
မိုးကေနိုင်
၇၅ နှစ် စိန်ရတုတိုင် တည်ခဲ့ပြီဖြစ်သည့် မြန်မာ့လွတ်လပ်ရေး။
လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူသောကြွေးကြော်သံဖြင့် တိကျပြတ်သားသော ရည်မှန်းချက်တစ်ခုဆီ အရောက်လှမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး အလိုချင်ဆုံးသော လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့ စိုးမိုးမှုအောက်မှာ မနေချင်ကြ၍ အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ပြီးမှ ခက်ခဲကြမ်းတမ်းစွာဖြင့် တိုက်ခိုက်ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်၍ စစ်မှန်သောလွတ်လပ်ရေးဟု ဆိုထိုက်သည်။
အချုပ်အခြာအာဏာပိုင် လုံးဝ လွတ်လပ်သောနိုင်ငံ၊ လုံးဝလွတ်လပ် သောလူမျိုးများအဖြစ်သို့ ရောက်ရှိသည် ဖြစ်၍ လွတ်လပ်ရေးကို အလေးအနက် တန်ဖိုးထားတတ်ကြသည်၊ အထွတ် အမြတ်ထားအပ်ကြသည်။
တာဝန်ယူတာဝန်ခံမှုရှိရမည့် သမိုင်းပေးတာဝန်
မြန်မာတို့၏ လွတ်လပ်ရေး မပျောက် ကွယ်၊ မပျက်စီး၊ အဖျက်ဆီးမခံရအောင် အသက်ပေးကာကွယ် ထိန်းသိမ်း စောင့်ရှောက်လာခဲ့သည်မှာ (၇၅) နှစ် ရှိခဲ့ပါပြီ။ လွတ်လပ်ရေး တည်တံ့ခိုင်မြဲ စေရန် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရမည်မှာ ယနေ့ မျိုးဆက်သစ် ပြည်ထောင်စုသားအားလုံး ၏ သမိုင်းပေးတာဝန်ဖြစ်နေသည်ကို လည်း သတိမလစ်ရန်လိုသည်။ ဤနေ့ ဤကာလရောက်တိုင်း သားစဉ် မြေးဆက် သတိပေးနှိုးဆော်ကြသလို ကိုယ့်လက်ထက်ရောက်မှ အချုပ်အခြာ ဆုံးရှုံးရသည့်အဖြစ်မျိုး လုံးဝမဖြစ်စေလို သည်မှာ လွတ်လပ်ရေးနှင့်တကွ လွတ်လပ်မှုကို တန်ဖိုးထားသူတိုင်း၏ ပြင်းပြသောဆန္ဒဖြစ်သည်။
လွန်ခဲ့သော အတိတ်ကာလများကို ပြန်ပြောင်းကြည့်လျှင် မြန်မာနိုင်ငံတွင် လုံးဝလွတ်လပ်သော အလွတ်လပ်ဆုံး ကာလများရှိခဲ့သလို အကျပ်အတည်း ဖိအားများအောက်တွင် နေထိုင်ခဲ့ရသည် များလည်းရှိခဲ့သည်။ သို့သော် လွတ်လပ်မှု ဟူသော ဂုဏ်ဒြပ်ကို တလွဲ ၊ အလွဲအသုံးချ လျှင်ကား တန်ဖိုးလျော့သွားမည်သာ ဖြစ်သည်။
လွတ်လပ်မှုမှာ တာဝန်ခံမှု၊ တာဝန် ယူမှု ရှိရတတ်သည်။ မိမိ၏ လွတ်လပ်မှု သည် အခြားသူတစ်ဦး၏ လွတ်လပ်မှုကို မထိခိုက်စေသင့်။ လေးစားရမည်ဖြစ် သည်။ နိုင်ငံသားတစ်ဦး၏ အခြေခံအခွင့် အရေးဆိုသည်မှာ တရားမျှတမှုရှိ မရှိ၊ ခွဲခြားဆက်ဆံမှုရှိ မရှိ၊ တန်းတူညီမျှမှု ရှိ မရှိအပေါ်တွင် အခြေခံသည်။ အဆိုပါ အခြေခံအချက်မျှလောက်မှ မရှိသော လူ့အဖွဲ့အစည်းတစ်ခုတွင် တရားဥပဒေ စိုးမိုးမှုအားနည်းနေတတ်ပြီး နိုင်ငံသား တစ်ဦး၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှု သည် များသည်ထက်များလာနိုင်ပါသည်။ ဆိုလိုသည်မှာ လူတစ်ဦးချင်းစီ၏ လုံခြုံမှု မရှိခြင်း၊ လွတ်လပ်မှုကင်းမဲ့ခြင်းမှသည် လူ့အဖွဲ့အစည်း၏ လွတ်လပ်မှုကို ထိခိုက်နိုင်ခြေ၊ ထိုမှတစ်ဆင့် နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာထိပါးနိုင်ခြေ အထိ ရှိလာနိုင်ခြင်းကို သတိထားနိုင်ရန် ဖြစ်ပါသည်။
