လက်ကို ခဏခဏဆေးပါ

Type

 

ဆရာမဲဇာ

 

အပြင်က အိမ်ကိုပြန်လာလျှင် လက်ဆေးရပါမည်။


(၁)    ရေဘုံပိုင်ရှိသောအိမ်တွင်  ဘုံပိုင်ကို  ဖွင့်ပါမည်။
    (ဘုံပိုင်ကိုဖွင့်သော     လက်မှာ   ကိုဗစ်-၁၉ ပါ၊ မပါ သိပါသလား)
(၂)    လက်နှစ်ဖက်လုံးကို ရေစိုအောင်ဆွတ်ပါ။
(၃)    ပြီးလျှင်   ဘုံပိုင်ကိုပိတ်ပါ။    (ဖွင့်ထားလျှင် ရေဖြုန်းတီးရာကျမည်။)
(၄)    ရေစိုနေသောလက်မှာ ဆပ်ပြာထည့်၍ ပွတ်ပါ။
    (က)    လက်ဖဝါးချင်းပွတ်ပါ။
    ( ခ )    လက်ဖမိုးတွေကို တစ်လှည့်စီပွတ်ပါ။
    ( ဂ )    လက်ခေါက်ချိုး၍   လက်ဖဝါးတွေကို နာနာပွတ်ပါ။
    (ဃ)    လက်မတွေကို သေသေချာချာပွတ်ပါ။
    ( င )    လက်ချောင်းကလေးများကို တစ်ချောင်း စီပွတ်ပါ။
    ( စ )    လက်သည်းကြားထဲတွင်   ကြေးညှော် မရှိရန် ဘရပ်(ရှ်)နှင့်တိုက်ပါ။
    (ဆ)    လက်ကောက်ဝတ်နှစ်ဖက်လုံးကိုလည်း ပွတ်ပါ။
(၅)    ရေဘုံပိုင်ကို ပြန်ဖွင့်ပါ။
(၆)    ပြီးလျှင်   ရေဖြင့်လက်ကို  ဆေးပါ။     (စက္ကန့် နှစ်ဆယ်ကြာအောင် ဆေးပါ။)
(၇)    ရေဘုံပိုင်ကို  ပြန်ပိတ်ပါ။  (ပထမဆုံးလက်ပေ နှင့် ဖွင့်ခဲ့သည်ကို သတိရပါ။)
(၈)    လက်ဆေးပြီးလျှင်  သန့်ရှင်းသော  လက်သုတ် ပဝါဖြင့်သုတ်ပါ။
    (တစ်ရှူးစက္ကူသုံးလျှင်  ရေခြောက်သည်အထိ သုတ်ရပါမည်။)
(၉)    တစ်ရှူးသုံးလျှင် အမှိုက်ပုံးထဲထည့်ပါ။ ပဝါသုံး လျှင် လျှော်သည့်အထဲ  ထည့်ပါ။
    ဤတွင် စက္ကန့်နှစ်ဆယ် လက်ဆေးခြင်းဟူသော လုပ်ငန်းပြီးဆုံး၏။
    ထပ်မံ၍ မေးခွန်းများကို ဖြေကြည့်ပါ။

 


