
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်း အနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများကို ဖော်ပြလိုက် ပါသည်။
ဒေါက်တာထင်လင်းအောင်
(ဧရာဝတီတိုင်းဒေသကြီး
တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့
အုပ်ချုပ်သူ)
ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး အဖွဲ့မှာ အဖွဲ့ဝင် ၃၅ ယောက်ပါ ပါတယ်။ ပြည်ထောင်စုနေ့မှာ “ပြည်ထောင်စုအလှ သမိုင်းသစ်တည် တို့ဧရာဝတီ” တေး သီချင်းနဲ့ ကပြဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုနေ့ မှာ ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက လာကြတဲ့ တိုင်းရင်းသားတွေ စုံစုံလင်လင်နဲ့ တွေ့ဆုံ ခွင့်ရပြီး လေ့လာရေးခရီးတွေ သွားရတဲ့ အတွက် အင်မတန်ပျော်ရွှင်မိပါတယ်။ အခုလိုမျိုး အခွင့်အရေးရတဲ့အတွက် ကလေးတွေက ဝမ်းသာဂုဏ်ယူကြတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုမောင်နှမလို ဆက်ဆံကြတဲ့ အတွက် အနှစ်သာရရှိရှိ ပျော်စရာကောင်း ပါတယ်။ အခုလို အသိပညာဗဟုသုတ ရအောင် ပို့ဆောင်ပေးတဲ့ တာဝန်ရှိသူတွေ ကို ကျေးဇူးတင်ရှိပါတယ်။
မိစန္ဒာလင်း
(မွန်ပြည်နယ် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအဖွဲ့)
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်မတို့ အဖွဲ့အနေနဲ့ “ပျံသန်းကြမည့် နေ့ရက်ဆီ” ဆိုတဲ့ တေးသီချင်းနဲ့ ကပြဖျော်ဖြေတင်ဆက် မှာ ဖြစ်ပါတယ်။ အခုလို တိုင်းရင်းသား ပေါင်းစုံနဲ့တွေ့ဆုံခွင့်ရတဲ့အတွက် ပျော်ရွှင် မိပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်များ စီစဉ် ဆောင်ရွက်ပေးမှုတွေကြောင့် မနေ့ကဆို သတင်းစာနဲ့ တီဗွီမှာပဲ အမြဲတမ်းတွေ့နေ ရတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဖူးမြော်ခွင့်ရခဲ့တာဟာ အိပ်မက်တစ်ခု လိုပါပဲ။ တကယ် ဖူးမြော်ရတဲ့အချိန်မှာ လည်း ရင်ထဲမှာအေးချမ်းပြီး ပျော်ရွှင်မိပါ တယ်။
ဒီနေ့မှာတော့ နေပြည်တော်က တိရစ္ဆာန်ဥယျာဉ်၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်နဲ့ မြို့မဈေးကြီးကို သွားရောက်လေ့လာခဲ့ကြတယ်။ ဒီလိုမျိုး တိုင်းရင်းသားတွေ စုံစုံညီညီတွေ့ရဖို့ ဆိုတာကလည်း မလွယ်ပါဘူး။ တစ်နေရာ ထဲမှာ ခဏတာဆုံတွေ့ခွင့်ရတဲ့ အချိန်မှာ တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို ဖလှယ်ခွင့်ရတဲ့ အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ အချင်းချင်း နှုတ်ဆက်ကြတဲ့အချိန်မှာ သူတို့ရဲ့ စကားသံဝဲဝဲလေးတွေကို ကြားရ တဲ့အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ အတွေ့ အကြုံသစ်တွေ ဖြစ်ပါတယ်။
ယမင်းလှိုင်
(ရခိုင်ပြည်နယ် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအဖွဲ့)
ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်မတို့အဖွဲ့အနေနဲ့ တိုင်းရင်းသားရိုးရာ သီချင်း “ယိုင်း” သီချင်းနဲ့ ဖျော်ဖြေ တင်ဆက် ကပြသွားမှာ ဖြစ်ပါတယ်။ မြန်မာလို့ကတော့ ပုခက်ပေါ့နော်၊ မိခင် က ကလေးကို ပုခက်လွဲပြီးတော့ ချော့သိပ် တဲ့ သီချင်းဖြစ်ပါတယ်။ တိုင်းရင်းသား ပေါင်းစုံနဲ့ဆုံတွေ့ခွင့်ရတဲ့အတွက် ရင်းရင်း နှီးနှီး မိတ်ဆွေဖွဲ့ခွင့်ရတယ်၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဘာသာစကားတွေ ကို ဖလှယ်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါ တယ်။ ကျွန်မတို့ လေ့လာရေးအဖွဲ့တွေ အနေနဲ့ နေပြည်တော်က အထင်ကရ နေရာတွေကို သွားရောက်လေ့လာခဲ့ကြ တယ်။ နက္ခတ်တာရာပြခန်းမှာ ကြယ်တာ ရာ အကြောင်းတွေကို အစုံလေ့လာခွင့်ရ တာ အကြိုက်ဆုံးပါပဲ။ စကြဝဠာဆိုင်ရာ ပညာပေးဗီဒီယိုကို ပြသတဲ့အချိန်မှာ ဗဟုသုတတွေ ရရှိခဲ့တယ်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို အစစ အရာရာ လိုလေသေးမရှိအောင် စီမံ ဆောင်ရွက်ပေးတဲ့အတွက် တာဝန်ရှိသူ များအားလုံးကို ကျေးဇူးတင်ပါတယ်။
