လောကကို သိပ္ပံပညာ၊ နည်းပညာများဖြင့် အလှဆင်ကြရာတွင်…

Type
၅

 

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

 

မြန်မာ့တံခါးကိုဖွင့်၊  အနာဂတ်ကို  မြော်မြင်ကြည့်၊    သတိဉာဏ် မြေကတုတ်နဲ့  သင်ယူအားထုတ်  အလုပ်လုပ်ကြလော့ဆိုတဲ့  အချက် နဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။

 


သမိုင်းကြောင်းရှည်လျားတဲ့ ရွှေနိုင်ငံ


မြန်မာနိုင်ငံ  ပုံတောင်ပုံညာဒေသမှာ  လူဖြစ်လာမယ့် အမ်ဖီသီး ကပ်စ်လို့ခေါ်တဲ့ ပရိုင်းမိတ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းသန်း ၄၀ က နေခဲ့ ကြောင်း ဘူမိသိပ္ပံကမ္ဘာ့ပညာရှင် မြန်မာပညာရှင်တွေက  ဖော်ထုတ်ခဲ့ တယ်။ လူသား မျိုးနွယ်အစ မြန်မာကလို့တောင် ပြောလာကြတယ်။ မြန်မာနိုင်ငံ  ရာဇဝင်သမိုင်းလာ  မြန်မာတွေဟာ ကိုယ့်မြေပေါ်မှာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့ ကိုယ့်ဘုရင်၊ ကိုယ့်သခင်နဲ့နေလာ ခဲ့တဲ့ ပုဂံယဉ်ကျေးမှုဟာ နှစ်ပေါင်း ၃ဝဝ တိုင် အဓွန့်ရှည်ကြာထည်ဝါစွာ ကမ္ဘာ့အလယ်မှာ ရပ်တည်ခဲ့တယ်။ သမိုင်းမှတ်တမ်းကို ကောင်းစွာ တင်နိုင်ခဲ့တာကတော့   ပုဂံခေတ်က   စခဲ့တာဖြစ်တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း  အာရှရဲ့ပုလဲရတနာလိုတစ်မျိုး၊   ရွှေရောင် တဝင်းဝင်းနဲ့ ဘုရားစေတီတွေကိုပဲကြည့်ကြည့်၊ မူးမြစ်ဝှမ်း၊ ချင်းတွင်း မြစ်ဝှမ်း၊ ဟူးကောင်း ချိုင့်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်းက လယ်ယာမြေတွေမှာ သီးမှည့်နေတဲ့စပါးနှံတွေပဲကြည့်ကြည့်  ကမ္ဘာမှာ ရွှေနိုင်ငံလို့ တစ်မျိုး အမည်ရနေပါတယ်။ 

 


မြန်မာမှာ အနန္တသူရိယအမတ်ဟာ  ပုဂံနရသူမင်းလက်ထက်မှာ  ဝန်ကြီး၊ သဘာဝရဲ့ဥပဒေသကို   ဖော်ထုတ်ခဲ့တဲ့   ကဗျာဆရာတစ်ဦး ဖြစ်ခဲ့တယ်။ ၁၅၆၄ ခုနှစ်မှာ ဝီလီယံရှိတ်စပီးယားက    အင်္ဂလန်၊ ဂယ်လီလီယို ဂယ်လီလိုင်က   အီတလီမှာ   မွေးဖွားလာကြတယ်။ စာပေအရာမှာ ရှိတ်စပီးယားက  ထူးချွန်ထက်မြက်သလို ခေတ်ပြိုင် စတုရင်္ဂဗလ၊ နဝဒေး၊ စိန္တကျော်သူတို့ဟာ  စာပေအရာမှာထိပ်တန်း ဖြစ်ခဲ့ပါတယ်။ သိပ္ပံအရာမှာ ဂယ်လီလီယိုက ထူးချွန်သူ ဖြစ်တယ်။ 

 


အေဒီ ၁၅၅ဝ ကျော်မှာ ဘုရင့်နောင်ဟာ ကမ္ဘောဇသာဒီ နန်းတော် ကြီး တည်ဆောက်ပြီး နန်းစံခဲ့ပါတယ်။ အနီးအနားနိုင်ငံတွေအပေါ်မှာ သြဇာသက်ရောက်မှုရှိခဲ့ပါတယ်။ အမြော်အမြင်ကြီးကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ခေတ်ပြိုင် အေဒီ ၁၆ဝဝ လောက်က ဘာကင်ဂန်နန်းတော် ( Buckingham Palace) ကို လန်ဒန်မှာ တည်ဆောက်ခဲ့တာ မြန်မာတို့ထက် နောက်ကျခဲ့ပေမယ့် ယနေ့တိုင်  တည်တံ့နေပါတယ်။ လန်ဒန်ဟာ ယနေ့ထိဖွံ့ဖြိုးကြီးထွား လျက်ပါ။ စည်းလုံးညီညွတ်မှုလျော့ရဲလာတဲ့ခေတ် ဘေးပယောဂတွေ ဝင်မှန်းမသိတဲ့ ဘုရင်မင်းလက်ထက်မှာ ကမ္ဘောဇသာဒီနန်းတော်ကြီး ဟာ ပျက်သုဉ်းခဲ့ရပါတယ်။

