လမြတ်ကဆုန်နွေ သွန်းလောင်းညောင်ရေ

Type
99

 

ပန်းခရေ
 

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများအတွက် ကဆုန်လပြည့်နေ့သည်  တကယ့်နေ့ထူး နေ့မြတ် ပင်ဖြစ်သည်။   ကဆုန်လပြည့်၏    ထူးခြားချက် ငါးရပ်ရှိသည်။ 

 


၎င်းတို့မှာ (၁)  ဗျာဒိတ်ခံယူသည့်နေ့၊    လေး သင်္ချေနှင့်ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့၊ (၂) ဖွားမြင်သည့်နေ့  မဟာသက္ကရာဇ်  ၆၈    ခု ကဆုန်လပြည့်(သောကြာနေ့)၊ (၃) ဘုရားဖြစ်တော် မူသည့်နေ့  မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)၊  (၄)  ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ မဟာသက္ကရာဇ်   ၁၀၄   ခု   ကဆုန်လပြည့်နေ့၊ (၅)  ပရိနိဗ္ဗာန်စံသည့်နေ့  မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် (အင်္ဂါနေ့) စသည်တို့ဖြစ်သည်။ 

 


မာရ်ငါးပါးကို အောင်မြင်တော်မူသောနေ့


ထို့ကြောင့် ကဆုန်လပြည့်နေ့ကို ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့် ၊ စံ ဟု အကျဉ်းချုပ်မှတ်သားကြသည်။ ထို့ပြင်   ကဆုန်လပြည့်နေ့တွင်    မာရ်ငါးပါးကို အောင်မြင်တော်မူခြင်းကြောင့် မာရ်အောင်မြင်သော နေ့လည်းဖြစ်သည်။

 


မြန်မာတို့၏ ၁၂  လရာသီတွင်  ကဆုန်လသည် အပူဆုံးလတစ်လဖြစ်သည်။     တန်ခူး-ကဆုန် ဆွေ့ဆွေ့ခုန်ဟု  ကဆုန်လ၏  ပူပြင်းမှုကို မြန်မာတို့ တင်စားကြသည်။  အပူဆုံးလတွင်      မြတ်ဗုဒ္ဓဂုဏ် တော်ကို နှလုံးသွင်း၍  ဗုဒ္ဓဘာသာဝင်အပေါင်းတို့ သည် မြတ်ဗုဒ္ဓ၏ကိုယ်ပွား ပရိဘောဂစေတီထိုက် သော ဗောဓိပင်တွင် ရေစင်ရေအေးသွန်းလောင်းပေး ၍ နှလုံးစိတ်ဝမ်းအေးချမ်းသာယာအောင် ဆောင်ကြဉ်း ရမည်ဖြစ်သည်။ 

 


မြတ်ဗုဒ္ဓ၏ အစ၊ အလယ်၊ အဆုံး ပါဝင်နေသည့် ကဆုန်လပြည့်နေ့သည် အထူးမြတ်ဆုံးနေ့တစ်နေ့ ဖြစ်သည်။   ဗုဒ္ဓဘာသာဝင်တို့အနေဖြင့်    ကဆုန် လပြည့်နေ့ကို“ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊  စံဝင် နိဗ္ဗာန်နန်း”ဟူ၍ အမှတ်အသားပြုကြသည်။ ကဆုန် လသည်  နွေလဖြစ်သည့်အလျောက် ဆည်မြောင်း၊ ကန်ချောင်း၊ ရေတွင်း၊ ရေအိုင်တို့ ရေခန်း၊ ရေပြတ် သည့်လဖြစ်သည်။  မြန်မာလများအနက်   ဒုတိယ မြောက်လ၊ ပြိဿရာသီ၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ် သောလဖြစ်သည်။ ထို့ကြောင့် ပါဠိ၊ သက္ကတ၊  ဟိန္ဒီ ဘာသာတို့တွင် ကဆုန်လကို ‘ဝိသာခါ’(Vesaka) ဟုခေါ်ကြသည်။  ယင်းမှဆင်းသက်ကာ   ကဆုန် လပြည့်နေ့ကို Vesak Day ဟု ခေါ်ဝေါ်ကြသည်။ ခရစ်နှစ် ၁၉၉၉  ခုနှစ်မှစ၍   ကဆုန်လပြည့်နေ့ (Vesak Day)သည် အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် “Vesak Universal Holiday” ဖြစ်လာခဲ့သည်။

