လွတ်လပ်ရေးအောင်ပွဲနှင့် ဗိုလ်ရှုသဘင်ပွဲ ဆင်ယင်နွှဲ

Type

မင်းမြင့်ဆွေ 
======

အလံတင်အခမ်းအနားနဲ့  ဗိုလ်ရှုသဘင်သမိုင်းစဉ် 


မြန်မာနိုင်ငံရဲ့ ပထမအကြိမ်လွတ်လပ်ရေးအောင်ပွဲ  အခမ်းအနားနဲ့ မြန်မာနိုင်ငံတော်အလံတင်  အခမ်း အနားတွေကို     အတွင်းဝန်များရုံး   (ဝန်ကြီးများ ရုံးဟောင်း)နဲ့ အစိုးရအိမ်တော် (ဘုရင်ခံအိမ်တော်/  သမ္မတအိမ်တော်) တွေမှာ  ကျင်းပခဲ့တယ်။ ၁၉၄၈  ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀  အချိန် တွင် ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ “ဘာမင် ဂမ်” စစ်သင်္ဘောကြီးမှ “အခါတော်ကြား ”အမြောက်  ပစ်ဖောက်လိုက်တာနဲ့ ဘင်ခရာတပ်ဖွဲ့က ဗြိတိသျှ နိုင်ငံတော်သီချင်း တီးမှုတ်ပြီး “ယူနီယံဂျက်အလံ” ကို ဖြည်းဖြည်းချင်းဆွဲချတယ်။ ဗြိတိသျှယူနီယံဂျက် အလံကိုချပြီးတာနဲ့ ဗမာ့ရေတပ်အရာရှိ စောချစ်စိန် က          ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို  တိုင်ထိပ်သို့လွှင့်တင်ချိန်မှာ     စစ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းသံဟာ  မင်္ဂလာအပေါင်းခညောင်း စွာနဲ့   ငြိမ့်ငြိမ့်လေးပေါ်ထွက်လာကာ  စည်တော် များပါရွမ်းလျက် ကြိုဆိုခဲ့ကြပါတယ်။ 


နံနက် ၆ နာရီခွဲအချိန်တွင်  ဘုရင်ခံအိမ်တော် ရှေ့မှာ ဒုတိယအကြိမ်  အလံတင်အခမ်းအနားကို ကျင်းပရာ  ဗြိတိသျှယူနီယံဂျက်အလံကို  ဗြိတိသျှ နိုင်ငံတော်သီချင်းနဲ့ တိုင်ဖျားမှဖြည်းဖြည်းချင်း  နှိမ့်ချလိုက်တယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံတော် အလံကို     မြန်မာနိုင်ငံတော်သီချင်း   တီးမှုတ်ပြီး တိုင်ထိပ်သို့ဆွဲတင်လွှင့်ထူလိုက်တဲ့အခါ    အခမ်း အနားကို တက်ရောက်သူအားလုံးက အရိုအသေပြု ကြရတယ်။ 


မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီးစဝ်ရွှေသိုက် ရဲ့ကာလ ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့ မှာ ဗိုလ်ရှုသဘင်အခမ်းအနားကို  စတင်ကျင်းပ ခဲ့တယ်။ သမ္မတစဝ်ရွှေသိုက်မှ  သမ္မတဒေါက်တာ ဘဦးကာလအထိ လွတ်လပ်ရေးအောင်ပွဲနဲ့ ဗိုလ်ရှု သဘင်အခမ်းအနားကို     ရန်ကုန်မြို့တော်ခန်းမ ရှေ့က မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ရှေ့             အလံတိုင်တွင်  ပြည်ထောင်စုအလံတော်ကို လွှင့်ထူပြီး နိုင်ငံတော် သီချင်းတီးမှုတ်အလေးပြုကာ    အမြောက်များ ပစ်ဖောက်ပြီး        ဗိုလ်ရှုသဘင်အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ     ကျင်းပခဲ့တယ်။ ဗိုလ်ရှုခံခန်းမဆောက်လုပ်ပြီးစီးတဲ့    ၁၉၅၄ ခုနှစ်မှစတင်ကာ  လွတ်လပ်ရေးအောင်ပွဲအခမ်း အနားနဲ့ ဗိုလ်ရှုသဘင်ကို ပြည်လမ်းရှိ ဗိုလ်ရှုခန်းမ သို့  သမ္မတဒေါက်တာဘဦးကာလမှာ    စတင်  ပြောင်းရွှေ့ကျင်းပခဲ့တာဖြစ်ပါတယ်။    သမ္မတ မန်းဝင်းမောင်ကာလမှာလည်း    ပြည်လမ်းရှိ ဗိုလ်ရှုခံခန်းမရှေ့မှာပင် ဗိုလ်ရှုသဘင် စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့တယ်။ 


