
မြင့်မောင်စိုး
ကိုဗစ်- ၁၉ လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဟာ ကမ္ဘာပေါ်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ပျံ့နှံ့ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံထဲကိုတော့ ၂၀၂၀ နှစ်ဆန်းပိုင်းလောက်မှာ စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။
ဒီရောဂါဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့ကူးစက်တာဖြစ်လို့ ဖြစ်ပွားမှုနှုန်းမြန်ဆန်သလို အသေအပျောက်တွေလည်းရှိနေတာပါ။ ဒီကမ္ဘာ့ ကပ်ရောဂါဆိုးကြီးဟာ ၂၀၂၀ လောက်မှာ သိပ်မသိ သာပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ကမ္ဘာနဲ့ အဝန်း မျိုးဗီဇကွဲတွေ ထပ်မံပေါ်ပေါက်လာလို့ ကူးစက်မှုဟာလည်း တစ်ဟုန်ထိုးမြင့်တက်စေခဲ့ပါ တယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ကိုဗစ် - ၁၉ ကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ သေပျောက်မှုအနေအထားကတော့ ငါးသန်းခွဲနီးလာပြီဖြစ်ပါတယ်။ အထူးသဖြင့်တော့ လူဦးရေထူထပ်မှုနဲ့ လူနေမှုစနစ် ပွဲလမ်းအခမ်း အနားတွေများတဲ့ အနောက်နိုင်ငံတွေမှာ နေ့စဉ် ဖြစ်ပွားမှုနှုန်း သိန်းနဲ့ချီဖြစ်ပွားနေတာကို သတိပြု မိပါတယ်။
ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးနိုင်ငံ
ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံတွေ အလိုက် တင်ပြရမယ်ဆိုရင် အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တူရကီ၊ ဂျာမနီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အမေရိ ကန်ဆိုရင် သန်း ၆၀ ကျော်သွားပြီ ။ သူ့နောက်က အိန္ဒိယဆိုရင် လူဦးရေ သန်းထောင်ကျော်ရှိတဲ့ အလျောက် ဖြစ်ပွားသူကလည်း ၃၅ သန်းကျော်ပြီ။ ဘရာဇီးဆိုလည်း ၂၂ သန်းကျော်၊ ဗြိတန်က ၁၄ သန်းကျော်၊ ပြင်သစ်နဲ့ ရုရှားက ၁၀ သန်းအထက် မှာ ရှိပါတယ်။
အာဆီယံထဲမှာဆိုရင် အင်ဒိုနီးရှားက လေးသန်း ကျော်နဲ့ ထိပ်ဆုံးကရပ်တည်နေပါတယ်။ သူ့နောက် မှာဆိုရင် ဖိလစ်ပိုင်က သုံးသန်းနီးပါး။ မလေးရှား နဲ့ ထိုင်းက နှစ်သန်းအထက် ရှိပါတယ်။ ဗီယက်နမ် ဆိုရင် ၁ ဒသမ ၈ သန်း ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ငါးသိန်းအထက်ပါ။ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ဘရူနိုင်းနိုင်ငံတွေကတော့ နဂိုကတည်းက လူဦးရေနည်းတဲ့ နိုင်ငံတွေဖြစ်တဲ့ အလျောက် ဖြစ်ပွားမှုနည်းတယ်ဆိုတာတွေ့ရပါ တယ်။ ဒါလည်း ဘရူနိုင်းကလွဲလို့ တစ်သိန်းကျော်၊ နှစ်သိန်းပါပဲ။
ကမ္ဘာ့ကပ်ရောဂါကို အမြစ်ဖြတ်ဖို့