 


အပူဆုံးကာလ   ကဆုန်လတွင်     သစ်ပင် ပန်းမန်တို့    အပူရှိန်ကြောင့်      ခြောက်သွေ့ကြရာ ဗောဓိညောင်ပင်ကို          ရေစင်သွန်းလောင်း၍ ပြန်လည်လန်းဆန်းလာသကဲ့သို့ မြတ်ဗုဒ္ဓ၏ နေ့ထူး ရက်မြတ်များ၌ အစဉ်အလာအားဖြင့် ပြုလုပ်လေ့ရှိ သည့် ထုံးတမ်းဓလေ့များကို စုပေါင်းညီညွတ်စွာဖြင့် ပြုလုပ်ခြင်းသည် ကောင်းမှုကုသိုလ်များ ဝေဆာလာ ပြီး အေးချမ်းသာယာဝပြောလာမည်ဖြစ်သည်။

 


သာသနာတော်ကို  စောင့်ရှောက်၊
အမျိုးကောင်းသားသမီးများ အစဉ်ပေါ်ထွန်း 


ထေရဝါဒသာသနာကိုကိုယ်စားပြုသည့် ဗောဓိ ရွှေညောင်ပင်ကြီး  အညွန့်တလူလူဝေပြီး   စိမ်းစို လန်းဆန်းနေစေရေးအတွက်  ကဆုန်လပြည့်နေ့ တွင်   စုပေါင်းညီညာရေစင်သွန်းလောင်းသကဲ့သို့ ဘာသာသာသနာ   အသွေးအသား    မခန်းခြောက် အောင်    ဗုဒ္ဓဘာသာဝင်အပေါင်းတို့က    စုပေါင်း ဆောင်ကြဉ်းကြရမည်ဖြစ်သည်။    ဗုဒ္ဓဘာသာကို ကိုယ်စားပြုသည့် ဗောဓိညောင်ပင် အညွန့်တလူလူ နေစေရန်    ယနေ့မှစ၍    အနာဂတ်ကာလတွင် သာသနာတော်ကို  စောင့်ရှောက်ကြရမည့်   အမျိုး ကောင်းသားသမီးများ အစဉ်အဆက်ပေါ်ထွန်းနေ စေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ 

 


မြန်မာတို့အဖို့     ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဘုရားရှင် သဗ္ဗညုတဉာဏ်တော်  ရရှိခဲ့သည့်နေရာ မဟာဗောဓိညောင်ပင်ကို    ရေသွန်းလောင်းကာ ကုသိုလ်ယူရင်း ဤနေ့သည်  ဘုရားလောင်းဖွားမြင် တော်မူသောနေ့၊  ဤနေ့သည် ဘုရားပွင့်တော်မူသော နေ့၊ ဤနေ့သည် ဘုရားပရိနိဗ္ဗာန်စံသောနေ့အဖြစ် အောက်မေ့သတိရကာ ဓမ္မသံဝေဂတို့ရယူကြသည်။ ဤနေ့မှာပင် ဗုဒ္ဓသည်  သင်္ခါရတရားတို့၏ ပျက်စီး ခြင်းသဘောကို မမေ့မလျော့မပေါ့သောသတိဖြင့် ရှုမြင်ကြရန် မှာကြားကာ  ပစ္ဆိမဗုဒ္ဓဝစန နောက်ဆုံး စကား မြွက်ကြားတော်မူခဲ့သည်ကို အမှတ်ရကာ မိမိတို့၏ ဘဝတစ်သက်တာကို မကောင်းမှုမှန်သမျှ ရှောင်ရှားခြင်း၊ ကောင်းမှုမှန်သမျှ ဆောင်ရွက်ခြင်း၊ စိတ်နှလုံးဖြူစင်အောင် ကျင့်ကြံခြင်းဖြင့် တန်ဖိုးမြှင့် နိုင်ကြဖို့လိုသည်။ 

 