 


ကုန်းဘောင်ခေတ် 


အေဒီ ၁၇၅၂ ခုနှစ်မှာ အလောင်းမင်းတရားကြီးက  ကုန်းဘောင် ခေတ်ကို တည်ထောင်၊ စည်းလုံးညီညွတ်မှုရှိအောင်၊ စပါးဆန်ရေပေါ များအောင် ဆောင်ရွက်ခဲ့တယ်။ စာပေကျမ်းဂန်တွေ ထွန်းကားခဲ့တယ်။ ၁၆- ၁၉ ရာစု အတွင်း ကမ္ဘာ့နိုင်ငံတွေဟာ အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်နဲ့ ကိုယ့်မြေကိုယ့်ရေနဲ့   ကိုယ့်နန်းတွင်းရေးတွေကို ဖြေရှင်း၊ ထိန်းချုပ် ကာကွယ်လေ့ရှိရာ  ရှေးကအုပ်ချုပ်မင်းလုပ်ခဲ့တဲ့သူနဲ့ နောက်လိုက် နောက်ပါ မြန်မာတို့ဟာ ကတ္တီပါဖိနပ်စီး၊   ရွှေထီးဆောင်း၊ အဋ္ဌာရသ နည်းပညာနဲ့ လုံလောက်ပြီလို့ ယူဆခဲ့ကာ ရှေ့ဆက်မလှမ်းဘဲ ကျေနပ် ခဲ့ပုံရပါတယ်။ ၁၇၉၅ ခုနှစ်မှာ ကပ္ပတိန်မိုက်ကယ်ဆိုင်း(မ်) (Captain Michael Sym) ဟာ အင်းဝပြည်ကြီး ရောက်လာကာ အင်းဝအင်ပါယာ တိုင်းပြည်ရဲ့ အံ့ဩခဲ့ရပုံကို ၁၈၀၀   ပြည့်နှစ်ထုတ် အင်းဝခရီးစဉ် စာအုပ်မှာ ရေးခဲ့တယ်။ မြန်မာတို့ဟာ  အဲဒီအဆင့်မှာ ကျေနပ်ရပ်တန့် နေခဲ့ပါတယ်။   စွန့်စွန့်စားစားနဲ့      ကျယ်ပြောတဲ့   နယ်ပယ်တွေ လူ့ယဉ်ကျေးမှုတွေကို စူးစမ်းလေ့လာဖို့ အားနည်းခဲ့ပါတယ်။ 

 


၁၈၀၆ ခုနှစ်မှ ၁၈၁၉ ခုနှစ်အတွင်း ပဒုံမင်းဟာ ဆေးပညာကို ကိုယ်တိုင် လေ့လာခဲ့တယ်။ အာယုဗေဒမှာ လွန်စွာကျွမ်းကျင်သူများကို ဘိသက္ကရာဇ်ဘွဲ့ကို အပ်နှင်းပြီး သူကောင်းပြုခဲ့ကြောင်း၊ မြန်မာတို့ဟာ ဆေးပညာကို တက်လှမ်းခဲ့ကြောင်း တွေ့ရပါတယ်။

 


မြော်မြင်တွေးကြည့်နိုင်တဲ့သူလွန်စွာမှရှား


၁၈၂၄-၂၆ ခုနှစ်တွေမှာ မြန်မာနိုင်ငံအောက်ပိုင်းကစပြီး  တစ်စ တစ်စ အင်္ဂလိပ်လက်အောက် ရောက်မယ်လို့ ဘယ်သူတွေ တွက်ဆ သိနိုင်ခဲ့မလဲ။ အဲဒီခေတ်က မြန်မာလူထု တစ်သန်းထဲက မည်သူတစ်ဦး တစ်ယောက်ဟာ ကြိုတင်တွက်ဆပြီး ပြင်ဆင်မှုတွေ  လုပ်ခဲ့ပါသလဲ ဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ထိုခေတ်က ရှေးဘုရင်တို့နဲ့ လူထုဟာ ပရိယာယ်နည်းပရိယာယ်ဝေဝုစ်များလှတဲ့   ဗြိတိသျှနယ်ချဲ့တို့ကို နားလည်ရန် ခက်ခဲခဲ့ပါလိမ့်မယ်။ မြော်မြင်တွေးကြည့်နိုင်တဲ့သူတွေ ရှိကောင်းရှိနိုင်ပါမယ်။ လွန်ခဲ့တဲ့နှစ် နှစ်ရာနီးပါးက အခြေအနေမှာ လွန်စွာမှ ရှားပါလိမ့်မယ်။ 

 


