လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

 

၁။    မြန်မာနိုင်ငံအရပ်ရပ်တွင်   နွေရာသီကာလဖြစ်သည့်    မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက် လာရာမှ အပူပြန်တက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင်  မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျား ရာနေရာတစ်လျှောက်တွင်  လေပြင်းများတိုက်ခတ်ခြင်း၊  လေပြင်း နှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ 
၂။    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လေပြင်းတိုက်ခတ်မှု အကြိမ်ရေ (၆၅၀) ကျော် ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း (၂၁၇၀၀)ကျော် ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှု များလည်း ဖြစ်ပေါ်ခဲ့ပါသည်။
၃။    လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်မှုများ လျော့နည်းစေရန် အတွက် အသိပညာပေးခြင်း၊ လေပြင်းဒဏ် ခံနိုင်ရည်နည်းပါးနိုင်သည့် အိုးအိမ်များ ရွေးချယ်၍ အားဖြည့်ပြင်ဆင်ပေးခြင်းတို့ကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထု၏  ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ 
၄။    ပြည်သူများအနေဖြင့်လည်း အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
    (က)    မိမိအိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာ အောင် ပြုလုပ်ထားပါ။
    (ခ)    လေပြင်းဒဏ်  ခံနိုင်စေရေးအတွက်  လိုအပ်သည့်  နေရာ များတွင် ထောက်တန်းများ/ဒေါက်တိုင်များ ထပ်မံအားဖြည့် တပ်ဆင်ပါ။ မြေဝင်အိမ်တိုင်များအား လိုအပ်လျှင်တိုင်ဖိနပ်  ပတ်လည်တွင်      မြေဖို့၍       သိပ်သည်းကျစ်လျစ်အောင် ဆောင်ရွက်ပါ။
    (ဂ)    သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာများတွင် သွပ်သံ စိပ်စိပ်ရိုက်ပါ။ ဓနိ/သက်ငယ် အမိုးဖြစ်ပါက ဝါးရာဇမတ် ကွက်  ကြက်နင်းဖြင့်  ခိုင်ခံ့စွာအုပ်ပါ။   သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ပါ။
    (ဃ)    အိမ်အနီးရှိ   ကျိုးကျနိုင်သော   သစ်ပင်/သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။
၅။    လေပြင်းတိုက်ခတ်နေစဉ်တွင် အောက်ပါတို့ကို သတိပြုလိုက်နာ ကြရန် လိုအပ်ပါသည်-    
    (က)    လေပြင်းတိုက်ခတ်ချိန်တွင်   အမှိုက်များနှင့်    ပစ္စည်းများ လေနှင့်အတူလွင့်ပါကာ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မလိုအပ်ဘဲ အပြင်သို့ မထွက်ပါနှင့်။
    (ခ)    တံခါးများနှင့် ပြတင်းပေါက်များကို မြဲမြံစွာပိတ်ထားပါ။ မှန်ပြတင်းများအား တိတ်ပြားကြီးများဖြင့် ကန့်လန့်ဖြတ် ကပ်ထားပါ။       မှန်ပြတင်းပေါက်များနှင့်     ဝေးရာတွင် နေထိုင်ပါ။
    (ဂ)    လေတိုက်ခတ်မှု   အလွန်ပြင်းထန်ပါက   ခိုင်ခံ့သောစားပွဲ (သို့မဟုတ်) ခိုင်ခံ့သော အရာဝတ္ထု တစ်ခုခုအောက်တွင် အကာအကွယ်ယူနေပါ။
    (ဃ)    လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားပါ။ 
၆။    လေပြင်းတိုက်ခတ်ပြီးနောက် အောက်ပါတို့ကို သတိပြုဆောင်ရွက် ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
    (က)    ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများ ရှင်းလင်းခြင်း လုပ်ငန်းများတွင် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပါ။
    (ခ)    ကျိုးကျ၊ ယိုင်လဲ၊ ပြိုပျက်နေသော ဓာတ်တိုင်များ၊ ဓာတ်ကြိုး များ၊ သစ်ပင်များ၊ သစ်ကိုင်းများ၊ အဆောက်အအုံများနှင့် ဝေးရာတွင်နေပါ။ 
    (ဂ)    ထိခိုက်ဒဏ်ရာရရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သည့် ကုသမှုခံယူပါ။
    (ဃ)    ကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သော ကလေးသူငယ် များ၊  ကိုယ်ဝန်ဆောင်နှင့်  သားသည်မိခင်များ၊   မသန်စွမ်း သူများ၊ သက်ကြီးရွယ်အိုများ စသည့်အကူအညီလိုအပ်သူ များကို တတ်စွမ်းသရွေ့ပေါင်းစပ်ကူညီပေးပါ။
၇။    သဘာဝဘေးအန္တရာယ်များနှင့်     ပတ်သက်၍      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ် ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက အသိပေးကြေညာအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန