လောင်းလုံးမြို့နယ် ကဘူကျေးရွာ၌ အအေးခန်းစက်ရုံ သုံးလုံး မီးလောင်မှုဖြစ်ပွား

 

လောင်းလုံး   မတ်   ၂
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ကဘူကျေးရွာတွင် ယမန် နေ့ ညနေ ၅ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိ ပြည်သူတစ်ဦးက   သတင်းပေးအကြောင်းကြားလာသဖြင့်    ခရိုင် မီးသတ်မှူး ဦးသိန်းဇော်ဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် နှစ်စီး၊ ဇမ္ဗူသီရိလူမှုကူညီမှုအသင်းမှ အထောက်အကူပြုယာဉ် နှစ်စီး ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့သည်။
ဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်   ကဘူကျေးရွာပိုင်ရှင်  ဦးမင်းစံ၏ ၁၅ နှစ်ခန့်ရှိ လုပ်ငန်းလုပ်ကိုင်မှုမရှိသော အအေးခန်းစက်ရုံဟောင်း (အလျား ပေ ၂၀၀၊ အနံ ပေ ၄၀)ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ တစ်ထပ်သုံးလုံးကို  လမ်းသွား၊ လမ်းလာများက ဆေးလိပ်မီးပစ်ရာမှ တစ်ဆင့် မီးစတင်လောင်ခဲ့သည်။   မီးလောင်မှုကြောင့်  အအေးခန်း စက်ရုံ သုံးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါမီးလောင်မှုကို      သန္ဓေမီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်   ပတ်ဝန်းကျင်နေပြည်သူများ   ဝိုင်းဝန်းပူးပေါင်း  မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။                      
 သိန်းသိန်း(လောင်းလုံး)