၁၈၁၂-၁၈၂၄ ခုနှစ်အတွင်းမှာ ဥရောပမှာ ရေနွေးငွေ့အင်ဂျင်စက် တွေကို တည်ဆောက်နိုင်ခဲ့ပြီ၊    လေနဲ့ နေရောင်ခြည်၊   ယမ်းများ အကြောင်း ကောင်းကောင်းနားလည်နေပြီဖြစ်ပါတယ်။ ဥရောပမှာ ၁၈၁၂ ခုနှစ်က  ကုန်တင်ယာဉ်ကိုဆွဲဖို့   ရေနွေးငွေ့အင်ဂျင်စက်ကို တည်ဆောက်နိုင်ခဲ့ခြင်း၊  သံနဲ့သတ္တုထုတ်လုပ်နိုင်ခြင်းဟာ   စက်မှု ထွန်းကားဖို့ တာထွက်ခဲ့ပါတယ်။ သစ်တောသစ်ပင်တွေက  သစ်နဲ့ သင်္ဘောကြီးငယ် တည်ဆောက်ပြီး ပင်လယ်ခရီးကို သွားရောက်ခဲ့ပါ တယ်။ ကိုလိုနီနယ်ချဲ့တို့ဟာ အိန္ဒိယနိုင်ငံအတွင်း   နှစ်ပေါင်းနှစ်ရာ ကျော်ကပင် ဝင်ရောက်နေခဲ့ပြီဖြစ်ပါတယ်။ 

 


၁၈၂၂ ခုနှစ်မှာ ကင်းဝန်မင်းကြီးကို   မွေးဖွားခဲ့ပါတယ်။ ၁၈၂၈ ခုနှစ်မှာ လီယိုတော်စ်တွိုင်း (Leo Tolstoy)ကို မွေးဖွားခဲ့ပါတယ်။ လီယိုတော်စ်တွိုင်းဟာ ရုရှားလူမျိုး ကမ္ဘာကျော်စာရေးဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ ထိုခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ တနင်္သာရီနဲ့ ရခိုင်ဟာ အင်္ဂလိပ်လက်အောက်  ရောက်သွားပြီဖြစ်ပါတယ်။ ၁၈၅၂ ခုနှစ်မှာ မြန်မာနိုင်ငံအောက်ပိုင်း   အောင်လံ၊  သရက်အထိ အင်္ဂလိပ်လက်ထဲ ပေးလိုက်ရပြီ ဖြစ်ပါတယ်။

 


 ၁၈၄ဝ ပြည့်နှစ်တွေမှာ တရုတ်နဲ့အိန္ဒိယနိုင်ငံကြီး  နှစ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကို လွှမ်းခြုံခဲ့ပါတယ်။  သဘာဝ တွင်းထွက်ပစ္စည်းများဖြစ်တဲ့ ရွှေ၊ ငွေ ကျောက်မျက်ရတနာတွေနဲ့ လက်လုပ် ပိုးထည်တွေ ထုတ်လုပ်ရောင်းချခြင်းနဲ့ စီးပွားဖြစ်ခဲ့ပါတယ်။

 


သဘာဝကပေးတဲ့လက်ဆောင်


၁၈၅၃ ခုနှစ်မတိုင်မီ ရှေးယခင်က မြန်မာတို့ဟာ သဘာဝကပေးတဲ့ လက်ဆောင်နဲ့ပဲ ကျေနပ်ရောင့်ရဲခဲ့ပါတယ်။   ရေမြေတောတောင်၊ သယံဇာတ၊  သဘာဝအရင်းအမြစ်   ပေါကြွယ်ဝမှုကိုပင် လက်ဆုပ် လက်ကိုင် ထူးထူးခြားခြား စွန့်စွန့်စားစားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်ဖို့ ဖင့်နွှဲနေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ 

 


မင်းတုန်းမင်းတရားကြီး နန်းတက်တဲ့   ၁၈၅၃ ခုနှစ်မှာပဲ ရေတပ် ဗိုလ်ချုပ် ကိုမိုဒိုမက်သရူးပယ်ရီ (Commodore Mathew Perry) ဟာ ဂျပန်ကျွန်းတွေဆီသို့ အနက်ရောင်သင်္ဘောကြီးနဲ့ ရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာနဲ့ကင်းကွာခဲ့တဲ့ ကျွန်းနိုင်ငံ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်ဆံမှုကို    ထိန်းချုပ်ခဲ့ပါတယ်။    သဘာဝကပေးတဲ့ လက်ဆောင်နဲ့ပဲ ကျေနပ်ရောင့်ရဲတဲ့လူမျိုးဖြစ်ပါတယ်။ မက်သရူးပယ်ရီ ရောက်လာတော့ ဂျပန်တို့ရဲ့ အတွေးအခေါ် ခံယူချက်တွေ ပြောင်းလဲ သွားပါတယ်။ ဂျပန်လူမျိုးတို့ဟာ ရှုမြင်ပုံက   မြင့်မားလာပါတယ်။ ပိုပြီး စဉ်းစားလာကြပါတယ်။ နည်းပညာရမှ  ဖြစ်တော့မယ်ဆိုတာ ဂျပန်တို့ ကောင်းစွာသိသွားကြပါတယ်။ ၁၈၅၃ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ဂျပန်နဲ့အမေရိကန်တို့ဟာ ကုန်သွယ်မှု ဆက်ဆံဆောင် ရွက်ရေး သဘောတူစာချုပ်ကို  သမိုင်းဝင် လက်မှတ်ရေးထိုးလိုက်ပါ တယ်။          

