လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၌ စီမံကိန်း ၃၀ ကျော်ကို ဖော်ဆောင်နိုင်ခဲ့

 

နေပြည်တော်  ဇန်နဝါရီ  ၁၉


လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေကို တရုတ်နိုင်ငံမှ ငွေကြေးထည့်ဝင် ထူထောင်ပြီးကတည်းက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ကူညီပံ့ပိုး၍ စီမံကိန်း ၃၀ ကျော်ကို   ဖော်ဆောင်ခဲ့ကြောင်း နေပြည်တော်၌ ဇန်နဝါရီ ၁၃ ရက်က  ကျင်းပသည့်  လန်ချန်း-မဲခေါင်စီမံကိန်းများ   စတင်ခြင်းအခမ်းအနားသို့  သံမှူးကြီး  Mr.   Zheng   Zhihong   တက်ရောက်စဉ်   ထည့်သွင်းပြောကြားခဲ့သည်။

 


မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်စီမံကိန်းများ စတင်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး ကြီး၊ မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု   ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းနှင့် ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ ၁၅၀ ကျော် တက်ရောက်ကြ သည်။

 


သံမှူးကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အေးအတူပူအမျှ အသိုက်အဝန်း ဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ   ဂရုတစိုက်   ပံ့ပိုးကူညီပေးခဲ့ ကြောင်း၊ မြန်မာနိုင်ငံရှိ   ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်ကောင်းမွန်စေရန် ကူညီမြှင့်တင်ပေးခဲ့ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦး နှစ်ဖက်အကြား    စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ   မြှင့်တင်ရန် အရေးကြီးသော စင်မြင့်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လက  မြန်မာနိုင်ငံ၌  ကျင်းပခဲ့သော   သတ္တမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုနှင့် စားနပ်ရိက္ခာဖူလုံမှု အာမခံပေးရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို   ထုတ်ပြန်ခဲ့ပြီး လန်ချန်း-မဲခေါင်နိုင်ငံများအတွက် စိုက်ပျိုး ရေးနည်းပညာ မြှင့်တင်မှုစီမံကိန်း ၁၀၀ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဖြင့် ကြွယ်ဝ ချမ်းသာရရှိမှု ဦးဆောင်သူ ၁၀၀၀ လေ့ကျင့် သင်ကြားပေးခြင်း၊ ကောင်းမွန်သောစံပြ လယ်မြေဟက်တာ ၁၀၀၀၀ ကို  တည်ဆောက် ခြင်း လုပ်ဆောင်မှုအစီအစဉ်ကို  ဆောင်ရွက် မည်ဟု တရုတ်နိုင်ငံက ကြေညာခဲ့ကြောင်း ထည့်သွင်းပြောကြားသည်။

 


ထို့အတူ မြန်မာနိုင်ငံကို   ကူညီ၍ ဆန်စပါး၊ ကော်ဖီ၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ၊ မက္ကဒေးမီးယား  စသော လယ်ယာထွက်ကုန်များ    စိုက်ပျိုးမှု နည်းပညာနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို မြှင့်တင်ပေးခဲ့ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေး သုတေသနဌာနများ၊   ပိုးမျှင်ကောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ များ၊ အစားအသောက် အချောထည်ပြုလုပ်မှု လုပ်ငန်း သင်ကြားပို့ချရေးစင်တာ၊ စိုက်ပျိုး ရေးတိုးချဲ့ဓာတ်ခွဲခန်း    စသည်တို့ကို တည်ဆောက်ပေးခဲ့ကြောင်း၊    ထို့ပြင် နေပြည်တော်ရှိ   အေးချမ်းသာကျေးရွာနှင့် မင်းပြင်ကျေးရွာတို့တွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စံပြကျေးရွာနှစ်ရွာတည်ဆောက် ရန်    တရုတ်နိုင်ငံက   မြန်မာနိုင်ငံအား ကူညီပံ့ပိုးပေးခဲ့ပြီး      စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကို  ကန့်သတ်ထား သော လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး စသော  အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများကို တက်ကြွစွာ ကူညီဖြေရှင်း ပေးခဲ့ကြောင်း သိရသည်။

 


တရုတ်နိုင်ငံသည်    နှစ်ဦးနှစ်ဖက် Bilateral နှင့် လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု စသည့် နိုင်ငံစုံယန္တရားများ အောက်တွင် မြန်မာနိုင်ငံနှင့်အတူ စိုက်ပျိုး ရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်ရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး   အတွေ့အကြုံများ မျှဝေပေးရန်၊ မြန်မာနိုင်ငံကို ခေတ်မီစိုက်ပျိုး ရေးဖော်ဆောင်နိုင်စေရေး ကူညီပေးရန် ဆန္ဒရှိကြောင်း၊ ယနေ့  စတင်လိုက်သော စီမံကိန်းများမှ မျှော်မှန်းထားသောရလဒ်များ ထွက်ပေါ်လာနိုင်ပြီး မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမား များ ဝင်ငွေတိုးပွားရေးတို့ကို လက်တွေ့ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။    

                                   
 သီရိ