
လန်းတင့်ကြွယ်ကြွယ် မွှေးမပြယ်
] ဘယ်ခါမမေ့၊ မျက်ရည်ဝေ့လျက်
လွမ်းငွေ့လှိုက်ဆူ၊ ရင်ပူခဲ့ရိုး
ဆယ့်ကိုးဇူလိုင် ရောက်ပါကော။
] ဘယ်ခါမမေ့၊ ထိုရက်နေ့မှ
ယနေ့တိုင်အောင်၊ လွမ်းဖွဲ့နှောင်လျက်
မိုးမှောင်မုန်တိုင်း၊ ကဆုန်စိုင်းသို့
ရင်လှိုင်းတုန်ခတ်နေဆဲလေ။
] အံ့လောက်ပါရဲ့
နယ်ချဲ့စေပါး၊ လူရမ်းကားတို့
စဉ်းစားတွေးခေါင်၊ အချောင်စိတ်ကူး
ယစ်မူးအာဏာ၊ မက်မောပါ၍
ညှာတာမဲ့ကင်း၊ ရက်စက်ခြင်းကြောင့်
သွေးခင်းမခန်း၊ သွေးလမ်းစီဆင့်
ကိုးပွင့်ပန်းတို့ ကြွေကာလွင့်။
] ဪ - ခုချိန်ခါဝယ်
မြန်မာတို့ဘုန်း ကမ္ဘာဖုံးအောင်
စည်းလုံးစုပေါင်း။
ကျိုးကြောင်းဆီလျော်၊ လမ်းစဉ်တော်နှင့်
တူပျော်ပြုံးပန်း၊ ဆင်ကာမြန်းပေါ့
လှပန်းကိုးပွင့်၊ ကြွေကာလွင့်လည်း
လန်းတင့်ကြွယ်ကြွယ် မွှေးမပြယ်။ ။
ဖိုလေးလုံးသောင်းကိုကို