
မောင်နှင်းဆီ
=======
ငယ်သူငယ်ချင်း ကျောင်းနေဖက်တစ်ယောက် ရှိပါတယ်။ အထက်တန်းကျောင်းသားဘဝ ကိုးတန်း၊ ဆယ်တန်းတုန်းကလည်း တစ်တန်းတည်း၊ တစ်ခန်း တည်း။ မန္တလေးတက္ကသိုလ်တက်ကြတော့လည်း အဓိကဘာသာယူတာမတူပေမယ့် လေးနှစ်ကာလ ကြာမျှ အတူတကွဖြတ်သန်းခဲ့ကြပါတယ်။ ပိုပြီး ရင်းနှီးကြရတာက သူနဲ့ကျွန်တော် ရွှေပြည်အေး ကျောင်းဆောင်မှာ တစ်ခန်းတည်းတွဲနေခဲ့ကြပါတယ်။ အဆောင်က အခန်း ၁၀၀ ကျော်ကို ကျောင်းသား ၂၀၀ ထားရတာဆိုတော့ လူချင်းတွဲနေချင်သူ စာရင်း ပေးစေပြီး နှစ်ယောက်တစ်ခန်းနေရ။ အိပ်ရာခုတင် နှစ်လုံး၊ စားပွဲနှစ်လုံး၊ ကုလားထိုင်နှစ်လုံး၊ မီးသီး နှစ်လုံးထည့်ပေးထားပါတယ်။
တစ်ယောက်အကြောင်းတစ်ယောက် အားသာ ချက်ရော၊ အားနည်းချက်ရော ရှိသမျှအကုန်နီးနီး သိကြတဲ့ ကိုယ့်ရဲ့ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်ပါ။ နီးနီးဝေးဝေး သူငယ်ချင်းကောင်း ပီသစွာ အခင်မင်မပျက်ကြပါ။
တစ်နေ့က ဖုန်းဆက်လာတယ်။ ငါ့သမီးလေး အဲဒီမှာရှိတယ်ကွာတဲ့။ ရာထူးပြောတယ်၊ ဌာနပြော တယ်။ အဲဒါမင့်ဆီလာတွေ့ရအောင် လွှတ်လိုက်မယ် တဲ့။ အေး၊ ဘာကူညီစေချင်တာလဲ၊ ပွင့်ပွင့်လင်းလင်း မေးရတယ်။ အထူးအထွေမရှိပါဘူး။ ရာထူးတိုးဖြေ ထားတာ ကူညီစေချင်တာပါပဲ။
“ဟ… ငါ့ဌာနလည်းမဟုတ်။ ငါနဲ့မဆိုင်တာ ငါက ဝင်စွက်ဖက်တာမျိုး မလုပ်နိုင်ဘူးလေကွာ”လို့ ပြောပေမယ့်လည်း မိဘဆိုတာမိဘပဲလေ။ သူငယ် ချင်းဆိုတာ တတ်နိုင်သလောက်ကူညီလို့ရသမျှ အကူအညီရမှာပဲလို့ တောင်းခံခြင်းပဲပေါ့။ ပြောမရ တော့လည်း လွှတ်လိုက်ပေါ့။ ဉာတကာနဉ္စသင်္ဂဟော ပဲထားပါတော့။
ဌာနတစ်ခုမှာ လက်ထောက်ညွှန်မှူးလားမသိ။ ရာထူးတစ်ဆင့်တက်ချင်တာက ဒုညွှန်မှူးဖြစ်မှာ ပေါ့။ လုပ်သက်လည်း အထိုက်အလျောက်တော့ရှိနေ ပါပြီ။
သူ့လောက် လုပ်သက်မရှိသူတွေတောင် ရာထူး တွေတိုးကုန်ပါပြီ။ သူက ကျန်ခဲ့တယ်။ အဲဒါ ရာထူး တိုး ဒီတစ်ခါထွက်ရင် သူ့နာမည်ပါအောင် လုပ်ပေး ပါ၊ ကူညီပါပေါ့။
စစ်သားကောင်းဖြစ်အောင် ထမ်းဆောင်ခဲ့
