
လက်ပံတန်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေ စာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်မှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ ၈၅ ဖွဲ့က ကောက်ကွက် (၁၀၂) ကွက်တွင် သတ်မှတ်နယ် မြေအလိုက် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
သာယာဝတီခရိုင် မြေပြင်ကွင်းဆင်းစာရင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးဝင်း မြတ်ထွဋ်၊ လက်ပံတန်းမြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးမိုးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ချမ်းသာကုန်း ကျေးရွာအုပ်စုတွင် တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ တိုက်ဆိုင် စစ်ဆေးခြင်းနှင့် လူဦးရေစာရင်း ကောက်ယူနေမှုကို ကွင်းဆင်းကြပ်မတ်၍ စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး၊ အခက်အခဲများ မရှိစေရေးအတွက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ အပြီးသတ် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)