
နေပြည်တော် အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လောကနန္ဒာစွယ်တော်မြတ် စေတီနှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လောကနန္ဒာစွယ်တော်မြတ်စေတီသည် ဧရာဝတီ မြစ်ကမ်းဘေး၌တည်ရှိပြီး အေဒီ(၁၁)ရာစုတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီဖြစ်ကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆင့်သတ်မှတ်ချက် အဆင့်-၁ (Grade One) အဆင့်ရှိသော စေတီတစ်ဆူဖြစ်ပါကြောင်း၊ ၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် လှုပ်ခတ်ခဲ့သော ငလျင် များကြောင့် ထိခိုက်မှုများ ရှိခဲ့သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှေးမူ မပျက် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း။
နှစ်စဉ် ဧရာဝတီမြစ်ရေတိုက်စားကာ မြစ်ကမ်း ပါးများ ပြိုကျပျက်စီးမှုရှိခဲ့သောကြောင့် လောကနန္ဒာ စွယ်တော်မြတ်စေတီတော်၏ အောက်ခြေမြစ်ကမ်း ပါးများကို ၁၉၉၆ ခုနှစ်တွင် သံဆန်ခါလုံးအတွင်း ကျောက်ကြီးများဖြည့် ကာကွယ်ခြင်း (Stone Sausage) ၊ ၂၀၀၃ ခုနှစ်တွင် Willo Matress အခြေပြု Steel Basket အတွင်း ကျောက်ကြီးများဖြည့်၍ ထိန်းသိမ်းခြင်းတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ Budget ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာငွေဖြင့် Geo-bag အခြေပြု ကွန်ကရစ် Slab ကိုးလက်မထုဖြင့် ကမ်းပါးထိန်းသိမ်းခြင်း၊ ထန်းလုံးတိုင်များဖြင့် ရေကာတာတည်ဆောက်ခြင်းနှင့် ထန်းလုံးတိုင်များ ဖြင့် ကမ်းပါးထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း။
လောကနန္ဒာ စွယ်တော်မြတ်စေတီ အထက် ပစ္စယာ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် စသည့် အရပ်လေးမျက်နှာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၉ ခုနှစ်တွင် ရေချိန်များတပ်ဆင်၍ အဆိုပါရေချိန်အကဲဖြတ်မှုဖြင့် အမြဲမပြတ် စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိ ကြောင်း၊ အောက်တိုဘာ ၉ ရက်က သွားရောက် စစ်ဆေးရာတွင် စေတီနှင့် စေတီရင်ပြင်တို့၏ အနောက် တောင်ဘက်သည် အနည်းငယ်နိမ့်သွားသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ စေတီပရိဝုဏ်ရှိ ဧရာဝတီမြစ်ကမ်းကို သွားရောက်စစ်ဆေးရာတွင် လည်း ဧရာဝတီမြစ်ရေသည် အဆိုပါ ကမ်းပါးကိုပါ တိုက်စားလျက်ရှိသည်ကို တွေ့ရှိကြောင်း။
မြစ်ရေတိုက်စားမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစားပေးအနေဖြင့် အလျားပေ ၁၀၀၀ ခန့်ကို ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီ မြေထိန်းနံရံ (ကွန်ကရစ်ပြားကပ်) တမံ ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်ထားသည်ကို သိရှိရကြောင်း။
မြစ်ရေတိုက်စားမှုကို အချိန်မီထိန်းသိမ်းနိုင်ခြင်း မရှိပါက လောကနန္ဒာ စွယ်တော်မြတ်စေတီကို ထိခိုက်နိုင်သည့်အပြင် စေတီပရိဝုဏ်နှင့် တစ်ဆက် တည်းရှိနေသည့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ကိုပါ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ မြစ်ရေကျဆင်းချိန်ဖြစ်သည့် ယခုနှစ် ပွင့်လင်းရာသီ အတွင်း မြစ်ကမ်းပါး ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြီးစီးအောင် ဆောလျင်စွာ ဆောင်ရွက် ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လောကနန္ဒာ စွယ်တော်မြတ်စေတီနှင့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်သတင်းအချက် အလက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာ သော ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ နှင့် တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက် ပေးနိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း ဆောင်ရွက်ရာတွင် လောကနန္ဒာစွယ်တော်မြတ်စေတီ ၏ ထည်ဝါခံ့ညားမှုနှင့် မူလရှေးဟောင်းသွင်ပြင် လက္ခဏာများ မထိခိုက်စေရေး၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၏ ဇီဝမျိုးစုံ၊ မျိုးကွဲ သားငှက် တိရစ္ဆာန်များနှင့် ရေတိမ်ဒေသထိန်းသိမ်းထားမှုများ မထိခိုက်စေရေးတို့အတွက် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သစ်တောဦးစီးဌာန နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်