မိမိက တပ်မတော်မှာ စစ်မှုထမ်းခဲ့ပါတယ်။ ဘယ်တပ်ရောက်ရပါစေဆိုတာလည်း မရှိဘူး။ ဘယ်ပြည်နယ်၊ ဘယ်တိုင်းကိုသွားချင်တယ်၊ ဘယ်ပြည်နယ် ဘယ်တိုင်းဆိုရင် မသွားချင်ပါဘူး ဆိုတာလည်း မရှိခဲ့ဖူးဘူး။ စစ်သားစစ်ဗိုလ်ဆိုတာ နိုင်ငံ့ဝန်ထမ်းပေပဲ။ စေရာသွားမယ်၊ ထားရာနေမယ်၊ ပို့တဲ့နေရာသွားတာပဲ။ ပေးတဲ့တာဝန်ကို အကောင်း ဆုံးလုပ်ခဲ့တာပဲ။ ဒါကြောင့် ခြေလျင်တပ် ခုနစ်နှစ်၊ ခြေမြန်တပ် ငါးနှစ် စသဖြင့် တိုက်ခိုက်ရေး စစ်ဆင် ရေးတာဝန်တွေကို မိမိ ၁၂ နှစ် ဖြတ်သန်းခဲ့ပါတယ်။ မသေလို့ရှင်နေသေးတာ။ သွားဆိုသွားတယ်။ တိုက်ဆိုတိုက်တယ်။ လုံခြုံမှုရှိအောင် ခုခံကာကွယ် ဆိုရင် လုံခြုံအောင် ကာကွယ်ခဲ့တာပဲ။ စစ်သား ကောင်းဖြစ်အောင် ထမ်းဆောင်ခဲ့ပါရဲ့။
တပ်ထဲမှာ အတူတွဲလုပ်ခဲ့ကြတဲ့ လုပ်ဖော် ကိုင်ဖက်တွေ မသေသေးဘဲ သက်ရှိထင်ရှား အရာရှိ တွေ၊ အရာခံတွေ၊ ဆရာတွေ အများကြီးပါပဲ။ ပန်း သတင်းလေညင်းသယ်ဆောင်ပါတယ်၊ လူသတင်း လူချင်းဆောင်ယူစမြဲပါလေ။ ရှမ်းပြည်နယ်ထဲမှာ ချည်း အနှစ် ၂၀ နီးနီး တာဝန်ထမ်းခဲ့ရပါတယ်။ ဒါကို ကောင်းတယ်လို့လည်း မပြောလိုပါဘူး၊ ဆိုးတယ်လို့ လည်း မပြောလိုပါဘူး။ ထိတွေ့မှုတွေ နေ့နေ့ညည ရှိခဲ့ရတဲ့ ရက်တွေ၊ လတွေရှိခဲ့ဖူးတယ်ဆိုတာတော့ အထူးပြောစရာမလိုပါ။
သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ နမ္မတူ၊ တန့်ယန်း စတဲ့မြို့ထဲဈေးထဲအထိ လက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ ရင်ဆိုင်ဖြေရှင်းကြရတာ အဲဒီအချိန်အခါက မထူးဆန်းခဲ့ပါ။ အန္တရာယ်အကြီး အသေး၊ အနီးအဝေးအမျိုးမျိုးကြားမှာပဲ နှစ်ပေါင်း များစွာ ထုသားပေသားကျခဲ့ရတဲ့ စစ်သား ဘဝပါလေ။
ရာထူးအဆင့်ဆင့် တိုးမြှင့်ခဲ့တာလည်း မိမိရဲ့ အထက်အရာရှိတွေ ထောက်ခံချီးမြှောက်လို့ပါပဲ။ ပြစ်မှုလည်း တစ်ခုမှမရှိဘူး။ တာဝန်ပေးသမျှကို လည်း ကြိုးကြိုးပမ်းပမ်း ဦးလည်မသုန်ထမ်းဆောင် လေ့ရှိတယ်ဆိုတော့ အတူဆင်းခဲ့ကြတဲ့ သူငယ်ချင်း တွေနည်းတူ အပွင့်တိုးရင်တိုးတာပါပဲ။ တစ်ဆင့် တက်ရင် တက်လာခဲ့တာပါပဲ။ သူများတကာထက် ပိုပြီးမမြန်ပါ။ မစောပါ။ သူတကာထက်လည်း နောက်မကျခဲ့ပါ။ ရာထူးရရေးလည်း ဦးစားမပေးခဲ့ ဖူးပါ။ ရရ၊ မရရ။