ဆုံးရှုံးနိုင်ခြေများသည့် လွတ်လပ်ရေး၏အဓိပ္ပာယ်
တိုင်းတစ်ပါး နယ်ချဲ့လက်အောက် တွင်ရှိစဉ်က တရားမျှတမှုကင်းမဲ့ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ တန်းတူညီမျှမှု မရှိခြင်း၊ ဖိနှိပ်ခံရခြင်း၊ လွတ်လပ်မှုမရှိ ကျွန်သဖွယ် ဆက်ဆံခံရခြင်းတို့ကြောင့် နယ်ချဲ့ကို တော်လှန်ခဲ့ပြီးမှ လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။ လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံဖြစ်ခါမှ၊ အချုပ်အခြာပိုင်နိုင်ငံ ဖြစ်ခါမှ တရားမျှတမှုမရှိ ခွဲခြားဆက်ဆံ ခံရသည့်အခြေအနေ၊ နိုင်ငံသားအခွင့် အရေးများဆုံးရှုံးနေရသည့် အခြေအနေ နှင့် လွတ်လပ်မှုမရှိ မငြိမ်းချမ်းသည့် ဘဝမျိုးကို စစ်မှန်သောလွတ်လပ်မှုဟု ထင်မြင်ကြမည်မဟုတ်ပါ။
ပြည်သူတွေ တိုင်းရင်းသားတွေ မညီညွတ်ကြ၍ အချင်းချင်းတိုက်ကြ ခိုက်ကြ၊ မစည်းလုံးကြ၍ နိုင်ငံပြိုကွဲမည့် ဘေးမှလည်းကောင်း၊ တိုင်းတစ်ပါး ကိုလိုနီလက်သစ်တို့၏ ဝင်ရောက် စွက်ဖက် ဖိအားပေးမှုအမျိုးမျိုးကြောင့် လည်းကောင်း၊ အချုပ်အခြာထိပါးခံရပြီး ကျဆုံးနိုင်ငံ ဖြစ်မည့်အရေးမှလည်း ကောင်း လွတ်လပ်ရေးဆုံးရှုံးနိုင်ခြေ များစွာရှိနေသည်ကို သတိပြုဆင်ခြင်ရ မည်ဖြစ်ပါသည်။
လူဦးရေ ၅၅ သန်းမျှရှိသော မြန်မာ နိုင်ငံသည် ဧရိယာအကျယ်အဝန်း ကြီးမားကျယ်ပြန့်ပြီး သဘာဝက ပေးထားသော တောတောင်ရေမြေနှင့် သယံဇာတများ ပေါများကြွယ်ဝပါသည်။ ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးစု များသည် မတူကွဲပြားခြားနားသော ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးတမ်းအစဉ် အလာများကို ကိုယ်စီပိုင်ဆိုင်ကြသည်။
ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စံဖြင့် အေးအတူပူအမျှ အစဉ်အဆက်နေထိုင် လာခဲ့ကြသော်လည်း မတူညီမှုကို အကြောင်းပြု၍ လက်နက်ကိုင်တိုက်ခိုက် နေကြသော လက်နက်ကိုင်အဖွဲ့များစွာ လည်းရှိကြသည်။ တိုက်ခိုက်မှုများဖြင့် မငြိမ်းချမ်းနိုင်သေးသည်မှာ အားလုံး အသိဖြစ်သည်။ နိုင်ငံရေးအကြောင်း ပြချက်ဖြင့် မငြိမ်သက်အောင် ဆူပူ လှုံ့ဆော်အကြမ်းဖက်မှုများလည်း ရှိနေ ဆဲဖြစ်သည်။ အကြမ်းဖက်မှုများကြီးထွား ပြီး အပြစ်မဲ့ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေရသည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုသည် ဆက်စပ်နေပြီး ငြိမ်းချမ်းမှုမရှိ၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍ မငြိမ်းချမ်းနိုင်၊၊ ထို့ကြောင့် လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို တစ်ပြိုင်နက်တည်ဆောက်နေရသည်။ သို့မဟုတ်လျှင် လွတ်လပ်ရေးဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားနားလည်ရန် ခက်ခဲနေပါလိမ့်မည်။