ဝေယံမျိုး
(ရှမ်းပြည်နယ် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအဖွဲ့)
ရှမ်းပြည်နယ်ကိုယ်စားပြု အနေနဲ့ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် နေပြည်တော်ကို လာရောက်ရတာ ဝမ်းသာပါတယ်။ လေ့လာရေးခရီးစဉ်တွေကို တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ အတူတကွ သွားရတာက အခွင့်အရေးတစ်ခုပါပဲ။ ခရီးစဉ်တွေကနေ ဗဟုသုတတွေလည်း အများကြီးရတယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ စုစုစည်းစည်း သွားလာနေထိုင်ရတဲ့အချိန် အတွင်း ယဉ်ကျေးမှုနဲ့ ဘာသာစကား တွေ အပြန်အလှန်ဖလှယ်ဖြစ်ကြပါတယ်။ ညပိုင်းမှာ တိုင်းရင်းသားရိုးရာအကတွေ ကို တက်တက်ကြွကြွ အကတိုက်ကြတဲ့ အချိန်မှာ သူ့အကကိုယ်ကြည့်၊ ကိုယ့် အက သူကြည့်နဲ့ ပျော်ရွှင်ကြည်နူးရပါ တယ်။ ဒါတွေက ကျွန်တော်တို့အတွက် အဖိုးတန်တဲ့ အတွေ့အကြုံတွေပါ။
ဆန်းမီ
(ရှမ်းပြည်နယ် တိုင်းရင်းသား
ရိုးရာယဉ်ကျေးမှုအဖွဲ့)
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်မတို့အဖွဲ့အနေနဲ့ ရှမ်းပြည်နယ် သဘာဝအလှအပတွေ၊ တိုင်းရင်းသားတွေ ဘယ်လိုစုစည်းပြီး တော့ နေထိုင်တယ်ဆိုတဲ့အကြောင်းအရာ လေးတွေကိုသီကုံးရေးဖွဲ့ထားတဲ့ “မောတို့ ပျော်ရာ” တေးသီချင်းနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ကျင်းပ ရေး ဆပ်ကော်မတီကနေ စီစဉ်ဆောင်ရွက် ပေးတဲ့အတွက် လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးတာက နေရာအတော်စုံပါ တယ်။
ကျွန်မတို့ တက်ရောက်နေတာက ပညာရေးဒီဂရီကောလိပ် ဖြစ်တယ်။
ကလေးတွေကို ဒီကနေ ပြန်ရောက်တဲ့ အခါမှာ စုံစုံလင်လင်နဲ့ သေသေချာချာ ပြန်လည်ပြီးတော့ ပြသနိုင်ဖို့အတွက်လည်း မှတ်တမ်းမှတ်ရာတွေကို အများကြီး ယူသွားနိုင်ဖို့ လေ့လာနေပါတယ်။ အခုလို မျိုး တိုင်းရင်းသားစုံစုံလင်လင်နဲ့ လေ့လာ ရေးခရီးသွားရဖို့ဆိုတာ မလွယ်ကူတဲ့ အရာဖြစ်ပါတယ်။ အခုလိုမျိုး သွားရောက် ခဲ့ရတဲ့အတွက် ကျေနပ်မိတယ်။ ပီတိဖြစ် မိတယ်။ တိုင်းရင်းသားတွေ ဒီထက်မက ပိုပြီးတော့ စည်းစည်းလုံးလုံး ချစ်ချစ် ခင်ခင်နေထိုင်သွားဖို့ လိုအပ်ပါတယ်။
မမြပုလဲသွယ် (ဧရာဝတီတိုင်းဒေသကြီး
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့)
ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုင်းရင်းသား တစ်ယောက်အနေနဲ့ ပြည်ထောင်စုနေ့အကအဖွဲ့မှာ ပါဝင်ခွင့် ရတဲ့အတွက် ဝမ်းသာမိတယ်။ ကျွန်မတို့ ဒီရောက်တော့လည်း တိုင်းရင်းသား ပေါင်းစုံနဲ့ တွေ့ရပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ စကားသံလေးတွေ၊ ဝတ်စားဆင်ယင်မှုလေးတွေကို သိမြင် ရပါတယ်။ ဒါ့အပြင် အထင်ကရနေရာတွေ ကို လေ့လာရေးခရီးတွေ ပို့ပေးတဲ့အတွက် အသိပညာဗဟုသုတတွေ များစွာရရှိပါ တယ်။ ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကို အခုလို တိုင်းရင်းသားပေါင်းစုံနဲ့ ဆုံစည်း ခွင့်ရပြီး အတွေ့အကြုံကောင်းတွေရတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။
တွေ့ဆုံမေးမြန်း - အောင်မင်းဟန်၊
ဂျိုင်းလော၊ ဓာတ်ပုံ - ဖိုးပြည့်စုံ