
အမေရိကန်နိုင်ငံတစ်ဝန်း ပြင်းထန်သော နှင်းမုန်တိုင်းကြောင့် သေဆုံးသူ ၅၇ ဦးထက်မနည်း ရှိလာ
ဝါရှင်တန် ဒီဇင်ဘာ ၂၇
ရေကန်ကြီး (Great Lakes) မှ မက္ကဆီကို နယ်စပ် တစ်လျှောက်ရှိ ရီယိုဂရန်ဒီအထိ ပြင်းထန်သော ဆောင်းရာသီ မုန်တိုင်းကြောင့် ဒီဇင်ဘာ ၂၆ ရက် တွင် အမေရိကန်နိုင်ငံတစ်ဝန်း သေဆုံးသူ ၅၇ ဦး ထက်မနည်းရှိလာကြောင်း အင်န်ဘီစီသတင်းဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မုန်တိုင်းနှင့် ဆက်စပ်သည့် ဖြစ်စဉ် ကြောင့် သေဆုံးမှုဖြစ်ပွားသည့် ပြည်နယ်များမှာ ကိုလိုရာဒို၊ အီလီနွိုက်စ်၊ ကင်တက်ကီ၊ မီချီဂန်၊ မစ်ဆူရီ၊ နီဘရာစကား၊ နယူးယောက်၊ အိုဟိုင်းယိုး၊ အိုကလာဟိုးမား၊ တင်နက်ဆီ၊ ဝစ္စကွန်ဆင် စသည်တို့ အပါအဝင် ပြည်နယ် ၁၂ ခုမှ ဖြစ်ကြောင်း သိရသည်။
ခရစ္စမတ်အားလပ်ရက်မတိုင်မီက နှင်းမုန်တိုင်း ကြောင့် နယူးယောက်ပြည်နယ် အနောက်ပိုင်း အီရီဒေသတွင် ၂၇ ဦး ထက်မနည်း သေဆုံး ကြောင်း ဒီဇင်ဘာ ၂၆ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ဒေသအမှုဆောင် မာ့ခ် ပိုလွန်ကားဇ် က ပြောသည်။
ထို့အပြင် ၁၉၇၇ ခုနှစ်က တိုက်ခတ်ခဲ့သော နှင်းမုန်တိုင်းကြောင့် ၂၉ ဦးသေဆုံးခဲ့ပြီး အများစုမှာ ၎င်းတို့၏ ကားထဲတွင် ပိတ်မိနေသောကြောင့် ဖြစ်ကြောင်း အရှေ့မြောက်ပိုင်းဒေသဆိုင်ရာ ရာသီ ဥတုစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၂၆ ရက်တွင် ဘတ်ဖလိုးမြို့တွင် ၁၈ ဦးထက်မနည်း သေဆုံးကြောင်း မြို့တော်ဝန် ဘရောင်းက ပြောသည်။ ဒီဇင်ဘာ ၂၆ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင်က နယူးယောက်ပြည်နယ်ကို အရေးပေါ်အခြေအနေရှိကြောင်း ကြေညာခဲ့ပြီး ပြည်နယ်နှင့် ဒေသဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ ကို ကူညီပေးရန် ညွှန်ကြားထားသည်။ ဒီဇင်ဘာ ၂၇ ရက်အထိ အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ များရှိ သောင်းနှင့်ချီသော အိုးအိမ်များနှင့် လုပ်ငန်း များမှာ လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်သည်။
ရာသီဥတုအေးခြင်းနှင့် နှင်းများထူထပ်စွာ ကျဆင်းခြင်းကြောင့် ခရီးသွားလာရာတွင် ကသောင်းကနင်းဖြစ်စေပြီး လူများစွာလည်း ၎င်းတို့ ၏ နေအိမ်၌ ပိတ်မိနေခဲ့သည်ဟု ဆိုသည်။ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ ဘတ်ဖလိုး နိုင်အာဂရာ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နှင်းကျဆင်းမှုမှာ စုစုပေါင်း ၄၃ လက်မအထိရှိကြောင်း အမေရိကန် အမျိုးသားမိုးလေဝသအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်နိုင်ငံ၏ အဝင်/အထွက် လေယာဉ် ခရီးစဉ်ပေါင်း ၃၉၀၀ ကျော်ကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ဖျက်သိမ်းထားပြီး ပျံသန်းပြေးဆွဲမှု ခရီးစဉ်ပေါင်း ၈၂၀၀ နီးပါးလည်း နှောင့်နှေး ကြန့်ကြာခဲ့ရကြောင်း သိရသည်။
ဆင်ဟွာ