တိုင်းတစ်ပါးလက်အောက် ကျွန် အဖြစ်ဖြင့်မနေလို၍ ကျွန်ပြုသူများကို တိုက်ခဲ့ပြီးမှ မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူတို့ လွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်ပြန်မဖြစ်ရန် ကာကွယ် စောင့်ရှောက်သူက စောင့်ရှောက်နေသလို ကျွန်သဘောက်ဘဝ မျှော်ကိုးသူများ လည်းရှိနေပြန်သည်။ ကာကွယ်သည် ဆိုရာတွင် အသက်ပေးစောင့်ရှောက်၍ နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ တိုင်းရင်းသားအားလုံး ပိုင်သော လွတ်လပ်ရေးကို အသက်တမျှ တန်ဖိုး ထား၍ဖြစ်သည်။ တိုင်းတစ်ပါး လက်အောက်ပြန်ရောက်အောင် တွန်းပို့ ပြီး တိုက်ရိုက်ကျွန်ခံချင်သူများရှိနေ သလို လက်ဝေခံဘဝဖြင့် သူများကျွေးစာ၊ ပေးစာ၊ ကမ်းစာမျှော်လင့်ပြီး ခိုင်းသည့် အတိုင်းလုပ်၍ တိုင်းပြည်ကို အကြမ်း နည်း၊ အနုနည်းမျိုးစုံဖြင့် ဖျက်ဆီးပြီး သွယ်ဝိုက်ကျွန်ခံသူများလည်း ရှိနေပြန် သည်။
လုံခြုံရေးနှင့် အချုပ်အခြာဆက်စပ်မှု
နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ရေး နှင့် အချုပ်အခြာတည်မြဲနေသရွေ့ ကမ္ဘာ့ အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည် နေနိုင်မည်သာဖြစ်သည်။ ထို့ကြောင့် လည်း လွတ်လပ်ရေးကို တိုက်ယူစဉ်က လွတ်လပ်ရေးသည်သာ ပထမ၊ ဒုတိယ၊ တတိယဦးစားပေးရှိခဲ့သော်လည်း ယခု ကာလမှာမူ တိုင်းပြည်အတွက် အရေး ကြီးဆုံးဖြစ်သော အချုပ်အခြာမကျိုး ပေါက်ရန်က အရေးကြီးဆုံးဖြစ်နေ၍ လုံခြုံရေးသည်သာ ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည်သာ တတိယဟု သတ်မှတ်လိုပါသည်။ လုံခြုံရေးဟု ဆိုလိုက်သည်နှင့် လက်နက်ကိုင်တပ်ဖွဲ့ စစ်သည်များကိုသာ ပြေးမြင်ရန်မဟုတ်၊ နယ်ပယ်များစွာအထိ ကျယ်ပြန့်စွာ မြင်ပေးရန်လိုသည်။
လူသားလုံခြုံရေးဟူ၍ လူတစ်ဦး ချင်းလုံခြုံရေးမှသည် အစာအာဟာရ လုံခြုံဖူလုံမှုရှိရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဓာတုဇီဝလုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေး၊ ကျန်းမာရေးလုံခြုံရေး၊ ပြည်သူ့ရေးရာ လုံခြုံရေး စသည်ဖြင့်နိုင်ငံတော်လုံခြုံရေး အထိ သဘောတရားအရ ကျယ်ပြောလှ သည်။ ဆိုင်ရာအထူးပြုနယ်ပယ်အလိုက် မကျိုးမပျက် ဆက်စပ်ဆောင်ရွက်နိုင်မှ သာ နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော လုံခြုံမှုကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ နယ်ပယ်အားလုံးတွင် လူသားလုံခြုံရေး ကပို၍အဓိကကျပြီး အားလုံး၏ဗဟို ချက်မဖြစ်မည်ဟုလည်း ယူဆပါသည်။