 


သိပ္ပံပညာဟာအခရာ


 ၁၈၇၁ ခုနှစ် အလယ်ပိုင်းမှာ ခေတ်ပြိုင် အပြောင်းအလဲကြီးတွင် ဝင်ဆံ့နိုင်ရန် အမြော်အမြင်ကြီးမားတဲ့   ကနောင်မင်းသားကြီးဟာ နိုင်ငံခြားတိုင်းပြည်များသို့   ပညာသင်စေလွှတ်ခြင်း၊   နိုင်ငံတော် ကာကွယ်ရေးအတွက်  လက်နက်စက်ရုံ၊   ရေကြောင်းသွားလာရေး သင်္ဘောတည်ဆောက်ရေးစက်ရုံ၊   လူသုံးကုန်ပစ္စည်းစက်ရုံတို့ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်အခါက ဂျပန်မှာတော့ မေဂျီ(Meiji)ခေတ်ပဲ။

 


မြန်မာတို့အားထားရတဲ့ ကနောင်မင်းသားဟာ ကံဆိုးရှာပါတယ်။ ကနောင်မင်းသားကြီးဟာ    စက်မှုခေတ်ကို   တက်လှမ်းခဲ့ပေမယ့် အားပေးထောက်ခံမှု    နည်းခဲ့ပါတယ်။     နန်းတွင်းရေးတွေကြောင့် လမ်းခုလတ်မှာ နည်းပညာ အမြော်အမြင်နဲ့အတူ အသက်ပေးလိုက်ရတဲ့ သင်ခန်းစာကို မြန်မာတို့ယူရမှာဖြစ်ပါတယ်။  မင်းတုန်းမင်းတရားကြီး နဲ့ မှူးမတ်ဝန်ကြီးအပေါင်းတို့ဟာ ကနောင်မင်းသားရဲ့စစ်လက်နက် စမ်းသပ်မှုကို တားဆီးရုံမဟုတ်ဘဲ အမြော်အမြင်ကျယ်ကျယ်နဲ့ သတ္တု စက်မှုလုပ်ငန်းဆက်လက်ဖွံ့ဖြိုးအောင်  မဇ္စျိမပဋိပဒါကျကျ  အားပေး ချီးမြှောက်ခဲ့သင့်တယ်လို့ သုံးသပ်ရပါတယ်။

 


လွတ်လပ်ရေးဆုံးရှုံး


၁၈၂၄ ခုနှစ်ကစပြီး ၁၈၈၅ ခုနှစ်တိုင် မြန်မာနိုင်ငံအောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဲခူး၊ ဟံသာဝတီ၊ ရန်ကုန်၊ ပုသိမ်၊   ဟိုင်းကြီးကျွန်း အရေးကိစ္စများကို ဖြေရှင်းရတော့ ထိုစဉ်ကမြန်မာ့ခေါင်းဆောင်တွေ ဘုရင်မင်းမြတ်တို့ဟာ အားတွေကုန်၊ လမ်းကြောင်းတွေ တိမ်းစောင်း သွားပါတော့တယ်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ဗြိတိသျှတို့ က သီပေါမင်းကိုနန်းချကာ ဧရာဝတီမြစ်ကြောင်း သူရိယသင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်၊ ရန်ကုန်မှတစ်ဆင့် မဒရပ်၊ ရတနာဂီရိကို ပို့လိုက်တယ်။ 

 


တိုင်းတစ်ပါးအောက်  ရောက်ပြီဆိုကတည်းက မြန်မာတို့ရုန်းကန် ကြီးထွားလာခဲ့ရပုံတွေဟာ အခြားသော နိုင်ငံတွေနဲ့ မတူညီခဲ့တော့ ပါဘူး။ ၁၉၄၇ ခုနှစ် ဇူလိုင်  ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံလိုက်ရပြန်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့   ခေါင်းဆောင်ကြီးများ လုပ်ကြံခံရလို့  ဝမ်းနည်း ပက်လက်ဖြစ်ရတဲ့   မြန်မာတို့ဟာ    သခင်မဲ့၊   အရှင်သခင်မဲ့ဘဝနဲ့ ဘုံရန်သူကို ရှာမတွေ့ဘဲ  ဖြစ်ရပါတယ်။ ၁၉-၂ဝ ရာစုအတွင်း ကိုလိုနီ ရဲ့အပြုအမူတွေကြောင့်   မြန်မာ့ရေမြေ၊    လူမှုစီးပွားရေးဘဝ သမိုင်းကြောင်းဟာ  ပြောင်းလဲသွားပါတော့တယ်။ 