မြန်မာနိုင်ငံ၌ ရှေးဘုရင်များရှိခဲ့စဉ်က  ကဆုန် လတွင်  ကျင်းပသော   ညောင်ရေသွန်းပွဲတော်သည် ဘုရင်မင်းမြတ်ကိုယ်တော်တိုင်   ကြီးမှူးကျင်းပ၍    အလွန်ကြီးကျယ်      ခမ်းနားစည်ကားလှသည်။ ကုန်းဘောင်ခေတ်   ဆင်ဖြူရှင်မင်းတရားလက်ထက် တွင် မဲဇာသို့ အပို့ခံရသော လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် ကဆုန်လပြည့်နေ့တွင် မဲဇာရပ်သူတို့ ကျင်းပသွန်းလောင်းကြသော ညောင်ရေပွဲသဘင်ကို တွေ့မြင်လိုက်ရသည့်အခါ ရတနာပူရရွှေမြို့တော် ကြီး၌   နှစ်စဉ်ကျင်းပမြဲဖြစ်သော   ညောင်ရေသွန်း ပွဲတော်ကြီးကို မြင်ယောင်လာပြီး “ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာ ရပ်သူ၊ တောင်းဆုယူသည်” ဟူ၍ သူရောက်နေသော မဲဇာအရပ်မှ ညောင်ရေသွန်းပွဲကို မှတ်မှတ်ရရစာဖွဲ့ခဲ့ သည်။

 


မိုးခေါင်သောအရပ်များတွင် မိုးရွာစေရန် 
ညောင်ရေသွန်းလောင်းသောဓလေ့ရှိခဲ့


ကဆုန်လ    ညောင်ရေသွန်းလောင်းခြင်းနှင့် ပတ်သက်၍   လောကဗျူဟာအင်ရုံစာတမ်းတွင် ထူးခြားသောမှတ်ချက်တစ်ခုရှိသည်။   “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုရိုးစကားအတိုင်း နွေကာလ ၏   အပူဆုံးလများဖြစ်၍   ရေခန်းခြောက်သည်။ ရမည်းသင်း မင်းတရားကြီးလက်ထက်တွင် ကဆုန် လ မိုးမရွာ၍ အိပ်မက်မြင်မက်ရာ၊ ထိုအိပ်မက်ထဲက အတိုင်း    ပတ္တမြားစေတီဘုရား၌    ညောင်ရေ သွန်းလောင်းခြင်းကိစ္စကို စီရင်ခဲ့ရာ မိုးသည်းထန်စွာ ရွာချခဲ့ကြောင်းနှင့် မိုးခေါင်ရေရှားသော အရပ်များ တွင် မိုးကြီးရွာချစေရန် ညောင်ရေသွန်းလောင်းသော ဓလေ့ရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ရသည်။

 


ထူးမြတ်သောကဆုန်လသည် “ဖွင့်ပွင့်ပန်းစုံ၊ ရနံ့ထုံသည့် ကဆုန်လ”ဟူသော ဆိုရိုးစကားအတိုင်း နှင်းဆီပန်းရောင်စုံ၊ ရွှေပန်းနှင့်ငွေပန်း၊ ကံ့ကော်ပန်း၊ စံပယ်ပန်း၊   ဂန္ဓမာပန်း၊    တောနေကြာပန်းများ သာမက  တစ်နှစ်မှတစ်ခါသာပွင့်သည့်  ပိတောက် ပန်းတို့၏ အလယ်တွင်  ကဆုန်လမြတ်၏ပန်းဖြစ် သော “စံကားပန်း”မှာ   ထုံသင်းပျံ့သောရနံ့ဖြင့်    အဝါ၊  အစိမ်းရောင်ခြယ်ကာ ပန်းတို့ချင်းအလှပြိုင် အနိုင်ရသည့် လလည်းဖြစ်သည်။    ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ မွှေးပျံ့သောစံကားပန်းလေးများသည် အဖြူရောင်၊ အဝါရောင်အမျိုးမျိုးရှိကြသည်။ 

 