လုံခြုံရေးကျိုးပေါက်မှုအန္တရာယ်
အထက်ပါ သဘောတရားများအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်စွမ်းတွင် ပြဿနာများစွာ ကြုံတွေ့ဖြေရှင်းနေရ သလို စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေ ရသည်ကိုလည်း တွေ့မြင်နေရသည်။
ကမ္ဘာ့နေရာအချို့တွင် လက်နက် ကိုင်ပဋိပက္ခအသစ်များ စစ်ပွဲအသစ်များ ဖြစ်ပေါ်နေသည်။ နိုင်ငံတစ်နိုငံ၏ လုံခြုံ ရေးကျိုးပေါက်မှုသည် ကျန်နိုင်ငံများ တွင်ပါ သက်ရောက်မှုများရှိလာနေပြီး ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို အကြီး အကျယ်ခြိမ်းခြောက်မှုများ ရှိလာနေ သည်။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်၊ ကပ်ရောဂါအန္တရာယ် များနှင့်အတူ စီးပွားရေးဆုတ်ယုတ်မှုများ၊ ဆင်းရဲမွဲတေမှုနှင့် အငတ်ဘေးပြဿနာ၊ ထိုမှသည် ဆင်းရဲချမ်းသာကွာခြားချက် နှင့် မညီမျှမှုများဆက်တိုက်ဆိုးရွားလာ နေပြီး နိုင်ငံရွှေ့ပြောင်းထွက်ခွာမှုများ နှင့်အတူ အချို့ဖွံ့ဖြိုးပြီးနိုင်ငံများပင် ဒုက္ခသည်ပြဿနာများကို ထပ်ဆင့် ကြုံတွေ့လာနေရပြီဖြစ်သည်။
ဆင်းရဲမှုအပြင် မူးယစ်ဆေးဝါး ပျံ့နှံ့ ခြင်းကပါ ထပ်ဆင့်လာသည့်အခါ ရာဇဝတ်မှုများပါ ထူပြောလာသည်။ လက်နက်မှောင်ခို တင်သွင်းမှုများက အကြမ်းဖက်အားပေးသလို ဖြစ်လာနေ သည်။ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခရာ ဖြစ်သော ပညာသင်ကြားရေးတွင် အနှောင့်အယှက်များရှိနေခြင်း၊ နိုင်ငံ သားများ၏ ကိုယ်ကျင့်တရားများ ပျက်ယွင်းလာခြင်း၊ နိုင်ငံတွင်း ခိုးဝင်မှု များပြားလာခြင်းနှင့်အတူ လူမှုရေးပဋိ ပက္ခအသစ်များက လူ့အဖွဲ့အစည်း အတွင်း မငြိမ်သက်မှုများဖြစ်ပေါ်စေပြီး တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်လာ နေသည်။ အထက်ပါအကြောင်းတရား များကြောင့် နိုင်ငံများစွာတွင် အစိုးရများ အပေါ် လူထု၏ယုံကြည်မှုများ ပျောက်ဆုံး လာပြီး နိုင်ငံရေးဆိုင်ရာလုံခြုံမှုကိုပါ ထိခိုက်မှုများရှိလာနေကာ ကမ္ဘာကြီး အတွက် အနုတ်လက္ခဏာများသာဖြစ် သည်ကို ဆင်ခြင်သုံးသပ်ရမည် ဖြစ် သည်။
လွတ်လပ်ရေးကိုထိပါးနိုင်သည့် ကြောင်းကျိုးတရားများ
နိုင်ငံတိုင်းတွင် မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဘာသာတရား၊ စာပေအနု ပညာ ဓလေ့ထုံးတမ်းအစဉ်အလာများ ကိုယ်စီရှိကြသည်။ အရေးတကြီးတန်ဖိုး ထားရမည့် ကိုယ် ပိုင် အမျိုးသားရေးစရိုက် လက္ခဏာများလည်းဖြစ်သည်။ ကိုယ်ခံ အားနည်းလျှင် မိမိတို့အမျိုးသားရေး စရိုက်နှင့် မစပ်ဟပ်သည့် ဆန့်ကျင်ဘက် ယဉ်ကျေးမှုများ တဖြည်းဖြည်းစိမ့်ဝင် ပျံ့နှံ့ပြီး ယဉ်ကျေးမှုတိုက်စားခံရနိုင် သည်။ ထိုအခါ နိုင်ငံသားများ အထူး သဖြင့် လူငယ်များတွင် မိမိယဉ်ကျေးမှုကို အထင်သေးပြီး တိုင်းတစ်ပါးယဉ်ကျေး မှုနှင့် သူများတိုင်းပြည်ကိုမှ အထင်ကြီး ကုရခက်သည့်ရောဂါတစ်မျိုးနှယ် စွဲကပ် သွားတတ်သည်။