 


အထွေထွေနောက်မကျရေး လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ဖို့   လမ်းစမရခဲ့တဲ့ကာလဟာ   အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီ  ၄ ရက်အထိလို့ ပြောရ ပါလိမ့်မယ်။ ဒါဟာသမိုင်းတစ်ကွေ့ပဲ၊ ကာလကြာရှည်လေ နိုင်ငံတကာ ပုံမှန်လမ်းကြောင်းနဲ့ဝေးကွာလေ ဖြစ်သွားရတယ်။  သိပ္ပံပညာ နည်း ပညာနဲ့လောကကို   အလှဆင်ဖို့ မြန်မာတို့ ဝေးခဲ့ရပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

 


အို. . . မြန်မာတို့ . . .


ရှေးယခင်က သမိုင်းရဲ့ ဆိုးမွေတွေကိုပြန်လည်ပြီးသွားဖို့မဟုတ်၊ ကိုယ့်သမိုင်းကိုကြည့်၊ အစစအရာရာ ဖြစ်ပေါ်ပြောင်းလဲမှုကိုကြည့်၊ သင်ခန်းစာယူပြီး ကောင်းမွေပေးနိုင်အောင်  လုပ်ကြရပေလိမ့်မယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့သမိုင်း၊ သိပ္ပံနဲ့နည်းပညာတိုးတက်မှုသမိုင်း၊ ကြီးပွားချမ်းသာမှုသမိုင်းတို့ကို       နားလည်အောင်ဖတ်ကြရမယ်၊ ကိုယ့်နိုင်ငံနဲ့ယှဉ်ပြီးတော့လည်း  သိအောင်လေ့လာကြရမယ်။ အမြော် အမြင်နဲ့ မြန်မာ့တံခါးကို ဖွင့်ကြည့်တော့… အတိတ်မှာ သိပ္ပံပညာနဲ့ စွန့်စွန့်စားစား လောကကိုအလှဆင်ကြသူတွေကို ဒီလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

           


လွန်ခဲ့တဲ့နှစ် ၅- ၇ သိန်းလောက်က ပီကင်းမင်းခေတ်မှာ မီးကိုတွေ့ရှိ အသုံးပြုတာကြောင့် လူ့ယဉ်ကျေးမှုကြီးဟာ  ကြီးစွာပြောင်းလဲခဲ့ပါ တယ်။ မီးကြောင့်  သိပ္ပံဆိုင်ရာ  အဖြစ်အပျက်အပြောင်းအလဲတွေကို နားလည်ခဲ့ပါတယ်။   လူ့ယဉ်ကျေးမှုအစမှာကိုပင်   တရုတ်တို့ဟာ စက္ကူတီထွင်မှု၊ ယမ်းတီထွင်မှု၊ ပုံနှိပ်အတတ်ပညာတီထွင်မှု၊  သံလိုက် အိမ်မြှောင်တီထွင်မှုတွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပုံဖော်ခဲ့ပါတယ်။ ဘီစီ ၅၁၂ ခုနှစ်မှာ တရုတ် က သံကြွပ်ကို ထုတ်လုပ်သုံးနေပြီဖြစ်ပါတယ်။ 
အေဒီ ၁၂ဝဝ မှာ ကမ္ဘောဒီးယားနိုင်ငံဟာ  ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ကြောင်း အဲန်ကောဝပ် (Ankorwat) ဘုရားကျောင်းတော်ကြီးရဲ့ ခမ်းနားထည်ဝါ ဗိသုကာလက်ရာမြောက်မှုတို့ကို ရှုမြင်သုံးသပ်တတ်တဲ့ ပညာရှင်တွေက ပြောပါတယ်။ ပုဂံယဉ်ကျေးမှုဟာ ဒီထက်စောပြီး အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ 

 


၁၅၀၀ ပြည့်နှစ်မှာ ပီရူးနဲ့ မက္ကဆီကို နိုင်ငံတွေကို ဥရောပနိုင်ငံတွေ က မော်ကြည့်ရလောက်အောင် ချမ်းသာကြပါတယ်။ ၁၈၀၀ ပြည့်နှစ် မှာ အာဂျင်တီးနားနဲ့ ကျူးဘားနိုင်ငံတို့ဟာ အမေရိကန်ထက်ချမ်းသာ ပါတယ်။ ကမ္ဘာ့လူဦးရေဟာ အဲဒီနှစ်မှာ တစ်ဘီလီယံ ၊ ၁၉၀၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၁ ဒသမ ၅ ဘီလီယံ ရှိပါတယ်။ မျက်မှောက်ခေတ် မှာ ချမ်းသာတဲ့နိုင်ငံတွေဟာ စိန်ရွှေကျောက်သံပတ္တမြား သို့မဟုတ် နယ်မြေပေါကြွယ်ဝမှုနဲ့   လူသန်းချီ   မလိုတော့ပါဘူး။ ဒါပေမယ့် လူထုကို ပညာသင်ပေးရလိမ့်မယ်။ စမတ် (smart) ကျတဲ့ စွန့်ဦး တီထွင်သူ လူထုမွေးထုတ်ပေးဖို့ လိုပါမယ်။