    -    ရေပိုက်ခေါင်းမှာ ရေမလာလျှင်   ဘာလုပ် မလဲ။    (မီးပြတ်လျှင်လည်း   ရေတင်၍ မရပါ။)
    -    ရေစည်ထဲကရေကိုခပ်၍     ဆေးလျှင် မည်သည့်ခွက်ကိုသုံး၍ မည်သို့ ခပ်မည်လဲ။
    -     ဘယ်လိုရေမျိုးကို    လက်ဆေးရာမှာ သုံးမလဲ။
    -    ချောင်းရေ၊ မြစ်ရေနဲ့ ရေဆေးလျှင် သန့်မှာ လား။(ကမ်းစပ်မှာ အိမ်သာတွေ ရှိ၊ မရှိ)
    -    ရေသန့်ဘူးဆိုသည်များထဲတွင် လူ့မစင်မှ ရောဂါပိုးမွှားပါကြောင်း သုတေသန တစ်ခု တွင်    ဖော်ပြခဲ့သည်ကို    သိပါသလား။ (ရေသန့်ဘူးကြီးအချို့တွင်   ပိုးပါကြောင်း ပြောသော်လည်း  မည်သည့်ဘူး၊ မည်သည့် တံဆိပ်မှာ ပါသလဲ  မသိပါ။)
ပညာရှင်များ   လက်ဆေးနည်းအဆင့်ဆင့်ကို ဖော်ပြရာတွင်   ငါးဆင့်မှ ၁၁ ဆင့်အထိ မတူကြ သည်ကို တွေ့ရပါသည်။ ဆပ်ပြာဖြင့် စက္ကန့်နှစ်ဆယ် ဆေးရန် အကြံပြုချက်မှာလည်း   ကိုဗစ်-၁၉ ကပ် ရောဂါပေါ်လာချိန်တွင် ပို၍  တွင်ကျယ်လာပါသည်။ ဆပ်ပြာတွင်ပါသော   မိုင်ဆဲလ်(Micelles)များတွင် ရေကြိုက်သော  အပိုင်း (Hydrophilic)နှင့် ရေ မကြိုက်သော အပိုင်း (Hydrophobic)များ ပါဝင် နေရာ ကိုရိုနာဗိုင်းရပ်စ်နှင့်ထိတွေ့သောအခါတွင် ဗိုင်းရပ်စ်ပိုးကို    အပိုင်းပိုင်း တစ်စစီ ဖြစ်သွားစေ ပါသည်။ အနည်းဆုံး စက္ကန့်နှစ်ဆယ်မျှ ဆပ်ပြာနှင့် ထိတွေ့ဆေးကြောခြင်းသည်   အကောင်းဆုံးဖြစ် ကြောင်း သိရပေသည်။
လက်ဆေးနည်း ခုနစ်ဆင့် ၊ ၁၀ ဆင့် စသည်များ မှာ ပုံမှန်အားဖြင့် ခွဲစိတ်ခန်းထဲဝင်၍ ခွဲမည့် ဆရာဝန် များအတွက် ရည်ညွှန်းခြင်းဖြစ်ပါသည်။ ကျေးလက် ဒေသတွင် ဤမျှ အဆင့်များသည့် လက်ဆေးနည်းကို အတိအကျလိုက်နာရန်  ခဲယဉ်းပါသည်။ ကျွန်တော် တို့   ဗဟိုကျန်းမာရေးပညာဌာနမှ   “သန့်သုံးသန့်” စီမံချက်ကို   စတင်သည့်  ၁၉၈၆   ခုနှစ်ကပင် လက်ဆေးနည်းကို သင်ကြားပေးခဲ့ရာတွင်  ဆပ်ပြာ အလွယ်တကူရဖို့ပင် အတော်ခက်ခဲခဲ့ပါသည်။  ရရာ ရေဖြင့် လက်ဆေးဖို့ကိုပင်   မနည်းတိုက်တွန်းခဲ့ရပါ သည်။ ရေဘုံပိုင်မှ ရေလာသော မြို့ကြီးပြကြီးများ တွင်မူ လက်ထိုး၍  ဆပ်ပြာပွတ်ကာ  ရေဆေးချလိုက် ရုံနှင့် စက္ကန့်နှစ်ဆယ်အတွင်း      စင်ကြယ်သွားမည် ဖြစ်သော်လည်း လက်တွေ့လုပ်ရာတွင်   အဆင်မပြေ မှုများ ရှိနေတတ်ပါသည်။

 


