
နေပြည်တော် ဧပြီ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှု ဖြင့် “လမ်းပေါ်နေကလေးများ လျော့နည်းရေး နှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်” တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း Volunteer များအား အသိပညာပေးသင်တန်းကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ Online အစီအစဉ်ဖြင့် ဖွင့်လှစ်လျက် ရှိရာ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး က စေတနာ့ဝန်ထမ်း Volunteer များကို Online ဖြင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ကလေးသူငယ်များအတွက် ပံ့ပိုးဆောင်ရွက်ပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လမ်းပေါ်နေ ကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ ကနဦးစီမံချက် မြို့နယ် များ ရွေးချယ်ခြင်း၊ ရန်ပုံငွေများ သတ်မှတ်လျာထား ခြင်း၊ လမ်းပေါ်နေ ကလေးများအတွက် နားခိုရာနေရာ (Drop in Center) များ သတ်မှတ်ခြင်း၊ စီမံချက်ကာလ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း Volunteer များအနေနှင့်လည်း လုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် မည်သို့ပင် အခက်အခဲများနှင့် ကြုံတွေ့ရစေသော်လည်း စေတနာ့ဝန်ထမ်းများ၏ သည်းခံစိတ်၊ စာနာ နားလည်စိတ် “မေတ္တာ၊ စာဂ၊ ဝီရိယ” တို့ဖြင့် မိမိတို့၏ အချိန်၊ လုပ်အားအကူအညီများဖြင့် စီမံချက်ဒေသ များဖြစ်သည့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ လမ်းပေါ်နေ ကလေးသူငယ်များအတွက် ပံ့ပိုးဆောင်ရွက်ပေးကြစေ လိုပါကြောင်း ပြောကြားသည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် မသန်စွမ်းသူ များအတွက် ပုဂ္ဂလိကပညာသင် အထူးကျောင်း၊ ပုဂ္ဂလိကအသက်မွေးမှု အထူးသင်တန်းကျောင်း၊ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာနများနှင့် ညှိနှိုင်း အစည်းအဝေးကို အဆိုပါဝန်ကြီးရုံး EC ခန်းမ၌ ကျင်းပသည်။
မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းခွင့်ပြုပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ၊ အခန်း (၁၃) နှင့် နည်းဥပဒေများ၊ အခန်း (၁၀) တို့တွင် ပုဂ္ဂလိက ပညာသင်အထူးကျောင်း၊ ပုဂ္ဂလိက အသက်မွေးမှု အထူး သင်တန်းကျောင်းနှင့် ပုဂ္ဂလိက ပြန်လည် ထူထောင်ရေးဌာနများ တည်ထောင်ဖွင့်လှစ်ခြင်းကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ တရားဝင် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားလာသည့် မသန်စွမ်းပုဂ္ဂလိက အထူးကျောင်းများအနက် “စံ” သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းပုဂ္ဂလိကအထူးကျောင်း ရှစ်ကျောင်းကို တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေး ထားပါကြောင်း၊ တည်ထောင်ဖွင့်လှစ်ခွင့်ရရှိသော ကျောင်းများအနေဖြင့် သတ်မှတ်ထားသည့် ခွင့်ပြုမိန့် ထုတ်ပေးခကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ အခန်း (၁၅)၊ ပုဒ်မ (၆၉)၊ ပုဒ်မခွဲ (ဃ) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာရန်ပုံငွေ သို့ ထည့်သွင်းရမှာဖြစ်ပါကြောင်း၊ အခြားတည်ထောင် ခွင့်ပြုမိန့် မရရှိသေးသော မသန်စွမ်း ပုဂ္ဂလိကအထူး ကျောင်းများအနေဖြင့် တည်ထောင်ဖွင့်လှစ်ခြင်းကို ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိစေရေး မဖြစ်မနေ လျှောက်ထားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သူတစ်ပါးအပေါ် မှီခိုနေရခြင်းမှ မသန်စွမ်းသူများ ကိုယ်တိုင် နိုင်ငံတော်အတွက် ထောက်ပံ့ပေးကြသူ များ ဖြစ်လာနိုင်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
တွေ့ကြုံရသည့် အခြေအနေများဆွေးနွေး
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် မသန်စွမ်း ပုဂ္ဂလိက အထူးကျောင်း ၂၂ ကျောင်းမှ တာဝန်ခံများ က မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများ၏ တည်ထောင် ဖွင့်လှစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ တွင် တွေ့ကြုံရသည့် အခြေအနေများနှင့် လိုအပ် ချက်များကို အသီးသီးဆွေးနွေး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်