 


၁၄၉၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကိုလံဘတ်စ်ဟာ အမေရိကတိုက်ကို တွေ့ရှိခဲ့ပါတယ်။  ဘယ်နေရာ ဘယ်သောင်ကမ်းကို သင်္ဘောကြီးနဲ့ကပ်ခဲ့သလဲဆိုတာ ကမ္ဘာမြေပုံဆွဲတဲ့နည်းပညာ မမြင့် မားတာကြောင့် အတိအကျမသိခဲ့ပါဘူး။ ကိုလံဘတ်စ်ရဲ့စွန့်စားမှုဟာ ဥရောပယဉ်ကျေးမှုကို အမေရိကန်မှာ ဖြန့်ခဲ့ခြင်း လူမှုစီးပွားဘဝ တိုးချဲ့တာပဲဖြစ်ပါတယ်။      ခေတ်စကားနဲ့ဆိုရင်     ဂလိုဘယ် လိုက်ဇေးရှင်း ကိုလိုနီခေတ်ဦးပဲ ဖြစ်ပါတယ်။ 

 


စက်မှုထွန်းကားဖို့ သိပ္ပံပညာအခြေခံတွေ


၁၅၈၁ ခုနှစ်မှာ ပင်ဂျူလန် (Pendulum) နဲ့  တယ်လီစကုပ်တွေ တီထွင်ခဲ့လို့   ကမ္ဘာ့ဆွဲအား၊ ကော့ပါးနီးကပ်စ်   (Copernicus) က နေနဲ့ဂြိုဟ်များရဲ့အနေအထား  လေ့လာခဲ့လို့ နေစကြဝဠာကို ကြည့်ရှု နားလည်ခဲ့ပါတယ်။ ၁၇၇၄ ခုနှစ်  ဩဂုတ် ၁ ရက်မှာ အင်္ဂလိပ်လူမျိုး ဂျိုးဆက်ပရီစတလေက  အောက်ဆီဂျင်ဓာတ်ငွေ့ကို   စတင်တွေ့ခဲ့ပါ တယ်။ နေရောင်ခြည်စွမ်းအင်ကို  အပင်တွေကရယူပြီး အောက်ဆီဂျင် ထုတ်တာကို  သိခဲ့ကြတယ်။ အောက်ဆီဂျင်ဟာ မီးလောင်ကျွမ်းမှုကို အားပေးတယ်။ သက်ရှိသတ္တဝါတွေအသက်ရှင်ဖို့  မရှိမဖြစ် လိုအပ်ပုံ၊ သတ္တရုက္ခလောကတို့ဟာ   “ကျွန်းကိုင်းမီ    ကိုင်းကျွန်းမီ”  ဆိုတဲ့ သဟဇာတဖြစ်နေမှုကို  နားလည်ခဲ့ကြတော့   ဒီတွေ့ရှိချက်တွေဟာ ရှေးရိုးအတွေးအခေါ်ယုံကြည်မှုတွေနဲ့   ထိပ်တိုက်တွေ့ရော့သလား။

 


 ၁၇၇၁  ခုနှစ်မှာ   ဒေါသူပုန်ထတဲ့  ဘာမင်ဂန်လူအုပ်စုဟာ  ပရီ စတလေကို မြို့ကနေ    မောင်းထုတ်လိုက်ကြတော့   အင်္ဂလိပ်သိပ္ပံ လောကအတွက်   စိတ်မကောင်းစရာ   ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၈၀၄ ခုနှစ်မှာ အမေရိကမှာပဲ ကွယ်လွန်သွားရှာပါတယ်။

 


ပြင်သစ်က အင်တုန်နီလဗွိုင်ဆေးယား(Antoine Lavoisier)ဟာ ၁၇၄၃-၁၇၉၄ ခုနှစ်များမှာ လောင်ကျွမ်းခြင်း၊   ဓာတ်ပြုခြင်းများမှာ ဒြပ်ထုပမာဏအပြောင်းအလဲမရှိ၊ အတိုးအလျော့မရှိဆိုတဲ့ နိယာမကို ဖော်ထုတ်ခဲ့ပါတယ်။ ပြင်သစ်တော်လှန်ရေးကာလမှာ   လူထုရဲ့ရန်သူ အဖြစ်စွပ်စွဲခံရကာ ၁၇၉၄ ခုနှစ်မှာ ကွပ်မျက်ခြင်း   ခံလိုက်ရပါတယ်။ ပြင်သစ်တို့ရဲ့  ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရပြန်တယ်။ 

 