ကိုဗစ်-၁၉ ကပ်ရောဂါ  ခေတ်တွင်မူ   လက်ကို မည်သို့ဆေးကြောရမည်၊    မည်သည့်အချိန်တွင် ဆေးကြောရမည်ကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လမ်းညွှန်ပေးထားပါသည်။ အဓိကမှာ လက်တွင် ကပ်ပါလာနိုင်သည့်   ကိုရိုနာဗိုင်းရပ်စ်ပိုးများကို မိမိကိုယ်တိုင်   အကူးမခံရရန်နှင့်   သူတစ်ပါးအား မကူးစက်နိုင်ရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။

 


ကျွန်တော်တို့၏  အတွေ့အကြုံအရ အသိပညာ ပေးသူနှင့်   လက်ခံသူတို့ကြားတွင်   ရှုထောင့်ချင်း မတူသည့်ကိစ္စကို သတိထားမှဖြစ်ကြောင်း သိရပါ သည်။ သို့ဖြစ်၍လည်း  ကျန်းမာရေးအသိပညာပေး မြှင့်တင်ခြင်း   (Health Literacy) လုပ်ငန်းများ ဆောင်ရွက်ရာတွင်   စာရေး၊   စာဖတ်တတ်ခြင်း (Print Literacy)နှင့်   မလုံလောက်ကြောင်း မိမိတို့ အသိပညာပေးလိုသည့်အုပ်စုအတွင်းရှိ  ယဉ်ကျေးမှု နှင့်    အသုံးပြုနေသော   ဘာသာစကားကိုလည်း သိအောင် ကြိုးစားဖို့လိုကြောင်း တွေ့ရ၏။
ဆရာဝန်တစ်ယောက်၏ ရှုထောင့်အရကြည့်လျှင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ရောဂါပိုးမွှားများကို အာရုံသိဖြင့် မြင်တတ်ကြ၏။ ဆေးကျောင်းရောက် ကတည်းက     အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်၍ မြင်ထားဖူးသော ဗက်တီးရီးယားကဲ့သို့သော ပိုးမွှား များက အမြင်အာရုံကို လွှမ်းမိုးထား၏။  ဗိုင်းရပ်စ်ပိုး ကြောင့်   ကိုဗစ်-၁၉ ဖြစ်ကြောင်း  ပြောလာလျှင် လည်း ယုံကြည်၏။    ထိုပိုးများကို   ကြောက်၍ လက်ကိုဆေးရာတွင် အဆင့်ပေါင်းများစွာ၊   အကြိမ် ပေါင်းများစွာ ဆေးကြောကြ၏။
လယ်သမားတစ်ယောက်အနေဖြင့်မူ ရွှံ့ပေလျှင် လည်း ပြဿနာမဟုတ်။   ထိုရွှံ့ထဲတွင်   စိုက်ပျိုး၍ ထွက်လာသော စပါးရ၏။ ဆန်အဖြစ်  ချက်၍  စားရ ၏။ ရွှံ့သည်  အညစ်အကြေး မဟုတ်။ နွားချေးသည် လည်း  မြေဩဇာဖြစ်၏။ အညစ်အကြေးဟု မယူဆ။ လူ့မစင်သည်လည်း  သဘာဝ၏  အလိုအတိုင်းပင်။ တောထိုင်လိုက်လျှင်လည်း  နောက်နေ့မှာပြန်ရှာ၍ မတွေ့နိုင်။   သိမ်းပေးမည့်     သတ္တဝါများရှိ၏။ ချောင်းရေ၊ မြစ်ရေထဲသို့ တိုက်ရိုက်စွန့်ချလိုက်လျှင် လည်း   ရှင်းပေးမည့်    ရေသတ္တဝါများရှိ၏။   ပါးစပ် ကလေးများဟကာ ကြိုတင်စောင့်နေသော ငါးကလေး များကို ကြည့်တတ်လျှင် မြင်နိုင်ပါ၏။ 

 