ဗိုလ်ရှုခံခန်းမတည်ရာ ထူးမြတ်တဲ့မြေ 


ပြည်သူအများကို  ဝမ်းထွက်သားသမီးပမာ ကရုဏာထားတဲ့ ဧကရီဘုရင်မကြီးရှင်စောပုဟာ  ရှမ်းမြို့လို့ခေါ်တဲ့ စမ်းချောင်းရပ်အနီးမှာ  ရှင်စောပု မြို့ကိုတည်ကာ   ရွှေတိဂုံစေတီတော်မြတ်ကြီးကို  အာရုံမျက်မြင်ဖူးတွေ့နိုင်တဲ့အရပ်မှာ စံအိမ်တော် တည်ဆောက်ပြီး နဝင်္ဂသီလထာဝရဆောက်တည်ရင်း ဇရာနဲ့မရဏကို ဖြတ်သန်းခဲ့တယ်။ ဧကရီဘုရင်မကြီး   ရှင်စောပုရဲ့စံအိမ်တော်ဟာ ဗိုလ်ရှုသဘင်ခန်းမတည်ခဲ့ ရာဝန်းကျင်မှာဖြစ်ခဲ့တယ်။ ဦးစွာ မြတ်ဘုရားရွှေတိဂုံ နဲ့ ကုန်းတော်တစ်ဆက်တည်းဖြစ်ခဲ့တဲ့ ဓမ္မရက္ခိတ ကုန်းတော်မှာ နဝင်္ဂသီလတည်ဆောက်ရင်း နေထိုင် ခဲ့တယ်။ ဇရာထောက်လာတဲ့အခါကျမှ  စံအိမ်တော် ကနေ  မြတ်ဘုရားရွှေတိဂုံကို အာရုံပြုရင်း   ကွယ်လွန် ခဲ့ရရှာတယ်။  ကိုလိုနီခေတ်က    ဝင်ဆာလမ်းအမည် ကနေ   ရှင်စောပုလမ်းအမည်သို့   ပြောင်းပေးထားသလို ရှင်စောပုလွမ်းစေတီကိုလည်း အခုထိတိုင်  ဖူးမြင် နိုင်ကြပါသေးတယ်။ 


ယခင်က နယ်ချဲ့ဗြိတိသျှစစ်တပ်ဟာ ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှာ     တပ်စွဲနေထိုင်ခဲ့တယ်။ သိင်္ဂုတ္တရကုန်းတော်နဲ့    တစ်ဆက်တည်းဖြစ်တဲ့ ကုန်းတော်ပေါ်မှာ “ရှေ့ကာကင်း” အနေနဲ့  နယ်ချဲ့ လက်ပါးစေ ဂေါ်ရာတပ်တွေ တပ်စွဲထားရှိတဲ့အတွက်  ဂေါ်ရာကုန်းအမည်တွင်သွားခဲ့တာ  ဖြစ်ပါတယ်။ ဦးထောင်ဘိုလမ်းကို  ၁၉၂၈  ခုနှစ်မှာ   ဖြတ်သန်း ဖောက်လုပ်လိုက်တဲ့အတွက်       သိင်္ဂုတ္တရကုန်းနဲ့ ဂေါ်ရာကုန်းတို့ဟာ ဦးထောင်ဘိုလမ်းခြားသွားတာ  ဖြစ်ပါတယ်။  မဟာဝိဇယစေတီတော်  တည်ထား ကိုးကွယ်ဖို့   ဩဝါဒခံယူတဲ့အခါ   ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသက  ဂေါ်ရာကုန်းအမည်ကနေ ဧကရီဘုရင်မကြီးရှင်စောပုက နဝင်္ဂသီလနဲ့  တရား စောင့်တဲ့ဘုန်းမြတ်ဖြစ်ခဲ့တာကို ဟောဖော်ညွှန်ပြကာ ဓမ္မရက္ခိတကုန်းတော်(တရားစောင့်ကုန်း)အမည်ကို ပြန်ပြောင်းပေးတော်မူခဲ့တယ်။ 
ဧကရီဘုရင်မကြီးက    မြတ်ဘုရားရွှေတိဂုံကို အာရုံပြုရင်းစံနေတော်မူခဲ့တဲ့ စံအိမ်တော်တည်ရာနဲ့  ၁၉၅၄ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့  မြန်မာမှု လက်ရာတွေနဲ့ထုံမွမ်းထားတဲ့  ဗိုလ်ရှုခံခန်းမတည်ရာ တွေမှာ   ထူးမြတ်စွာတည်ရှိနေတာဖြစ်ကြောင်း သမိုင်းမှတ်တမ်းပြုလိုက်ရပါတယ်။ 