၁၇၅၄-၁၈၂၆ ခုနှစ်မှာ ကြီးပြင်းခဲ့တဲ့ Joseph Proust ဟာလည်း ဒြပ်ပေါင်းတစ်ခုမှာ  ပါဝင်ဖွဲ့စည်းထားတဲ့ ဒြပ်စဉ်တို့ရဲ့အချိုးအသီးသီး ဟာ တစ်သမတ်တည်းရှိနေကြောင်း  တွေ့ရှိခဲ့တယ်။ Joseph Proust နဲ့ အီတလီ ဓာတုဗေဒပညာရှင်    အမီဒီယိုအာဗိုဂါဒရို   (Amedeo Avogadro, ၁၇၇၆-၁၈၅၆) တို့ရဲ့ တွေ့ရှိချက်တွေဟာ ဂျွန်ဒယ်လ်တန် (John Dalton) အတွက် အက်တမ်သီအိုရီကို တွေ့ရှိဖို့ဖြစ်ခဲ့ပါတယ်။

 


၁၈ဝ၃-၁၈ဝ၆ ခုနှစ်မှာ မန်ချက်စတာမြို့  အထက်တန်းကျောင်း သင်္ချာဆရာ ဂျွန်ဒေါ်လတန်ဟာ သုံးနှစ်ကြာ သုတေသနပြုလုပ်ပြီး အက်တမ်သီအိုရီကိုဖော်ထုတ်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ တိမ်မြုပ်နေခဲ့တဲ့  ဒြပ်တို့ရဲ့အခြေခံအကျဆုံး၊ အသေးငယ်ဆုံးဟာ အက်တမ်မို့စ်(Atomos) ဖြစ်တယ်ဆိုတဲ့   ဂရိဖီလော်ဆော်ဖာတို့ရဲ့ အတွေးအမြင်ကို ဒေါ်လတန်က သိပ္ပံနည်းကျဖော်ထုတ်သက်သေပြနိုင်ခဲ့ပါတယ်။   သိပ္ပံမှာ ပထဝီ၊ တေဇော၊ အာဘော၊ ဝါယော ဆိုတဲ့ အတွေးအခေါ်ထက်သာလွန်တဲ့ တွေ့ရှိချက်ကြီးဖြစ်ပါတယ်။ ဥရောပ တစ်ခွင်မှာ  လက်တွေ့ပါတဲ့အခြေခံသိပ္ပံကို အခြေချနိုင်တဲ့ သဘောကို တွေ့ရပါတယ်။ 
၁၈၄ဝ ပြည့်နှစ်ရောက်တော့ စက်မှုထွန်းကားဖို့ကိစ္စမှာ သိပ္ပံပညာ အခြေခံတွေဟာ အကြောင်းတရား ဖြစ်ခဲ့ပါတယ်။ တရိပ်ရိပ် စက်မှု ထွန်းကားလာတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံတို့ဟာ စက်ရုံများမှာ မီးခိုးတလူလူနဲ့ ကုန်ပစ္စည်းမျိုးစုံကိုထုတ်လုပ်ပြီး ဈေးနှုန်းသက်သက် သာသာနဲ့  ကမ္ဘာ့စျေးကွက်ကို   ထိုးဖောက်ခဲ့ပါတယ်။ သိပ္ပံနဲ့နည်း ပညာထွန်းကားတိုးတက်တဲ့နိုင်ငံတွေဟာ ချမ်းသာလာကြပါတယ်။ 

 


မျိုးရိုးဗီဇအစ


“၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းကို ဝင်ဆောင့်မယ့် ဥက္ကာ ပျံကြီးကြောင့် ဆူနာမီ (Tsunami) လှိုင်းကြီးတွေရဲ့   ဘေးအန္တရာယ်ကို ကမ္ဘာအရပ်ရပ်ကကြုံတွေ့နိုင်တယ်။ တောမီးတွေလည်း လောင်နိုင် တယ်၊  ကနေဒါနဲ့ ဂရင်းလင်း (Green Land) တို့  ခံရဖွယ်ရှိနိုင်တယ်” လို့ ပညာရှင်တွေ   ခန့်မှန်းခဲ့ပါတယ်။      ယနေ့   ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဟာ ဥက္ကာပျံကြီးကိုယ်စား လာရော့သလားလို့ တွေးမိပါ တယ်။ ကိုဗစ်- ၁၉ ရဲ့ ဖျက်ဆီးအားဟာ  မည်မျှပြင်းထန်သည်ကို ကမ္ဘာအရပ်ရပ်ကသိရှိကြရာ  လွန်စွာစိုးရိမ်ပူပန်ရသောကပ်ရောဂါ ဖြစ်တာကို တွေ့မြင်ရပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့ဆိုရင် DNA, RNA တို့ကို  အခြေပြုကြရမယ်လို့ ဆိုပါတယ်။ မျိုးရိုးဗီဇ (Genes) ဂျင်းကို စတင်တွေရှိ နားလည်ခဲ့သူကတော့ ဂရီဂိုမင်ဒယ်လ် (Gregor Johann Mendel, 1822 - 1884) ဖြစ်ပါတယ်။ 