ကဆုန်လကို  ပုဂံခေတ်ကျောက်စာများတွင် ကဆုန်၊   ကုဆုန်   ဟူ၍နှစ်မျိုးရေးသားကြသည်။ က၊ ကုတို့သည် ရေဟုအဓိပ္ပာယ်ရ၍ ဆုန်သည် သွန်းလောင်းသည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ကဆုန်လဆိုသည်မှာ  ရေသွန်းလဟုဆိုလိုသည်။ ကဆုန်လပြည့်နေ့အခါသမယတွင် မြန်မာတို့သည် မိမိတို့အရပ်ဒေသအသီးသီးရှိ      စေတီပုထိုးများ၊ ညောင်ပင်များ၌      ညောင်ရေသွန်းလောင်းပွဲကို ကျင်းပကြသည်။   အပူဓာတ်လွန်ကဲသောကာလ ဖြစ်သည့်အတွက် အင်းအိုင်များ ရေခန်းခြောက်ချိန် ဖြစ်သည်။ လွန်စွာပူအိုက်နေသောအချိန်တွင် ရေစင် သွန်းလောင်းခြင်းသည် အေးမြခြင်း၊ ကြည်နူးခြင်း၊ ချမ်းမြေ့ခြင်း ပီတိစိတ်ကိုဖြစ်စေသည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့တွင်    ညောင်ရေသွန်းလောင်း ပူဇော်ရသောကုသိုလ်ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာ၍   ဖွံ့ဖြိုး တိုးတက်ပါစေကြောင်း     ဆုမွန်တောင်းလိုက်ရပါ သည်။ 

 


ဘာသာရေးကို အခြေခံသည့် လူငယ်လူရွယ်များ  ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ဆောင်လာ


အနာဂတ်ကာလတွင် အရာရာကို ပခုံးပြောင်း တာဝန်ယူကြမည့်  လူငယ်လူရွယ်များ၏   အခြေခံ စိတ်ရင်းများတွင်   မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့် ထုံမွမ်းနေသည့် ကောင်းသောအစဉ်အလာများကို လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်ရန်   လိုအပ် သည်။  ကဆုန်လပြည့်  ညောင်ရေသွန်းပွဲတော်ကဲ့သို့ ဘာသာရေးကို အခြေခံသည့်  ကောင်းသောအစဉ် အလာများကို လူငယ်လူရွယ်များက  ကျယ်ကျယ် ပြန့်ပြန့်ပါဝင်လုပ်ဆောင်လာအောင် စီမံဆောင်ရွက် နိုင်လျှင် လောကပတ်ဝန်းကျင်နှင့် နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာဝပြောလာမည်ဖြစ်သည်။ ဘာသာ ရေးကို         အခြေခံသည့်ပွဲတော်များမှတစ်ဆင့် ကောင်းမှုကုသိုလ်များ၊  ဗုဒ္ဓအဆုံးအမများ လွှမ်းခြုံ မြှင့်တင်ပေးမှသာလျှင် မျိုးဆက်သစ်လူငယ်များ အချင်းချင်း ရင်းနှီးချစ်ကြည် လက်တွဲပူးပေါင်းကာ ကောင်းသောခရီးလမ်းများကို  ဆက်ကြရမည်ဖြစ် သည်။    မိမိတို့မိသားစု၊     မိမိတို့ပတ်ဝန်းကျင်နှင့် မိမိတို့နိုင်ငံတော်ကို အကျိုးပြုမည့်     အမျိုးကောင်း သားများ     စဉ်ဆက်မပြတ်    ပေါ်ထွန်းလာမည် ဖြစ်သည်။ 

 


သို့ဖြစ်ရာ ကဆုန်လပြည့်   ဗုဒ္ဓနေ့  ကဆုန် ညောင်ရေသွန်းပွဲတော်ကဲ့သို့ မြတ်ဗုဒ္ဓနှင့် သက်ဆိုင် ရာ ပွဲတော်များတွင် နိုင်ငံတစ်ဝန်းလုံးလွှမ်းခြုံကာ လူကြီးသူမများသာမက    မျိုးဆက်သစ်လူငယ် လူရွယ်များပါ   ပူးပေါင်းဆောင်ရွက်လာခြင်းဖြင့် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်        ပြည့်စုံသော နိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း    တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။