ကိုယ်တိုင်ပါဝင်ဆင်နွှဲ ဗိုလ်ရှုသဘင်ပွဲ 


မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့အတူ ဖွားဖက် တော်အဖြစ်ပါဝင်ခဲ့တာက သပိတ်စုံ၊ သူပုန်ထတဲ့  ခေတ်ကာလပဲဖြစ်တယ်။ အဆိုတော်မေလှမြိုင်က  အသံဝါကြီးနဲ့    “မောင်လေး ..  မောင်လေး ..ရှောင်မပြေးပါနဲ့   မောင်လေးရယ် ... ရောယောင် နောက်လိုက်    အမြှောက်ကြိုက်ကလေးရယ် ... မိုက်သွေးဆူလွယ်”လို့  ဖိတ်ခေါ်ပေမယ့်လည်း..  ဝါဒစွဲ၊  ပါတီစွဲတွေအပြင် ပြည်ပရဲ့သပ်လျှိုသွေးခွဲမှု တွေကြောင့် တပ်မတော်အင်အားရှိဖို့ရာ လေ့ကျင့် ရေးနှင့်      ဖြည့်တင်းရေး     တပ်ရင်းတွေကိုပါ တည်ထောင်ကာ     နိုင်ငံအတွက်     အသက်ပေး ကာကွယ်မယ့်သူတွေကို   စုစည်းလေ့ကျင့်ပေးခဲ့ရ တယ်။ စာရေးသူလည်း အမှတ်(၁)လေ့ကျင့်ရေး တပ်(မင်္ဂလာဒုံ)မှာ  သင်တန်းတက်ရောက်ပြီးတဲ့ အခါ  အင်အားဖြည့်တင်းရေးတပ်(တောင်ပိုင်း)၊  မှော်ဘီမှာ တန်းမြင့်စစ်ပညာတွေကို ဆက်လက်  သင်ယူရင်း တပ်စိတ်၊ တပ်စုတိုက်ပွဲတွေ ဆင်နွှဲခဲ့ရ တယ်။ အဲဒီလို တန်းမြင့်စစ်ပညာတွေ သင်ယူနေဆဲ မှာပဲ “ဗိုလ်ရှုသဘင်”တွင်  ချီတက်အလေးပြုဖို့ တစ်လခွဲတိတိ   ကြိုတင်ပြီး  လေ့ကျင့်ခန်းတွေ “ချွေးထွက်မှ သွေးထွက်နည်းမယ်” ဆောင်ပုဒ်နဲ့  အပြင်းအထန်လေ့ကျင့်ခဲ့ရတယ်။      ဝတ်စုံကို  တောင့်တင်းနေအောင် ကော်ရည်စိမ်၊  မီးပူတိုက်ရ သလို Combat Boot ရဲ့ ထိပ်တွေပြောင်လက်နေ အောင်၊   ခါးပတ်ကြေးခေါင်းတွေ   ပြောင်လက် နေအောင်လည်း  ရက်သတ္တပတ်အလိုမှာကတည်း က တိုက်ချွတ်ပြီး Kit Lay Out ပြသထားခဲ့ရတယ်။ 


