
လီလွန်ဂွေးလ် ဇွန် ၁၁
တနင်္လာနေ့နံနက်ပိုင်းတွင် လေယာဉ်ပျောက်ဆုံးသွားပြီးနောက် မာလာဝီဒုတိယသမ္မတ ဆောလော့စ် ချီလီမာနှင့် စစ်ဘက်သုံးလေယာဉ်ပေါ်ပါ ကိုးဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း သမ္မတ လာဇရုဇ် ချက်ခ် ဝီရာက အင်္ဂါနေ့တွင် ပြောသည်။
ဆိုးရွားလှသော အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး အားလုံးကို အသိပေးရသည့်အတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိကြောင်း၊ ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့သည် ချီခန်ဂါဝါ သစ်တောရှိ တောင်ကုန်းတစ်ခုအနီးတွင် လေယာဉ် ကို တွေ့ရှိခဲ့ကြောင်း၊ လေယာဉ်မှာ အလုံးစုံပျက်စီး သွားခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည်အားလုံးမှာ အသက်ရှင်သူမရှိကြောင်း ရုပ်မြင်သံကြား မိန့်ခွန်း တွင် လာဇရုဇ် ချက်ခ်ဝီရာက ပြောသည်။
ဒုတိယသမ္မတ ဆောလော့စ်ချီလီမာသည် မာလာဝီနိုင်ငံ၏ မြို့တော် လီလွန်ဂွေးလ်ရှိ တည်းခို ခန်းတစ်ခု၌ သေဆုံးသွားသော နိုင်ငံ၏ ရှေ့နေချုပ် နှင့် တရားရေးဝန်ကြီးဟောင်း ရီးလ်ကာဆမ်ဘာရာ ၏ ဈာပနအခမ်းအနားသို့ သောကြာနေ့တွင် သွားခဲ့ ကြောင်း သိရသည်။ ရီးလ်ကာဆမ်ဘာရာ၏ အလောင်းကို အမ်ဇူဇူလေဆိပ်နှင့် ကီလိုမီတာ အနည်းငယ်ဝေးသော အင်န်ခါတာဘေမြို့ရှိ ၎င်း၏ ဇာတိရွာတွင် သင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။
လေကြောင်းထိန်းသိမ်းသူများက ရာသီဥတု ဆိုးရွားပြီး မြင်ကွင်းမရှင်းလင်းမှုများကြောင့် အမ်ဇူဇူ လေဆိပ်သို့ ဆင်းသက်ခြင်းမပြုရန်နှင့် လီလွန် ဂွေးလ်မြို့သို့ ပြန်လှည့်ရန် မာလာဝီကာကွယ်ရေး တပ်ဖွဲ့ ပိုင်ဆိုင်သော Donier 228 လေယာဉ်ကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တွင် ရေဒါမှ မပျောက်ဆုံးမီ ရာသီဥတု ဆိုးရွားမှုကြောင့် လီလွန်ဂွေးလ်ရှိ ခမ်ဇူဇူအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဦးတည်ပြန်လှည့်သွားခဲ့ကြောင်း သိရသည်။ လေယာဉ်ပျောက်ဆုံးသည်ဟု ယူဆ ရသော ချီခန်ဂါဝါ သစ်တောဝန်းကျင်တစ်ဝိုက်ကို မွန်းလွဲပိုင်းတွင် လုံခြုံရေးအေဂျင်စီများက ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆင်ဟွာ