
တိုကျို နိုဝင်ဘာ ၂၄
လျှပ်စစ်ကားများ ပြောင်းလဲ ထုတ်လုပ်နိုင်ရေး အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် မာဇဒါ ကားကုမ္ပဏီမှ ၎င်းတို့၏အစီအစဉ် ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီ သည် ၂၀၃၀ ပြည့်နှစ် အရောက် တွင် လျှပ်စစ်ကားများ ထုတ်လုပ် နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားမည်ဟုသိရသည်။
ဆယ်စုနှစ် အကုန်ပိုင်းတွင် လျှပ်စစ်ကားများ ရောင်းချနိုင်မှု မှာ ကားသစ်ရောင်းချနိုင်မှု၏ ၄၀ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု မာဇဒါကုမ္ပဏီမှ အရာရှိများက ခန့်မှန်းထားသည်။ ယင်းပမာဏ မှာ ယခင်ခန့်မှန်းချက်ထက် ၂၅ ရာခိုင်နှုန်းပိုများသည်။ ရင်းနှီး မြှုပ်နှံမှုများထဲတွင် မိတ်ဖက် အဖွဲ့အစည်းများလည်း ပါဝင်မည် ဖြစ်သည်။
တရုတ် ဘက်ထရီကုမ္ပဏီ Envision AESC ထံမှ ထုတ်ကုန် များဝယ်ယူရန်လည်း သဘော တူညီပြီးဖြစ်သည်ဟု မာဇဒါ ကားကုမ္ပဏီမှ အရာရှိများက ပြောသည်။ နည်းပညာပိုင်း ဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေး အတွက်လည်း ကျိုတိုအခြေစိုက် Rohm ကုမ္ပဏီနှင့် အလုပ်အတူ လုပ်ကိုင်သွားရန် အစီအစဉ်ကို လည်း ထုတ်ဖော်ပြောကြား ခဲ့သည်။
အင်န်အိတ်ချ်ကေ