
လောက်ကိုင် ဇူလိုင် ၂၅
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ် (၁) ရပ်ကွက် ကြယ်စင်လမ်းမကြီး ဘေးရှိ ဒေါ်လူဟိုက်ရင် နေအိမ်သည် ဇူလိုင် ၂၄ နှင့် ၂၅ ရက်တို့ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် တန်းလျား အနောက်ဘက်ခြမ်း မြေထိန်းနံရံ ဘက်မှ ရေများစိမ့်ဝင်၍ မြေထိန်း နံရံကာရံ ထားသည့် ကျောက်များ ပဲ့ထွက်ပြိုကျခဲ့ရာမှ တစ်ခန်းလျှင် ၁၀ ပတ်လည်ရှိ နေအိမ် အခန်း ရှစ်ခန်းအတွင်းသို့ အဆောက်အအုံ၏ နောက်ကျောဘက်မှ ကျောက်ကြီးများနှင့် မြေများပြိုကျခဲ့သည်။ မြေပြိုကျမှုကြောင့် အခန်း ရှစ်ခန်း၌ နေထိုင် သည့် အိမ်ထောင်စု ရှစ်စုအား မျက်နှာချင်းဆိုင် အခန်းလွတ်နေရာ များသို့ ရွှေ့ပြောင်းနေရာချထားခဲ့ကြောင်း၊ ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုဖြစ်ပွားခဲ့၍ ပြောင်းရွှေ့ နေရာချထားသော အိမ်ထောင်စု ရှစ်ခုမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၉ ဦးတို့အား ဇူလိုင် ၂၅ ရက်က လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ မြို့နယ် ရဲမှူး ငြိမ်းချမ်းအေးနှင့် တပ်ဖွဲ့ဝင်များက ဆန် သုံးအိတ်၊ ကုလားပဲ တစ်အိတ်၊ ဆီ ၂၅ ပိဿာ ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
နန်းမြမြဝင်း