ဒါကြောင့် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါလို့ နာမည်နာမ ကင်ပွန်းတပ်လိုက်ပြီဆိုကတည်းက ကမ္ဘာနှင့်အဝန်း ဆေးပညာရှင်တွေ၊ ဆေးထုတ်လုပ် ရေးကုမ္ပဏီတွေက ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါကို အမြစ်ဖြတ်ဖို့ ကာကွယ်ဆေး၊ ကုသဆေးတွေ ထုတ်ဖို့ အပတ်တကုတ် ရှာဖွေကြိုးပမ်းလာကြပါ တယ်။ အဓိကကတော့ ကာကွယ်ဆေးကိုထုတ်ကြ ပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတရုတ်နိုင်ငံက Sinopharm နဲ့ Sinovax ဆိုပြီးထုတ်တယ်။အိန္ဒိယ ကလည်း Covishield နဲ့ COVAXIN ဆိုပြီး ထုတ် တယ်။ အမေရိကန်မှာ ဖိုက်ဇာနဲ့ မော်ဒါနာ၊ ရုရှား က စပွန်းနစ် တွေအပါအဝင် ကမ္ဘာနဲ့အဝန်း ကိုဗစ်- ၁၉ ကာကွယ်ဆေး ၁၀ မျိုးအထက် ထုတ်လုပ်ကြတာ တွေ့ရပါတယ်။ ဒီကိုဗစ် - ၁၉ ကာကွယ်ဆေးတွေဟာ ကျောက်ဆေးတို့၊ ကာလဝမ်းရောဂါဆေးတွေလို တစ်ကြိမ်လောက် ထိုးရုံနဲ့မပြီးဘူး။ နှစ်ကြိမ်၊ သုံးကြိမ် ထိုးနေကြတာတွေ့ရပါတယ်။ ငွေကြေး ပေါ်မှာလည်းမူတည်တယ်။ အစ္စရေးလို နိုင်ငံမှာဆို သက်ကြီးပိုင်းတွေကို လေးကြိမ်လောက်အထိ ထိုးနေတာကို သတိပြုမိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးခြင်းကလည်း ရောဂါဖြစ်ပွားမှု နှုန်း လျှော့ချရေးအတွက် နည်းလမ်းတစ်ရပ်ပါပဲ။
ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာတဲ့ နိုင်ငံတွေ၊ မြို့တွေ၊ ဒေသတွေမှာဆိုရင် စျေးတွေ၊ ကျောင်းတွေ၊ စက်ရုံ အလုပ်ရုံတွေ ယာယီပိတ်ရတဲ့အစီအစဉ်တွေ၊ ကန့်သတ်မှုတွေ ဆောင်ရွက်တာတွေ တွေ့ရတယ်။ မဖြစ်မနေ သွားလာကြရတဲ့အခါမှာလည်း ကိုဗစ်- ၁၉ ရဲ့စည်းကမ်းချက်တွေဖြစ်တဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ Face Shield တပ်ဆင်တာ၊ လက်အိတ်တွေဝတ်ဆင်တာတွေ လုပ်ကြရပါတယ်။ ရောက်လေရာမှာ ဆပ်ပြာရည်၊ ဆပ်ပြာခဲနဲ့ လက် ဆေးတာတွေလည်း လုပ်ကြပါတယ်။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေကြရပါတယ်။ အပြောအဆို အဆက်အဆံနည်းနိုင်သမျှနည်းအောင် နေထိုင်ကြ ရပါတယ်။
ရောဂါစက်ဝန်းကြီးထဲက အမြန်ဆုံးရုန်းထွက်ချင်
ကိုဗစ်- ၁၉ ကြောင့် တစ်ကမ္ဘာလုံး လူသူအသေ အပျောက်များတဲ့အပြင် စီးပွားရေး၊လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေး အဘက်ဘက်မှထိခိုက်ခဲ့ပါပြီ။ရောဂါစက်ဝန်းကြီးထဲက အမြန်ဆုံးရုန်းထွက်ချင် နေကြပါပြီ။ နိုင်ငံတိုင်းက ကိုဗစ်စက်ဝန်းထဲမှ အမြန်ဆုံးရုန်းထွက်ပြီး စီးပွားတွေ၊ ပညာတွေ၊ စနစ်တွေ အမြန်ကောင်းလာဖို့ ကြိုးပမ်းအားထုတ်နေ ကြပါပြီ။ ဒီရောဂါဆိုးကြီးဟာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားဖို့ နှစ်ကာလအတန်ကြာဦးမယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ ကိုဗစ်နဲ့ အတူ ယှဉ်တွဲနေထိုင်ကြရဦးမယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို အဆက် မပြတ် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ တစ်ဖက်က ဆေးထိုးမှုအစီအစဉ်တွေ အရှိန်အဟုန်မြှင့် ဆောင် ရွက်နေသလို ကာကွယ်ရေးနည်းလမ်းတွေကိုလည်း လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လိုက်နာ ဆောင်ရွက်ဖို့ ကြိုးစားနေကြခြင်းဖြစ်ပါတယ်။
ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်
ဪ ကမ္ဘာကြီး ကိုဗစ်- ၁၉ ကပ်ဆိုးကြီး အောက်ရောက်နေတာ နှစ်နှစ်တောင်ကျော်ခဲ့ပြီကိုး။ သူ့လက်အောက်ကရုန်းထဖို့ ကြိုးစားနေကြပြီ။ ကျောင်းတွေ၊စက်ရုံ အလုပ်ရုံတွေပြန်ဖွင့်ပြီ။ ခရီး သွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ စိုင်းပြင်းနေ ကြပြီ။ ဒီအခါမှာ အရေးကြီးတာတစ်ခုရှိတယ်။ ကိုယ့်အသိအကျွမ်း၊ မိတ်တွေအပေါင်းအသင်း၊ သူငယ်ချင်းတွေ၊ သူစိမ်းသူကျက်တွေနဲ့ နှုတ်ဆက် မယ်။ အရင်လို လက်ဆွဲနှုတ်ဆက်ကြမှာလား။ အရင်လို ဖက်လဲတကင်း အူယားဖားယားနဲ့ နှုတ်ဆက်ကြမှာလား။ မဟုတ်ဘူး ပြောင်းသွားပြီ။ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့်ခေတ်ကို ရောက်ပြီ။ လူတိုင်းလူတိုင်း ကိုဗစ်ရဲ့အောက်မှာ နေထိုင်မှုပုံစံသစ် New Living ၊ New Normal ဖြစ်အောင် နေထိုင်ကြရတော့မှာပါ။
မကြာသေးမီက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒက်ဟွန်ဆင် မြန်မာနိုင်ငံကိုအလုပ်သဘော လာရောက်ခဲ့တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင် သံကြားမှာ အသေအချာကြည့်ရှုမိတယ်။ စတွေ့ တွေ့ချင်း နှစ်ဦးစလုံးက လက်အုပ်ချီထားကြတယ်။ အနီးအနားရောက်မှ လက်သီးချင်းထိလိုက်ပြီး ဘေးချင်းယှဉ်ရပ်ကာ တံတောင်ဆစ်ချင်းထိလိုက် ကြတယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြုံးနဲ့ ကြည့်လိုက်ပြီး နှုတ်ဆက်ကြတယ်။ နေပြည်တော်မှ အပြန်မှာလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဒီလိုပဲ နှုတ်ဆက်သွားခဲ့တယ်။ ဒါက ကိုဗစ် -၁၉ က ပေးလိုက်တဲ့ နိုင်ငံတကာနှုတ်ဆက်နည်းအသစ်ပဲ။
အခုကျောင်းတွေဖွင့်တယ်။စက်ရုံအလုပ်ရုံတွေဖွင့်တယ်။ခရီးသွားကဏ္ဍတွေအရှိန်မြှင့်တော့မယ်။အချင်းချင်းတွေ့ကြတဲ့အခါ ဘယ်လိုနှုတ်ဆက်ကြ မလဲ။ ကိုဗစ် -၁၉ ကပေးတဲ့ နိုင်ငံတကာနှုတ်ဆက် နည်းလေးတော့ အလေ့အကျင့်တစ်ခုဖြစ်အောင် လုပ်ထားဖို့လိုမယ်ထင်တယ်။ လက်သီးချင်းထိမယ်။ ပြီးတော့ တံတောင်ဆစ်ချင်းထိပြီး အပြုံးနဲ့ နှုတ်ဆက်ကြမယ်။ ဒါလည်း New Living ၊ New Normal ပဲ မဟုတ်ပါလား။ ။
- Log in to post comments