
ဘီရွတ် မတ် ၉
လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ မြို့နှင့် ကျေးရွာများကို ပစ်မှတ်ထားပြီး မတ် ၈ ရက်တွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ ဟစ်ဘိုလာအဖွဲ့ဝင် သုံးဦးသေဆုံးပြီး အခြားအရပ်သားသုံးဦး ထိခိုက် ဒဏ်ရာရရှိကြောင်း လက်ဘနွန်စစ်ဘက်အခြေစိုက် သတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောသည်။
အစ္စရေး၏ စီးနင်းတိုက်ခိုက်မှုများထဲမှ တစ်ခုမှာ ကျေးရွာတစ်ရွာရှိ နေအိမ်တစ်လုံးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး ဟစ်ဘိုလာအဖွဲ့ဝင် သုံးဦး သေဆုံးကြောင်း၊ အခြားသော တိုက်ခိုက်မှုက ဘာရာခီမြို့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အမည် မဖော်လိုသော သတင်းရင်းမြစ်များက ဆိုသည်။
ဟစ်ဘိုလာအဖွဲ့ကလည်း အယ်ရာဒါအပါအဝင် အစ္စရေးနေရာအများအပြားကို ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ပြောသည်။ ဟစ်ဘိုလာနှင့် အစ္စရေးတို့ကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လက်ဘနွန်ဘက်အခြမ်း တွင် ဟစ်ဘိုလာအဖွဲ့ဝင် ၂၃၁ ဦးနှင့် အရပ်သား ၆၆ ဦး အပါအဝင် စုစုပေါင်း ၃၄၅ ဦး သေဆုံးကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန် ချက်အရ သိရသည်။
ဆင်ဟွာ