ဦးလည်မသုန်ထမ်းဆောင်ခဲ့
စစ်မှုထမ်းသက် အနှစ် ၂၀ နီးခဲ့ပြီဆိုတဲ့အချိန်မှာ တော့ အသက်ကလည်း လေးဆယ်ကျော်ပြီ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ပြီး တာဝန် ပေးသမျှ ဦးလည်မသုန်ထမ်းဆောင်ခဲ့တာ တော်လောက်ပါပြီ။ မသေလို့သာ သေတွင်းသေကွင်း တွေက လွတ်မြောက်နေခဲ့တာလေ။ သေတစ်နေ့၊ မွေးတစ်နေ့လို့ပဲ မှတ်ယူခဲ့ပါတယ်။ နောက်တွန့် ကြောက်ရွံ့ခဲ့တာ တစ်ပွဲမှမရှိခဲ့ဖူးပါဘူး။
သူများတွေ ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတာလည်း အားမကျဘူး။ ဘာတွေညာတွေ အခွင့်အရေးရသတဲ့ ဆိုရင်လည်း မနာလိုမဖြစ်ဘူး။ လူဆိုတာ သူ့ကုသိုလ် နဲ့သူ။ မတူတာကို ပြိုင်ချင်လို့မရဘူး။ သံသရာခရီးက အရှည်ကြီးလေ။ သူ့ရဲ့ပုဗ္ဗေစကတပုညတာဆိုတဲ့ ရှေးအတိတ်ဆီက မမြင်ရတဲ့ကုသိုလ်တွေကြောင့် ကြီးပွားအောင်မြင်နေကြတယ်။ မမြင်ရတဲ့ ယခင့် ယခင်အတိတ်က အကုသိုလ်ဒုစရိုက်အပြစ်တွေ ကြောင့် နေ့မြင်ညပျောက်သူတို့တွေ ထိခိုက်သေကျေ၊ ဆုံးရှုံးရတာကြုံရပုံတွေမြင်ရတယ်။ ယှဉ်စရာမဟုတ် ဘူး။
ကိုယ်ပြုတဲ့ကံတွေက ပဲ့တင်သံအဖြစ် မိမိထံကို မလွဲမသွေ ဆက်ဆက်ပြန်ရောက်လာတာတွေချည်း ပဲ။ ဆွေမျိုးသားချင်းဖြစ်ဖြစ်၊ ရွယ်တူအဖော်အပေါင်း တွေထဲမှာပဲဖြစ်ဖြစ် ချမ်းသာနေတဲ့လူလည်းရှိတယ်။ ဆင်းရဲတဲ့လူလည်းရှိတယ်။ အောင်မြင်ကြီးပွားသူ လည်းရှိ၊ မကြီးပွားသူလည်းရှိ။ မမြင်နိုင်ကြတဲ့ ကံတရားတွေလေ။ ဒါကိုပဲ လူတစ်ယောက်အခြေ အနေကောင်းတယ်ကြားတာနဲ့ “အရှင်မွေးလို့ နေ့ချင်းကြီးတာကွာ”တဲ့။ “စိုင်ကော်လို့ ချုံပေါ် ရောက်တာပါ။ ဘာမှအထင်ကြီးစရာမရှိပါဘူး”တို့။ “ဆွမ်းကြီးလောင်းပွဲဆိုတော့ ရောကောသောကော ပါသွားတာနေမှာပါ” စသဖြင့် အသားလွတ် (ဘာမှ ရန်ငြိုးရန်စမှလည်းရှိခဲ့ဖူးတာမဟုတ်ဘဲ) မနာလို ဝန်တိုစိတ်နဲ့ ရှုံ့ကာမဲ့ကာနဲ့ သေးသိမ်နိမ့်ကျတဲ့ စိတ်ထားမျိုးနဲ့ မှတ်ချက်တွေပေးချင်ကြတာ များတယ်။
မုဒိတာဆိုတဲ့ မွန်မြတ်တဲ့စိတ်ထား