ယာတောကအပြန် အိမ်ပေါ်မတက်ခင် လှေကား ရင်း၌ စဉ့်အိုးရေစည်တို့ကို တွေ့နိုင်၏။  ခြေကိုဆေး ရန်ဖြစ်ပါသည်။    အိမ်ထဲသို့    ရွှံ့ပေသော      ခြေဖြင့် မတက်ရပါ။   ယုတ်စွအဆုံး    အိမ်သာတက်လျှင်ပင် “ဖိနပ်စီးပါ” ဟု  စာကပ်ထားခြင်း၊    ဖိနပ်ချပေး ထားခြင်းများကို တွေ့နိုင်ပါ၏။

 


မျက်စိဖြင့် မြင်နိုင်သော ရွှံ့များ၊ နွားချေးပင်လျှင် ကြောက်စရာမဟုတ်သဖြင့် လယ်သမားတစ်ယောက် အတွက်   လက်ပေါ်တွင်    မမြင်နိုင်သော   ဗက်တီး ရီးယားများ၊    ဗိုင်းရပ်စ်များအကြောင်းကို    အလေး အနက်စဉ်းစားဖို့   အခြေအနေမပေးပါ။   သို့ရာတွင် ထမင်းစားပြီးလျှင်    လက်ကို    စင်စင်ဆေး၍တော့ အထူးသတိထားကြပါကုန်။   လက်ထဲတွင်    ဟင်းနံ့ နံနေလျှင် ညအိပ်သည့်အခါ၌ ကြွက်ကိုက်ခံရနိုင် သည့် အန္တရာယ်ရှိလေသည်။

 


လက်နှင့်   ထမင်းစားသော    မြန်မာအားလုံး ထမင်းစားပြီးလျှင် လက်မဆေးသူမရှိပါ။   လက်ထဲ တွင်   ပေကျံနေသည့်အခါမှာလည်း   ထမင်းကျန်၊ ဟင်းကျန်များဖြစ်သဖြင့်   လက်ဆေးသည့်   အဆင့် ရှစ်ဆင့်၊ ကိုးဆင့်ရှိရန် မလိုပါ။ စက္ကန့်နှစ်ဆယ်ကိစ္စ၊ ဗိုင်းရပ်စ်နှင့်     ဆပ်ပြာနှင့် မိုင်ဆဲလ်   ကိစ္စကိုလည်း ထည့်စဉ်းစားစရာ မလိုလှပါ။

 


၁၉၈၆ ခုနှစ်  ကျွန်တော်တို့စီမံချက် စတင်သော အခါတွင် ထမင်းမစားခင်၊   အစားအစာ မကိုင်တွယ် ခင် လက်ကို စင်စင်ဆေးဖို့ပင်   အတော်ကြိုးစား၍ အသိပညာ ပေးရပါ သည်။ အခြေခံသုတေသနထဲတွင် မြန်မာတို့၏ ၂၀ ရာခိုင်နှုန်းခန့်သည် ထမင်းမစားခင် လက်ဆေးလေ့ရှိကြောင်း သိခဲ့ရသည်။ ၁၀  နှစ်ခန့် ပညာပေးပြီးသောအခါ      ၅၄   ရာခိုင်နှုန်းအထိ တိုးတက်သွားသည်ကို တွေ့ရ၏။ နောက်ထပ် ၁၀ နှစ် ခန့်ကြာသောအခါတွင်မူ ၃၃ ရာခိုင်နှုန်းသို့ ပြန်လည် ကျဆင်းသွားသည်ကို တွေ့ရပါတော့သည်။
ရေတွင်းတူးရတာခက်သည်    မှန်၏။    လူတို့ လက်ခံကျေနပ်ကြပါ၏။ အိမ်သာဆောက်ရသည်မှာ  မခက်။ သို့သော် လက်ခံဖို့၊ စနစ်တကျသုံးစွဲဖို့ အလွန် ခက်၏။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လက်ကို ဆပ်ပြာနှင့်ဆေးပါဟု   ပြောရသည်မှာ   အလွယ်ဆုံး ပင်။ သို့သော်   စွဲစွဲမြဲမြဲ   လက်ခံကျင့်သုံးဖို့ အလွန် ခက်ခဲလှပါသည်။ ကျွန်တော်တို့  အတွေ့အကြုံအရ နှစ် ၂၀ ကြာသည့်တိုင် မြန်မာတို့၏ သုံးပုံတစ်ပုံ လောက်ကိုသာ    ရေနှင့်ဆပ်ပြာဖြင့်    စနစ်တကျ လက်ဆေးသည့်ဓလေ့ဖြစ်လာရန် ကြိုးစားခဲ့ရပါသည်။ 

