
နေပြည်တော် ဇန်နဝါရီ ၂၃
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများက ရုံးအမှတ်(၂၇)မှ လည်းကောင်း၊ ကြီးကြပ်မှုအောက်နယ်ဒေသများမှ ရေနံမြေအထွေထွေ မန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ စစ်ဆေးရေး အရာရှိချုပ်များက သက်ဆိုင်ရာဒေသမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
လျှပ်စစ်ကဏ္ဍ သုံးစွဲမှု
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့် အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းများ၊ အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် တစ်နိုင်ငံလုံး၏ ၅၈ ရာခိုင်နှုန်း ပြည့်မြောက်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အား စနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၀၀ ရာခိုင်နှုန်း သို့ ရောက်ရှိရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ လုပ်ငန်းများကို မိမိတို့တိုင်းပြည်အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ဆောင်ရွက် ခဲ့ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အခြား ကဏ္ဍများနှင့် သဘောသဘာဝကွဲပြားပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးနှင့် ဆက်စပ်နေသဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် Response မြန်ဆန်ရန် လိုအပ်ကြောင်း။
စရိတ်သက်သာလာအောင် ဆောင်ရွက်
ထို့အပြင် Planning ဌာနများအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှု၊ ချက်လုပ်ဖြန့်ဖြူးမှု စသည့် အချက်အလက်များကိုစုစည်း၍ ၎င်းတို့အပေါ်၌ Data balance လုပ်ခြင်း၊ သုံးသပ်ခြင်းတို့ ဆောင်ရွက်ရန် လိုကြောင်း၊ ထုတ်ပြန်ပြီးဥပဒေများနှင့်အညီ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး ထုတ်ပြန်သွားရန် လိုအပ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်၊ LPG ဆိုင်၊ ရေနံချက်ဖို၊ Mini Refinery၊ ရေယာဉ်ဆိုင်ရာ Bunkering လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ စည်းစနစ်တကျရှိစေရန် Regulatory ဌာနမှ ကြီးကြပ် ထိန်းသိမ်းသွားရန်လိုကြောင်း၊ လိုင်စင်လျှောက်ထားခြင်း၊ ငွေပေးချေခြင်းတို့ကို လျင်မြန်လွယ်ကူရန် Online စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ လေယာဉ်ဆီ ဖြည့်တင်းသည့်လုပ်ငန်းများကိုလည်း ယခုထက်ပိုမိုကျယ်ပြန့်ပြီး စရိတ်သက်သာ လာအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် မိမိတို့ဌာန၏ Target ထားသည့် ရေနံစိမ်းအထွက် တိုးထုတ်လုပ်မှုစည် ၁၀၀၀၀ အစီအမံ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အထွက်တိုးပြီး စရိတ်သက်သာစေမည့် ရေနံမြေ ပေါင်းစည်းရေးအစီအမံ၊ National Pipeline Network Master Plan များကို အကောင်အထည်ဖော် ဆောင်ရွက် ထားရန်လိုကြောင်း၊ အနာဂတ်ကာလတွင် Green Energy နှင့် Green Economy လမ်းကြောင်းသို့ သွားရန်အတွက် CNG လုပ်ငန်းများကို ရန်ကုန်ဒေသအပြင် နေပြည်တော်နှင့် အခြားဒေသများတွင်လည်း စီစဉ်ဆောင်ရွက်သွားရန် လိုကြောင်း။
ရေနံဓာတ်ငွေ့ရည်များ တိုးချဲ့ဖြန့်ဖြူး
အနာဂတ်ကာလတွင် စီးပွားရေးတွက်ခြေကိုက်မှု ရှိသည့် ပြည်တွင်းပြည်ပစျေးကွက်ကို ထိုးဖောက်နိုင်သည့် ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ LPG စက်ရုံစီမံကိန်း အသစ်များကိုလည်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ LPG အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေး နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်ရန် ရေနံဓာတ်ငွေ့ ရည်များကို အိမ်သုံးလောင်စာအဖြစ် ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ရေနံဓာတ်ငွေ့ရည်ကို နိုင်ငံတကာပေါက်စျေးနှင့်အညီ စျေးနှုန်းသင့်တင့်စွာ သုံးစွဲနိုင်ရေးအတွက် ရေနံဓာတ်ငွေ့ရည်များကို တိုးချဲ့ ဖြန့်ဖြူးပေးနိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ရည်မှန်းထားသော လုပ်ငန်းများ အချိန်မီ အကောင်အထည် ဖော်နိုင်ရေး မိမိတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော ပုဂ္ဂလိကကုမ္ပဏီများ၊ မိမိတို့မှ ဝန်ဆောင်မှု ပေးနေရသော ပြည်သူများမှ လုပ်ငန်းများကို အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကူညီပံ့ပိုးပေးရန် လိုကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများသည် နိုင်ငံတော်၏ အနာဂတ်စွမ်းအင်ဖူလုံရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာဝင်ငွေများ ပိုမိုရရှိရေးတို့အတွက် အရေးပါသဖြင့် စီမံချက်ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းသဘောသဘာဝအရ ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး တို့အတွက် အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြား လိုကြောင်း။
ယခုအစည်းအဝေးမှ ၂၀၂၀-၂၀၂၁ ပထမ သုံးလပတ် တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် နောက် လာမည့် ဒုတိယ သုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို တင်ပြဆွေးနွေးပြီး လိုအပ်ချက်များကို ပူးပေါင်းဝိုင်းဝန်းကြိုးပမ်း အဖြေရှာဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေရသည့် လုပ်ငန်းများဖြစ်၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက ချမှတ်ထားသည့် စည်းကမ်းများ နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ အရှိန် အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း အထူးသတိပေးလိုကြောင်း ပြောကြားသည်။
သုံးသပ်ဆွေးနွေးတင်ပြ
ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ စစ်ဆေးရေးအရာရှိချုပ် များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း လျာထားချက်များအပေါ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၂၀-၂၀၂၁ ဒုတိယ သုံးလပတ်ကာလ အတွင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်သည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်