ဗြဟ္မစိုရ်တရားလေးပါးထဲမှာ မုဒိတာဆိုတဲ့ မွန်မြတ်တဲ့စိတ်ထားသဘောထားဟာ တစ်ချက် ပါတယ်လေ။ သူများကြီးပွားရင် ဝမ်းသာနိုင်တယ်။ သူတစ်ပါးအောင်မြင်တာမြင်ရရင် ပျော်ရွှင်မိတယ်။ သူတစ်ဖက်သားချမ်းသာရင် သဘောကျတယ်။ သူတစ်ပါးရာထူးတိုးရင် ကျေနပ်တယ်။ သူတကာ တွေ စည်းစိမ်ချမ်းသာတိုးရင် သာဓုခေါ်နိုင်တယ်။
အချို့လူတွေမှာ မုဒိတာစိတ်ထား အင်မတန် နည်းပါးပြီး မနာလိုဝန်တိုရှုတ်ချကဲ့ရဲ့ချင်တာနဲ့ပဲ သူ့မှာ ပူလောင်ခြောက်သွေ့နေတတ်တယ်။ မပြုံး နိုင်ဘူး။
မဟာစည်ဆရာတော်ကြီး ဟောကြားတော်မူ ဖူးတဲ့ တရားတော်တစ်ပုဒ်ကို နာကြားဖူးပါတယ်။ မှတ်သားစရာ အနှစ်ချုပ်ကဗျာတိုလေးလည်း တိုင်ပေးပြီး တရားနာပရိသတ်ကို လိုက်ဆိုစေပါ တယ်။
“မနာလိုကင်း၊ ဝန်တိုရှင်း
ချက်ချင်းချမ်းသာမည်”။
ကြီးပွားတိုးတက်အောင်မြင် ပျော်ရွှင်ချမ်းသာ နေသူများကို မြင်ရကြားရရင် မနာလိုစိတ်၊ ဝန်တို စိတ် မပေါ်ပေါက်ဘဲ မုဒိတာစိတ်ထားတတ်အောင် လေ့ကျင့်ကြရင် ဘာဖြစ်မလဲ။
ချက်ချင်းလက်ငင်း ချမ်းသာတာ။
ဒီအချက်ဟာ သေချာပေါက်တရား။
မိမိဘဝကို တိုးတက်ကြီးပွားအောင်မြင်ချင်ရင် အစစ်အမှန်လမ်းဖြောင့်လမ်းမှန်ကိုသာ ရွေးချယ်ပြီး ဆောင်ရွက်ရပါမယ်။ အဲဒါကတော့ လိုရင်းတိုရှင်း ဖော်ပြရရင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ(၁၉၀၀-၁၉၇၇)ရေးဆွဲချမှတ် တော်မူခဲ့တဲ့ စာသင်သားရွေးချယ်လက်ခံရာမှာ ကျင့်သုံးတဲ့ အချက်ဆယ်ချက်ထဲက ပထမဦးဆုံး အချက်ပဲပေါ့။
“စိတ်ကောင်းရှိဖို့က ပထမ”
ဒါဟာ အကြီးမားဆုံးကိုယ်ပိုင်အရင်းအနှီးကြီး ပါပဲ။ ငွေကြေးဥစ္စာ ရတနာရွှေငွေတွေထက်ပိုပြီး အဖိုးထိုက်တဲ့ အရေးအကြီးဆုံးသော ကိုယ့်မှာ ရှိရမယ့် ပထမအရင်းအနှီးပဲပေါ့။ အကျယ်မပြော တော့ပါ။ ဘယ်သူမဆို ကိုယ်နဲ့ထိုက်တန်တဲ့ဘဝ၊ ကိုယ်နဲ့ဆီလျော်ကိုက်ညီတဲ့နေရာ၊ အဆင့်မှာပဲ နေကြရတာပဲ။ ပုဗ္ဗေစကတပုညတာဆိုတာ အောင်မြင်ကြီးပွားရေးလေးချက်ထဲမှာ တစ်ချက် အပါအဝင်ပေါ့။ ပုညကုသလကောင်းမှု အပြုအမူ၊ အတွေးအယူ၊ အပြောအဆိုဟူသမျှဟာ စိတ်ကောင်း အရင်းခံရှိမှဖြစ်တာမဟုတ်လား။ အဲဒါကို အတို ကောက် ‘ပု’ လို့မှတ်။ မကောင်းတဲ့ အကုသိုလ်ဒုစရိုက် အပြောဆိုး၊ အလုပ်ဆိုး၊ အကျင့်ဆိုး၊ အတွေးအကြံဆိုး တွေက ပါပလို့ခေါ်ပါတယ်။ (အတိုကောက် ‘ပ’ လို့ ယူပါ)
