
နေပြည်တော် ဖေဖော်ဝါရီ ၃
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်းတွင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ဖွင့်လှစ်သည့် လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ယခုသင်တန်း ကို ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် စစ်ဆေးရေးစွမ်းဆောင် ရည်မြင့်မားစေရန်၊ နိုင်ငံတကာစံများနှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်ရန်နှင့် စစ်ဆေးရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ် ၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့် နိုင်ငံတကာစံများကို သိရှိနားလည်ပြီး စစ်ဆေးရေးဆိုင်ရာ ပြောင်းလဲမှုများကို မိမိတို့ လုပ်ငန်းတွင် လက်တွေ့ကျင့်သုံးနိုင်မှုနှင့် ချင့်ချိန် ဆောင်ရွက်ရန်၊ ပညာရှင်ပီသစွာဖြင့် သတိသမ္ပဇဉ် ထားရှိ၍ အကြောင်းကိစ္စတစ်ရပ်ဖြစ်ပွားမှုအတွက် အကြောင်းရင်းနှင့် သက်ရောက်မှုကို အကဲဖြတ်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခု သင်တန်းသားများသည် စစ်ဆေးရေးလုပ်ငန်းတွင် အနီးကပ်ကြီးကြပ် လမ်းညွှန်ရသူများဖြစ်သဖြင့် စစ်ဆေးသူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာပြီး တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်ရန်နှင့် စည်းကမ်း မျှတစွာ စီမံခန့်ခွဲနိုင်သူများဖြစ်ရန် လိုအပ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က အခမ်းအနားသို့ တက်ရောက် လာသည့် သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ သင်တန်းများသို့ သင်တန်းသား စုစုပေါင်း ၁၀၀ တက်ရောက်ကြမည်ဖြစ်ပြီး ISSAI Based Financial Audit ၊ ISSAI Based Performance Audit ၊ ISSAI Based Compliance Audit အပါအဝင် ဘာသာရပ် ခြောက်ခုဖြင့် ဖေဖော်ဝါရီ ၃ ရက်မှ ၁၉ ရက်အထိ ရုံးဖွင့်ရက်များနှင့် စနေနေ့များ အပါအဝင် နှစ်ပတ်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထား ရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သင်ကြားပို့ချသွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် သည် အသိပညာဖြန့်ဝေရေး (Knowledge Sharing Program – KSP) အစီအစဉ်အရ “ဌာနတွင်းကြီးကြပ် ကွပ်ကဲမှု အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် စစ်ဆေးတွေ့ရှိချက်များ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ်(၁၃)သို့ တက်ရောက် အမှာစကားပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရုံးချုပ်နှင့်မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ဝန်ထမ်း ၁၅၅ ဦး၊ တိုင်းဒေသ ကြီး/ပြည်နယ်များမှ ၂၄၇ ဦး စုစုပေါင်း ၄၀၂ ဦးတို့ သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်း များနှင့်အညီ စုပေါင်းခန်းမနှင့် နေပြည်တော် သင်တန်းကျောင်းခန်းမ နှစ်ခု၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်း စစ်ချုပ်ရုံးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်