 


ညွှန်းကိန်းအဖြစ် အစာမစားခင် လက်ဆေးခြင်း၊ လက်ကို  ဆပ်ပြာနှင့်  ရေဖြင့်ဆေးကြောခြင်းကိုသာ တိုင်းတာနိုင်ခဲ့ပါမည်။   လက်ဆေးခြင်း   အသိပညာ အလေ့အထ ရှိသည့်တိုင်   လက်ဆေးစရာ   ရေနှင့် ဆပ်ပြာမရှိလျှင်    လက်ဆေး၍မရ။   ဆပ်ပြာနှင့် ရေသန့်သန့်    စီစဉ်ပေးခြင်း    (Create Enabling Environment) အတွက်   အခက်အခဲတွေများစွာ ရှိနေပါသေးသည်။ 
ထမင်းမစားခင် လက်ကိုစင်အောင်  ဆပ်ပြာနှင့် ဆေးရန်ကိစ္စတစ်ခုတည်းအတွက်ပင်    ခက်ခဲနေရရာ နောက်ထပ်တိုးလာသည့် ပြဿနာမှာ ၂၀၀၄ ခုနှစ် တွင်ဖြစ်သော ကြက်၊ ငှက်တုပ်ကွေးကိစ္စဖြစ်ပါသည်။

 


    *    ကြက်၊    ငှက်တွေကိုင်ပြီးလျှင်    လက်ကို စင်စင်ဆေးရန်လို၏။
    *     ကြက်သား၊    ငှက်သားကအစ    သားစိမ်း ငါးစိမ်းများကို ကိုင်ပြီးလျှင် လက်ကို စင်စင် ဆေးရန်လိုလာ၏။
    *    မိမိ၏ မျက်နှာကိုမကိုင်ခင် လက်ကိုစင်စင် ဆေးရန်လိုသည်။    ဗိုင်းရပ်စ်ပိုး “H5N1”  ကြောင့်ဖြစ်သော ကြက်၊ ငှက်တုပ်ကွေးမကူး ရန်အတွက်  လက်ကို    စင်စင်ဆေးရပါ၏။
    *    မိမိ၏ မျက်လုံးကို   မထိကိုင်ခင် လက်ကို စင်စင်ဆေးရပါ၏။ 
    *    စားမည့်အစာ   မကိုင်တွယ်ခင်   လက်ကို စင်စင်ဆေးရပြန်၏။
    *    နှာခေါင်း မနှိုက်ခင်  လက်ကို စင်စင်ဆေး ရပါ၏။
    *    နှာခေါင်းနှိုက်ပြီးလျှင်လည်း    လက်ကို စင်စင်ဆေးရပါ၏။

 


၂၀၀၃ ခုနှစ်    ဟောင်ကောင်မှာစဖြစ်သော ကူးစက်မြန်ပြင်းထန် အဆုတ်ရောင် ရောဂါ (SARS) သည် ယခု ကိုဗစ်-၁၉ ၏ ရှေ့ပြေးပညာပေး ဗိုင်းရပ်စ် ပင် ဖြစ်ပါ၏။   ယခု ကိုဗစ်-၁၉ ကို (SARS CoV-2) ဟု   ဒုတိယအမည်ပေးထားပါသည်။   ဗိုင်းရပ်စ် ပိုးတို့ကျရာ မျက်နှာပြင်မှန်သမျှကို   ထိကိုင်မိလျှင် လက်ကို စင်စင်ဆေးရပါတော့မည်။ 