“ဗိုလ်ရှုသဘင်”    မတိုင်မီ    “ည”ကတော့  အလုပ်အများဆုံး၊ အပင်ပန်းဆုံးဖြစ်တယ်။ အိပ်ချိန်  ည  ၉  နာရီမှာ   အဆောင်မီးပိတ်လို့   မပျော် ပျော်အောင်အိပ်ရတယ်။ နံနက် ၂ နာရီမှစတင်ကာ  တစ်ကိုယ်ရေသန့်ရှင်းရေး  လုပ်စရာတွေလုပ်ပြီး  ယူနီဖောင်းအပျံစားဖြစ်အောင်      ဝတ်ရတယ်။ နံနက် ၃ နာရီမှာ ယူဂိုဆလတ်လက်ဆောင် Yugo-tam  သုံးတန်ယာဉ်နဲ့ထွက်ခွာခဲ့ရာ  ပြည်လမ်း စစ်သားစုဆောင်းရေးတပ်သို့ နံနက် ၄ နာရီကျော်မှ  ရောက်ရှိတယ်။  အဲဒီတုန်းက    ပြည်လမ်းမှာ ဗိုလ်ရွေးတပ်ဖွဲ့လည်း ရှိခဲ့တယ်။  စုရပ်မှာတန်းစီ စစ်ဆေးပြီး တပ်ရင်းတပ်ဖွဲ့အလိုက် နေရာယူကြ ရတယ်။ “စည်းကမ်းဟာ တပ်မတော်ရဲ့  ကျောရိုး ဖြစ်တယ် ...”ဆိုရိုးနဲ့အညီ တပ်မတော်ရဲ့ စည်းကမ်း ပြည့်ဝမှုနဲ့ အင်အားတောင့်တင်းမှုကို ဗိုလ်ရှုသဘင် မှာ    ပြသနိုင်ခဲ့ပါတယ်။   ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်သွားစေခဲ့တာကတော့ အဆိုတော်မြသက်မူ ရဲ့ ကရုဏာရသမြောက်တဲ့  “လာ..လာ…ချေပြီ၊ ပျို့ချစ်ဦးလည်း၊   ထူးတဲ့ဇာနည်၊   တပ်မတော် ရှေ့တန်းဆီ” ဆိုတဲ့ ဗိုလ်ရှုသဘင်  သီချင်းသံလေး ပါပဲ။  လွတ်လပ်ရေးရဲ့   အထိမ်းအမှတ်ဖြစ်တဲ့ နိုင်ငံတော်အလံတင်အခမ်းအနားမှာ  ဝီရ, ရသ မြောက်တဲ့ နိုင်ငံတော်သီချင်းသံနဲ့  အလေးပြုရတဲ့ အခါ သတ္တိစွမ်းအားတွေ တိုးပွားလာစေပါတယ်။ အလံတော်ဟာ  နိုင်ငံတစ်နိုင်ငံရဲ့  အချုပ်အခြာ အာဏာပိုင်စိုးမှုရဲ့ ပြယုဂ်ပဲဖြစ်ပါပေတယ်။ 


နှစ်ငါးဆယ်ကျော်ကင်းကွာခဲ့ရတဲ့ လွတ်လပ် ရေးနေ့ အလံတင်အခမ်းအနားတွေမှာ  ဗိုလ်ရှု သဘင်    မပါဝင်ခဲ့ပေမယ့်    ၂၀၁၅   ခုနှစ်မှာ ကျင်းပခဲ့တဲ့   (၆၇) နှစ်မြောက်   အခမ်းအနား မှာတော့ ဗိုလ်ရှုသဘင်နဲ့ အလံတင်အခမ်းအနားကို  နေပြည်တော်မှာ  ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ ပါတယ်။  နိုင်ငံတော်အလံဟာ  အမွန်အမြတ် ထားအပ်တဲ့  နိုင်ငံတော်ရဲ့  အဆောင်အယောင် တစ်ရပ်ဖြစ်ရုံသာမက    အချုပ်အခြာအာဏာ ပိုင်စိုးမှုရဲ့  အထိမ်းအမှတ်လည်းဖြစ်တဲ့အတွက် အချုပ်အခြာအာဏာပိုင်  လွတ်လပ်တဲ့နိုင်ငံသား တွေဟာ နိုင်ငံတော်အလံကို  အလေးအမြတ်ထား ရမှာဖြစ်ပေတယ်။  အလေးအမြတ်ထားကိုထားရ မယ့် နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်တစ်ရပ် လည်းဖြစ်တယ်။  ဒါကြောင့်  နိုင်ငံတော်အလံကို အလေးအမြတ်ထားတဲ့အနေနဲ့  (၇၄)  နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့မှာ    အိမ်တိုင်းစေ့တွင် နိုင်ငံတော်အလံလွှင့်ထူပြီး          ကြိုဆိုကြဖို့ တိုင်းရင်းသားသွေးချင်း     ညီအစ်ကိုမောင်နှမ အပေါင်းတို့အား     တိုက်တွန်းနှိုးဆော်လိုက်ရပါ ကြောင်း တင်ပြလိုက်ရပါတယ်။           ။