နောက်ဆက်တွဲအနေဖြင့် နိုင်ငံ တစ်နိုင်ငံ၏ အမျိုးသားကြန်အင် လက္ခဏာနှင့်တကွ တိုင်းရင်းသား အပေါင်း၏ အမျိုးသားအကျိုးစီးပွားကိုပါ မျက်ခြည်ပြတ်သွားတတ်သည်။ နိုင်ငံ တော်၏အချုပ်အခြာတွင် ပါဝင်သည့် ဘာသာသာသနာနှင့် အမျိုးသားရေး လက္ခဏာများ တစ်စထက်တစ်စဝါးမျို ခံရပြီ၊ ချို့ယွင်းပျက်စီးလာပြီဆိုလျှင် နောင်တွင် လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ရာတွင် အခက်အခဲများ ရှိလာနိုင်သည် ဆိုသည့်အချက်ကို မြော်တွေးထားရမည် ဖြစ်သည်။
အထက်ပါ အချက်များသည် နိုင်ငံတော်၏ လုံခြုံရေးကိုသာမက လွတ်လပ်ရေးကိုပါ ခြိမ်းခြောက်ထိပါး လာနိုင်ခြေရှိသည့် အချက်များဖြစ်သည် ကို သတိထားရမည်ဖြစ်သည်။ ယနေ့ ကမ္ဘာ့ပထဝီ နိုင်ငံရေးအခြေအနေများအရ နိုင်ငံတစ်နိုင်ငံအနေဖြင့် ကျဆုံးရန် လွယ်ကူလှသည်။ ပထဝီနိုင်ငံရေး၊ စီးပွား ရေးအရ ချိန်ညှိစွက်ဖက်လာမှုများအပေါ် တောင့်ခံနိုင်ရန်လိုပါသည်။ လွတ်လပ်ရေး ဆုံးရှုံးနိုင်စေသော ပြင်ပအကြောင်းတရား များကို လွန်ဆန်ရန်မလွယ်ကူသော်လည်း မိမိပြည်တွင်း အကြောင်းတရားများကိုမူ မိမိတို့စွမ်းအားများဖြင့် ကောင်းစွာ ချေဖျက်နိုင်မည့် အခွင့်အလမ်းများကို ရယူဆုပ်ကိုင် အသုံးချနိုင်စွမ်းရှိရပါမည်။
ခက်ခက်ခဲခဲ ရယူထားရသော လွတ်လပ်ရေး၏တန်ဖိုးကို မျိုးဆက် အစဉ်အဆက် သိရှိနားလည်ရန်ကား အရေးကြီးဆုံးဖြစ်သည်။ တိုင်းတစ်ပါး လက်အောက်တွင် ဆိုးဆိုးရွားရွားနေခဲ့ ရသည့်ဘဝမျိုး ယနေ့မျိုးဆက်သစ်တို့ မကြုံဖူးသော်လည်း အတိတ် ကမ္ဘာ့ သမိုင်းသင်ခန်းစာများအရ အချုပ်အခြာ ဆုံးရှုံးခဲ့ရသော နိုင်ငံများမှ ပြည်သူများ၏ ဘဝကို ဝင်ရောက်ခံစားကြည့်လျှင်လည်း သိနားလည်နိုင်မည်သာဖြစ်သည်။
ခက်ခဲစွာ ပေးဆပ်ရယူထားရသော ပစ္စည်းတစ်ခု၏ အနှစ်သာရနှင့် တန်ဖိုး ဟူသည် ဘယ်အရာနှင့်မှ လဲ၍မရပါ။ ရတနာသဖွယ်သဘောထား၍ တန်ဖိုးကို နားလည်မှသာ ထိန်းသိမ်းတတ်ပါမည်၊ စောင့်ရှောက် နိုင်စွမ်းရှိပါမည်။ ဆင်ခြင် တုံတရားပြည့်ပြီး အမြော်အမြင်လည်း ထပ်တူရှိနေမှသာ ပြီးပြည့်စုံခြင်းသို့ ရောက်ပါမည်။ ဆုံးရှုံးနိုင်ခြေအကြောင်း တရားများကို အခွင့်အလမ်းအဖြစ် မှတ်ယူ၍ ပညာဉာဏ်ဖြင့် ဖန်တီးနိုင် လျှင်ကား အားသာချက်များကို တည်ဆောက်ပြီးသား ဖြစ်သွားပါမည်။ သို့မှသာ မိမိတို့ လက်ထက် တာဝန် ကျေစွာထိန်းသိမ်းထားသော လွတ် လပ်သောမြန်မာဆိုသည့် အမွေ အနှစ်ကောင်းတစ်ခုကို နောင်မျိုးဆက် တို့ထံ အပြစ်အနာအဆာမရှိ လက်ဆင့် ကမ်းလွှဲပြောင်းပေးနိုင် လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါ သည်။ ။
- Log in to post comments