 


၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ်လာသောအခါ၌     လက်ဆေးရန်သာမက ဗိုင်းရပ်စ်ပိုးတွေ   လေထဲကတစ်ဆင့် အကူးမခံရရန် အတွက် တစ်ယောက်နှင့်တစ်ယောက်   သုံးပေခွာ၍ နေရန် အသိပညာပေးရပါ၏။ ထိုထက်ပို၍ ဝေးဝေး ပျံ့နှံ့ကြောင်း သိလာရသောအခါ  ခြောက်ပေခွာရန် ပညာပေးရပြန်ပါ၏။

 


ဤမျှပညာပေးထားသည့်ကြားထဲက အိုမီခရွန် (Omicron) မျိုးကွဲများသည်   လေထဲတွင် အမှုန် အမွှား (Aerosol) များအဖြစ် ဝေးဝေးလွင့်နိုင်သည်ဟု သိလာရသောအခါ  ကာကွယ်ဖို့ ပို၍ခက်ခဲလာခဲ့လေ သည်။  သို့သော် မနှစ်ကလောက် အသေအပျောက် မများရုံမက   ကိုယ်ခံအားတွေရထားပြီးဖြစ်သော လူထုအတွက်      ခံနိုင်ရည်ရှိလာပုံရလေသည်။ ကာကွယ်ဆေးများလည်း လူပေါင်း ၂၁ သန်းကျော်ကို ထိုးထားပြီး ဖြစ်ပါသည်။

 


သို့သော် လေထဲမှ   ပျံ့နှံ့၍   ကူးစက်နိုင်မည့် ရောဂါပိုးများအတွက်      အကာအကွယ်အဖြစ် နှာခေါင်းစည်းတပ်ခြင်း၊    လက်ကို    ဆပ်ပြာနှင့် စင်အောင်ဆေးခြင်း စသည်များကိုမူ ပုံမှန်အလေ့ အကျင့်အဖြစ်   ဆက်လက်ကျင့်သုံးသွားဖို့  လိုလေ သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀  က ကျွန်တော် သည်    ကျေးရွာလူထုတစ်စုအား  လက်ဆေးခြင်း အကြောင်း   ဟောပြောခဲ့သည်။    လက်ဆေးပုံ ဆေးနည်း၊ လက်ဆေးရမည့် အချိန်များကို တိကျစွာ ပြောပြခဲ့၏။  ဟောပြောပွဲပြီးသောအခါ ကျွန်တော် တို့ကို ရွာလူကြီးများက လက်ဖက်သုပ်နှင့် အကြော်စုံ ဖြင့်  ဧည့်ခံကြလေသည်။ အားလုံး အကြော်တွေ စားနေတုန်း အချိန်မှာပင် ကျွန်တော်က- 


“ကျွန်တော်တို့  အစာမကိုင်ခင်   လက်ဆေးဖို့ မေ့သွားပြီနော်” ဟု ပြောမိ၏။ ထိုအခါ ရွာလူကြီးက-
“မောင်ရင်လေးမှာ အိမ်ထောင်ရှိသလား” ဟု ကောက်ကာငင်ကာ မေးလိုက်ပါ၏။
“အိမ်ထောင်ရှိပါတယ်ခင်ဗျ” ဟု ကျွန်တော် ဖြေသောအခါ ရွာလူကြီးက -
“ကံကောင်းတာပေါ့   မောင်ရင်ရာ။   မောင်ရင် ထားတဲ့     စည်းကမ်းမျိုးနဲ့သာ     ကြင်ဖက်ရှာမယ် ဆိုရင်      ဒီရွာမှာ   ရဖို့မရှိဘူး” ဟူ၍    မှတ်ချက်ပေးပါ    တော့၏။      ။