လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁) ကျင်းပ

လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့်

လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁) ကျင်းပ

===============================================================

 

နေပြည်တော် ဇန်နဝါရီ ၁၁

 

တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေး၌ ဗဟိုကော်မတီနာယက၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန် အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၃၊ ပုဒ်မ ၁၂၄ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၅၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း တာဝန်ဆက်လက် ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူကျင်းပပေးရမည် ဖြစ်ကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးများ ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်ရန် ဖိတ်ကြားထားပြီး ဇန်နဝါရီ ၂၃ ရက်ထက်မစော ၂၄ ရက် ထက်နောက်မကျစေဘဲ နေပြည်တော်သို့ ရောက်ရှိသတင်း ပို့ရန် လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူထားပါ ကြောင်း။

 

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်၌ စတင်ကျင်းပရန် လျာထားပါကြောင်း၊ တတိယ အကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေး များ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေး ရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အတည်ပြု ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူအားလုံး အတွက် အလွန်အရေးကြီးသောကိစ္စရပ်များဖြစ်ပါ၍ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ကော်မတီများ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးပေးစေ လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယခင်ဒုတိယအကြိမ် လွှတ်တော်အတွေ့အကြုံများအပေါ်မူတည်၍ ပိုမိုသင့်လျော် ကောင်းမွန်သည့် လုပ်ငန်းအစီအမံများဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်း အဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်က တတိယ အကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ကျင်းပ ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြ သည့် သက်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု လွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေး မှူးများနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်