
နေပြည်တော် ဧပြီ ၁
ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဦးဇော်ဝင်း၊ ဦးအောင်ထွန်းခိုင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ် ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မတ် ၁၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်၌ အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဖြစ်ကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း၊ ယခုအစည်း အဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ရမည့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ကိုလည်း အသိပေးလိုကြောင်း။
တိကျမှန်ကန်ရန်လိုအပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဟု ဖော်ပြပါရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အခြေခံအား ဖြင့် မဲပေးမည့်စာရင်းဇယားများ တိကျမှန်ကန်ရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပမည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် တစ်နိုင်ငံလုံး၏ လူဦးရေစာရင်းကို ကိုင်တွယ် သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ အခန်းကဏ္ဍသည် များစွာ အရေးကြီးပါကြောင်း၊ စာရင်းဇယားများတိကျခိုင်မာ မှန်ကန်မှသာလျှင် မှန်ကန်သည့်ဆန္ဒမဲပေးနိုင်မည့် အနေအထားဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးမည့် အကျုံး ဝင်သူတိုင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားနိုင်ရေး၊ အမြဲနေထိုင်ရာ နေရာဒေသတွင် ဆန္ဒမဲပေးနိုင်ရေးနှင့် နေထိုင် ကြောင်း အထောက်အထားဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်း လဝက ပုံစံ ၆၆/၆ ရှိရေးတို့ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း သိရှိအောင် အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မြေပြင်စာရင်းမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေး
၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်သည့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့် စာရင်းဇယား မှန်ကန်တိကျရန် အဓိကလိုအပ်ပါသဖြင့် စာရင်း ဇယားများ တိကျမှန်ကန်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဌာနများနှင့်ပေါင်းစပ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦး ချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရှိ၊ မရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ၊ မရှိ တစ်အိမ်တက် တစ်အိမ်ဆင်းစိစစ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနရှိ တစ်နိုင်ငံလုံး ထုတ်ပေးထားသည့် မှတ်ပုံတင် မှတ်တမ်းများကို မှတ်တမ်းစာအုပ်မှကွန်ပျူတာသို့ ပြောင်းနေပါကြောင်း၊ အဆိုပါ ကွန်ပျူတာသို့ စာရင်း သွင်းပြီးချိန်တွင် လဝက ပုံစံ ၆၆/၆ ကိုလည်း တစ်ပြိုင်နက် ကွန်ပျူတာအတွင်း စာရင်းသွင်းလျက် ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်စာရင်းနှင့် လဝက ပုံစံ ၆၆/၆ များ ကွန်ပျူတာအတွင်း ရရှိ ပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင်စာရင်း မှန်ကန်မှု ရှိ၊ မရှိ ပြီးစီး အောင် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ကြပ်မတ်စိစစ်ဆောင်ရွက်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်းအား လဝက ပုံစံ ၆၆/၆၊ နိုင်ငံသားစိစစ်ရေးကတ် စသည်တို့နှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးနိုင်မှုမရှိဘဲ ရှိ/ကောက် စနစ် ဆောင်ရွက်ခဲ့၍ မဲမသမာမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံသားတစ်ဦးလျှင် နိုင်ငံသား စိစစ်ရေးကတ်တစ်ခုသာ တရားဝင်ကိုင်ဆောင်ခွင့် ရှိသဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊ မမှန် ကြပ်မတ်စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တရား မဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ ပုံစံ ၆၆/၆ များကိုလည်း စိစစ်ကြရမည်ဖြစ် ကြောင်း၊ သို့မှသာ ဆန္ဒမဲပေးရာတွင် သန့်ရှင်း လွတ်လပ်၍ တရားမျှတမည်ဖြစ်ကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ တစ်နိုင်ငံလုံး မှတ်ပုံတင်ထုတ်ပေးထားသည့် စာရင်းမှာ ၅၁ သန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း၊ အဆိုပါ ထုတ်ပေးပြီးစာရင်းတွင် သေဆုံးသူများ၊ ပြည်ပသို့ထွက်ခွာသွားသူများ၊ ပျက်စီး၊ ပျောက်ဆုံးနှင့် နှစ်ကြိမ် သုံးကြိမ်ထပ်သူများလည်း ပါဝင်နေမည် ဖြစ်ကြောင်း၊ သက်ဆိုင်ဝန်ကြီးဌာနလုပ်အားဖြင့် ကွန်ပျူတာသို့ စာရင်းသွင်းရာတွင် ယခုအထိ ၂၇ သန်းကျော် ပြီးစီးပါကြောင်း၊ စာရင်းရေးသွင်းရန် ကျန်အရေအတွက်သည် ၂၄ သန်းကျော် ရှိနေသေး ကြောင်း၊ အဆိုပါ ကျန်ရှိသည့်အရေအတွက်ကို ကွန်ပျူတာအတွင်း အချိန်မီရိုက်သွင်းကြရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတစ်ခုတည်းအင်အားဖြင့် ကွန်ပျူတာသို့ စာရင်းသွင်းပါက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် အချိန်မီပြီးစီရန် ကြိုးပမ်း လျက်ရှိသဖြင့် အချိန်မီရိုက်သွင်းနိုင်ရန် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့နယ်မြေအလိုက် နှစ်လအတွင်း အချိန်မီပြီးစီးနိုင်ရေး စီမံဆောင်ရွက်ကြ ရန် မှာကြားလိုကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
နိုင်ငံသားစိစစ်ရေးကတ်နှင့် လဝက ပုံစံ ၆၆/၆ တို့၏ ကွန်ပျူတာစာရင်းသွင်းခြင်းလုပ်ငန်းပြီးဆုံး ပါက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အဆင့်အထိ တစ်အိမ်တက် တစ်အိမ်ဆင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းပမာဏသည် များစွာကျယ်ပြန့်ပါကြောင်း၊ အချိန်များစွာ ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသည့် စာရင်းဇယားများအား ကွန်ပျူတာအတွင်း အမြန်ဆုံးဖြည့်သွင်းရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင်ဖြန့်ဝေပေးထား သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အလိုက် စာရင်းဇယားများအား အမြန်ဆုံးဖြည့်သွင်းနိုင်ရေး အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ပေါင်းစပ်၍ အမြန်ဆုံးရေးသွင်းနိုင်ရေးနှင့် ဝန်ကြီးဌာန၏ Sever အတွင်း ရောက်ရှိရေးအတွက် အားလုံးကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အတွင်းကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲ ဆိုင်ရာအချက်အလက်များနှင့် ပြဋ္ဌာန်းချက်များကို အားလုံး သိရှိလိုက်နာနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်ပေါင်းစပ်၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းပြောကြားသည်၊၊
ဆွေးနွေးတင်ပြ
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူ များက ရွေးကောက်ပွဲဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ မဲစာရင်းများမှန်ကန်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စာရင်း ဇယားအချက်အလက်များ ဖြည့်သွင်းခြင်းအတွက် Working Group များချိတ်ဆက်ဆောင်ရွက်မည့်ပုံစံများကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက နိုဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်