလျာ (ဥပမာ - လင်းနို့)များ စားသုံးခြင်းကို သတိပြုရှောင်ရှားကြစေလို ပါကြောင်း၊ နေအိမ်၌သာ နေထိုင်စေ၍ အသွားအလာ တားမြစ်ပိတ်ပင်ခြင်း/ ကန့်သတ်ခြင်း (Home Quarantine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှုခံရသူများ လိုက်နာရန် အချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေ ရေး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူ များအနေဖြင့် လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး ရောဂါကူးစက်မှုကာကွယ်ရာတွင် အလွန်ထိရောက်သည့် စနစ်တကျ လက်ဆေးခြင်းအလေ့အထကို ကျင့်သုံးစေလို ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက် များကို စီးပွားရေးနှင့် လူမှုရေးတည်ငြိမ်မှုရှုထောင့်ကို အလေးပေးချိန်ထိုးစဉ်းစားကာ ဆုံးဖြတ်ချက်ချမှတ်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးလုပ်ငန်းများမှ အားနည်းချက်နှင့် လိုအပ် ချက်များကို ဆန်းစစ်ဖော်ထုတ်၍ ဆက်လက်ဆောင်ရွက် မည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် သုတေသနအစည်းအဝေးကြီးတစ်ရပ်ကို နှစ်ရက်ကြာ ကျင်းပလျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် ကွန်ရက်ချိတ်ဆက်၍ သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မိမိတို့ဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိ သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကို အမြဲမပြတ် စောင့်ကြည့်ဆန်းစစ် ခြင်းနှင့် အသုံးချသုတေသနပုံစံဖြင့် ဆန်းစစ်ခြင်းများကို ဆောင်ရွက်သွားကာ လိုအပ်ချက်နှင့် အားနည်းချက်များ ကို ချက်ချင်းအားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အသုံးချသုတေသနများဖြင့် ဆေးရုံများတွင် သံသယ လူနာများနှင့် လူနာများအတွက် အဆင်သင့်ပြင်ဆင်ထားရှိ မှုအခြေအနေနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသူများအကြား စနစ်တကျ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု အခြေအနေများကို ဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သုတေသနသည် အဓိက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်ဟု အလေး ပေးပြောကြားခဲ့ပါကြောင်း၊ ဝန်ကြီးဌာနမှ ထုတ်ဝေထား သော ရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေး၊ ဓာတ်ခွဲ စမ်းသပ်ရေးလုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်း များကို လက်ရှိ ပြောင်းလဲလာသော ကူးစက်ရောဂါဖြစ်ပွားမှု ဖြစ်စဉ်များနှင့်အညီ လိုအပ်သလို မွမ်းမံပြင်ဆင်ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့် ပြည်သူများ အကျိုးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် ဆက်လက်ဆောင်ရွက်သွားစေလိုပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကဏ္ဍပေါင်းစုံပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာ နိုင်သည့် ရောဂါဖြစ်ပွားပျံ့နှံ့မှုအခြေအနေများကို အထူး သတိပြုစောင့်ကြည့်ကာ လိုအပ်သလို အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ် မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါ ကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီး မှ ပေးပို့လာသော (စောင့်ကြည့်လူနာ ၁၈ ဦးတို့၏ ကျန်းမာရေးအခြေအနေကောင်းမွန်မှုအပါအဝင်) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးဆောင်ရွက်နေမှုနှင့် သတင်း ပေးပို့နေမှုအခြေအနေများ၊ ပုံမှန်ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများနှင့် ထူးခြားဖြစ်စဉ်များအား တင်ပြ ခြင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက် ၍ စစ်ဆေးမှုနှင့် ယနေ့အထိ အဖြေရရှိမှုအခြေအနေ များ၊ လက်ရှိအချိန်ထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးခြင်းတွင် ပိုစတာ၊ လက်ကမ်းစာစောင် ၁၈ မျိုး၊ စံလုပ်ထုံးလုပ်နည်းများ ၁၁ မျိုးနှင့် ပညာပေး ဗီဒီယိုနှစ်မျိုးအား ထုတ်ဝေခဲ့မှု၊ တရားဝင် နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များရှိသည့် Fever Surveillance Points များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိသော ကျေးလက်ကျန်းမာရေးဌာနများသို့ Tablet များ ဖြန့်ဝေကာ အရေးကြီးသတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန များနှင့် ကျင်းပခဲ့သည့် Teleconference တွင် ဆွေးနွေးခဲ့မှုအခြေအနေများ၊ Clinical Management Committee ဖွဲ့စည်းဆောင်ရွက်ခဲ့မှုနှင့် Surveillance and Quarantine လုပ်ငန်းများအား ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော အခြေအနေများ၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရှစ်ခုမှ မြို့နယ် ၂၀ ရှိ တရားဝင် နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် ၂၇ ခုတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုသည့် အခြေအနေနှင့် သံသယလူနာ/ စောင့်ကြည့်လူနာ မတွေ့ရှိရခြင်း၊ နိုင်ငံတကာအလှူရှင် များထံမှ PPE, Hand Gel, Isolation Gown, Surgical နှင့် N95 Mask စသည့် ပစ္စည်းများရရှိရန် ဆောင်ရွက် ထားရှိမှုအခြေအနေ တင်ပြခြင်း၊ အင်တာနက်၊ လူမှု ကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ ထိတ်လန့် စေရန်သော်လည်းကောင်း၊ အကျိုးအမြတ် တစ်မျိုးမျိုး ရရှိရန်သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိဖြင့် သတင်း အမှား ထုတ်ပြန်သူများ တွေ့ရှိရမှုအခြေအနေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်မှုများကို ဆွေးနွေး ခြင်း စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်သည်။
သတင်းစဉ်