
နေပြည်တော် စက်တင်ဘာ ၁
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟို ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်ဖြစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီ ဖြစ်စေရေးအတွက် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက် စေရန် ဗဟိုကြီးကြပ်ရေးအဖွဲ့ နှင့် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို (၅.၁၂.၂၀၂၂) ရက်နေ့က ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ် ချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ဒေသကြီးကြပ်ရေးအဖွဲ့များအနေ ဖြင့် အလေးထားကြိုးပမ်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း၊ လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီ ပြည့်စုံညီညွတ် မှန်ကန်စေရေး ဆောင်ရွက်ခဲ့သည့် ကိုးလတာ ကာလအတွင်း ဗဟို ကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်း ဒေသကြီး/ ပြည်နယ် ခြောက်ခု၌ မြေပြင် ကွင်းဆင်းစစ်ဆေးမှု (၁၃) ကြိမ် ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်း နေရာ (၅၀) ၌ Road Safety Audit ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မြေပြင်တွင် အများစုလွဲမှား လေ့ရှိသည့် အချက် ၁၉ ချက်ကို အမြန်ဆုံးပြန်လည်ပြင်ဆင်ရမည့် အနိမ့်ဆုံး အခြေခံသတ်မှတ်ချက် များအဖြစ် သတ်မှတ်ဖော်ထုတ် ဖြန့်ဝေထားပြီးဖြစ်ရာ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသ ကြီးကြပ်ရေးအဖွဲ့များ အနေဖြင့် အလေးထား အကောင်အထည် ဖော် လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
ထို့ပြင် ဗဟိုကြီးကြပ်ရေးအဖွဲ့ အနေဖြင့် Road Safety Audit ကွင်းဆင်း စစ်ဆေးသုံးသပ်မှုများ ကို အခါအားလျော်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထပ်မံ ဖော်ထုတ်တွေ့ရှိချက်များကိုလည်း ဆက်လက်၍ ဒေသကြီးကြပ်ရေး အဖွဲ့များသို့ ဖြန့်ဝေအကြောင်း ကြားသွားမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် (၅.၁၂.၂၀၂၂) ရက်နေ့မှ (၁၅.၈.၂၀၂၃) ရက်နေ့အထိ ပြည် ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ အလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း (၂၆၀၆) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း ၁၈၀၀၈ ခု၊ အလျားလိုက်မျဉ်း အမှတ်အသား ၁၁၄၅ မိုင် ၄ ဖာလုံ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၆၈၃ ခု၊ အခြားလမ်း အမှတ်အသား ၇၅၃၉ ခုနှင့် အချက်ပြ ၆၃၅ ခု ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အသစ် ဆောင်ရွက်မှုများ အနေဖြင့် လမ်းညွှန်း ၁၄၅၉၀၊ အလျားလိုက် မျဉ်းအမှတ်အသား ၈၇၁ မိုင် ၇ ဖာလုံ ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၁၃၈၁ ခု၊ အခြား လမ်း အမှတ်အသား ၄၃၂၃ ခုနှင့် အချက်ပြ ၁၄၃ ခု ထပ်မံဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ ဒေသတစ်ခု ချင်းအလိုက် အကောင်အထည် ဖော် ဆောင်ရွက်မှုများအပေါ် သုံးသပ်ပါက အလေးထား ကြိုးပမ်း ဆောင်ရွက်ကြသော်လည်း တိုင်း ဒေသကြီး / ပြည်နယ် အသီးသီး တွင် အားနည်းချက်၊ လိုအပ်ချက် အချို့ ရှိနေသေးသည်ကို စိစစ် တွေ့ရှိရပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော် ၊ တိုင်း ဒေသကြီး/ ပြည်နယ်များအနေဖြင့် အားနည်းချက်/ လိုအပ်ချက်များ အပေါ်၌ ယခုထက် ပိုမိုအားထုတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရန် လိုအပ်ပါကြောင်း၊ ယခု လုပ်ငန်းစဉ် သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်သည့်အပြင် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ၏ ရည်မှန်းချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုသည့် လုပ်ငန်းစဉ်လည်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာ နှစ်၌ ပိုမိုအားစိုက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ခွင့်ပြုဘဏ္ဍာ ငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြည့်စုံမှန်ကန်စွာ အချိန်မီပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြ စေလိုပါကြောင်း ဆွေးနွေးပြော ကြားသည်။
ယင်းနောက် ဗဟိုကြီးကြပ်ရေး အဖွဲ့အတွင်းရေးမှူး၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဗဟို ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် မှုများနှင့် (၅.၁၂.၂၀၂၂) မှ (၁၅.၈.၂၀၂၃) အထိ လုပ်ငန်းဆောင် ရွက်မှုများအပေါ် သုံးသပ်ချက် များကို လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အင်ဂျင်နီယာမှူးကြီးက ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety)၌ လမ်းအန္တရာယ် ကင်းရှင်းရေး စိစစ်အကဲဖြတ်လုပ်ငန်း (Road Safety Audit)၏ အခန်းကဏ္ဍ အပေါ် လေ့လာတင်ပြချက်များက လည်းကောင်း PowerPoint Presentation ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု နယ်မြေ နေပြည်တော် ၊ တိုင်းဒေသ ကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရန်ကုန်နှင့် မန္တလေး မြို့တော်ဝန်များနှင့် ဗဟိုကြီးကြပ် ရေး အဖွဲ့ဝင်များက လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို တင်ပြ ဆွေးနွေးကြပြီး ဒေသအလိုက် လမ်းပိုင်းအားလုံး၌ သတ်မှတ် ညွှန်ကြားချက်နှင့်အညီ လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ပြည့်စုံ ညီညွတ်မှန်ကန်ရေး၊ ဒေသအလိုက် ဦးစားပေး လုပ်ငန်းစဉ်များကို ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အချိန်တို အတွင်း သိသာထင်ရှားသည့် တိုးတက်အောင်မြင်မှု ရလဒ် ကောင်းများ ရရှိရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆုံးဖြတ် ချမှတ်ခဲ့ကြသည်။
နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ပြည့်စုံညီညွတ်မှန်ကန်ရေးလုပ်ငန်းစဉ် များသည် ပြည်သူအများစု၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကို အဓိကအထောက် အကူပြုလျက် ရှိသည့်အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးဖော်ဆောင်ပေး ခြင်းလည်းဖြစ်ကြောင်း သိရှိရ သည်။
သတင်းစဉ်