ဘယ်အယူ၊ ဘယ်စကား၊ ဘယ်အလုပ်မဆို ‘ပု’ လား၊ ‘ပ’လားသဲကွဲအောင် ဆင်ခြင်သုံးသပ် ရွေးချယ်တတ်ရပါမယ်။ ‘ပု’ မသိ ‘ပ’ မသိ (အရပ်သုံး စကား ဘုမသိ ဘမသိလို့ ပြောနေကြသူအချို့လည်း ရှိပါရဲ့။ မူရင်းကတော့ ‘ပု’ နဲ့ ‘ပ’ လို့ ဆိုရမှာပါ။)
အချက်ခုနစ်ချက်
ကိုယ့်ထက် လုပ်သက်နည်းတဲ့သူတွေတောင်မှ ကိုယ့်ကိုကျော်တက်ပြီး ရာထူးတွေတိုးသွားခဲ့ပြီ။ သူက လုပ်သက်များပါလျက် မတိုးသေးဘူး။ လူကြီး ကိုပြောပေးပါဆိုလာ၊ သူ့ကိုမေးစမ်းကြည့်တယ်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများထဲက နည်းဥပဒေ (၁) ရာထူးတိုးမြှင့်ရေး အချက်ခုနစ်ချက်ဆိုတာ သိသလား ပြောပြစမ်းပါဆိုတော့ မသိပါဘူးတဲ့။ ကဲဗျာရှိစေ။
သိအောင်လုပ်ပါလို့ပဲ အကြံပေးလိုက်ပါတယ်။
အို ချစ်စွာသော နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအပေါင်းတို့။ ချစ်မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်အပေါင်းတို့သိရုံမျှမက ပြည့်စုံရ မယ့်၊ ရှိကြရမယ့်အချက် ခုနစ်ချက်ကို ကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ကြပါ။ ဘယ်သူ့ကိုမှ အပူကပ် စရာမလိုပါ။ ဒါတွေပါပဲ။
၁။ Enthusiasm, Will (ကြိုးစားထမ်းဆောင် ချင်စိတ်)
၂။ Morale (စိတ်ဓာတ်ကောင်းခြင်း၊ နိုင်ငံတော်နှင့် ဌာနအကျိုးအတွက် စေတနာထားခြင်း)
၃။ Loyality (အထက်အရာရှိနှင့် လုပ်ဖော် ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း)
၄။ Inovation (တီထွင်ကြံဆလုပ်ကိုင် တတ်ခြင်း)
၅။ Professional, Skill (လုပ်ငန်းကျွမ်းကျင် ခြင်း)
၆။ Leadership (ခေါင်းဆောင်မှုကောင်းခြင်း)
၇။ Character (အကျင့်စာရိတ္တကောင်းခြင်း)
(အတိုကောက် EMLIPLC လို့ ကျက်ထားပေါ့)
မိမိရုပ်ပိုင်းစိတ်ပိုင်း အရည်အသွေးပိုင်းကို ဒီခုနစ်ချက်နဲ့ ဘောင်ဝင်ခွင်ကျအောင် ပြုပြင်မြှင့်တင် နေရင် ဘယ်သူမဆို တိုးတက်အောင်မြင်ပျော်ရွှင် ရမှာပါ။ ။
- Log in to post comments