 


အေဒီ ၁၈၅ဝ ပြည့်နှစ်တစ်ဝိုက်မှာ  ဂရီဂိုမင်ဒယ်လ်အမည်ရှိ အော်စထရီးယန်း (Austrian) ဘုန်းကြီးတစ်ပါးဟာ ဘုရားကျောင်း ဥယျာဉ်အတွင်း   ပဲပင်များကို စနစ်တကျ စိုက်ပျိုးပြီး လေ့လာခဲ့တာမို့ မျိုးရိုးဗီဇကို စတင်နားလည်ခဲ့ရပါတယ်။ ၁၉၂၇ ခုနှစ်က ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်၊ ၁၉၉၉ ခုနှစ်က သန်းခြောက်ထောင်ကို ကျွေးမွေး နိုင်တာ စက်မှုလယ်ယာနဲ့ မျိုးရိုးဗီဇကို    အခြေခံပြီး ထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေကြောင့်ပဲ    ဖြစ်ပါတယ်။ နည်းပညာဟာ လူသားတို့အတွက် အကျိုးပြုတယ်လို့ပြောရမှာ  ဖြစ်ပါတယ်။ 

 


 ၁၈၅၈ ခုနှစ်မှာ မက်စ်ပလန့် (Max Plank) ကို မွေးဖွားခဲ့ပါတယ်။ ဂျာမန်ကိုင်း (Kael)တက္ကသိုလ် ကျောင်းသားဘဝ ရူပဗေဒဘာသာရပ်ကို လေ့လာလိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောတဲ့အခါ ရူပဗေဒနယ်ပယ် မှာ တွေ့နိုင်စရာမှန်သမျှ အထင်ကရ   တွေ့ရှိမှုများအားလုံး တွေ့ရှိ ထားပြီးဖြစ်ကြောင်း သူငယ်ချင်းအပေါင်းအသင်း    စီနီယာများက သတိပေးခဲ့တယ်လို့ဆိုပါတယ်။ မိုးကုပ်စက်ဝိုင်းထိ လေ့လာစရာတွေ ဟာ မကုန်နိုင် မခန်းနိုင်တာမို့ သူ့ရဲ့မဆုတ်မနစ် လေ့လာမှုတွေကြောင့် ရူပဗေဒပညာရှင် ဖြစ်ခဲ့ပါတယ်။ 

 


  ၁၈၉၂ ခုနှစ်မှာ မက်စ်လပန့်ဟာ အသက် ၃၄ နှစ်အရွယ် ဘာလင် (Berlin) တက္ကသိုလ်မှာ  ရူပဗေဒပါမောက္ခ  ဖြစ်လာပါတော့တယ်။ ခေတ်ပြိုင်ကာလများမှာ  မြန်မာဘုရင် သီပေါနဲ့ မိဖုရားမိသားစုက အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ အကျယ်ချုပ်နဲ့ နေရတာ ခုနစ်နှစ်ပြည့်တဲ့ နှစ်ပဲ။    သီပေါမင်းဟာ  ထီးနန်းပြန်ရနိုးရနိုးနဲ့    မျှော်ကိုးတဲ့   သဘောရှိခဲ့ပုံပေါ်ပါတယ်။ အင်္ဂလိပ်ကလည်း  ဘုရင်သီပေါမင်းနဲ့    မိဖုရားမိသားစုကို ရတနာဂီရိမှာပဲ ထားရှိခဲ့တယ်။ ဒီလိုနဲ့ သက်တော် ၅၈ နှစ်မှာ သီပေါမင်းဟာ အဲဒီမှာပဲ နတ်ရွာစံခဲ့ရပါတယ်။ မက်စ်ပလန့် နဲ့ သီပေါမင်း  နှိုင်းယှဉ်တာ မဟုတ်ပါ။   သမိုင်းထဲက     ခေတ်ပြိုင် အပြောင်းအလဲတစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ 

 


၁၈၆၉ ခုနှစ်မှာ လီယိုတော်စ်တွိုင်းရေးခဲ့တဲ့   စစ်နဲ့ငြိမ်းချမ်းရေး (War and Peace) ၊ ၁၈၇၈ ခုနှစ်မှာ   အင်နာကရင်န်နီနာစာအုပ်တို့ ဟာ  ဂန္ထဝင်မြောက်ဖြစ်ခဲ့ပါတယ်။    မင်းတုန်းမင်း၊    သီပေါမင်းတို့ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။

 


 ကင်းဝန်မင်းကြီးဟာ  ၁၉၀၈ ခုနှစ် သက်တော် ၈၆ နှစ်၊ လီယို တော်စ်တွိုင်းဟာ အသက်၈၂ နှစ် ၁၉၁၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါ တယ်။ ကင်းဝန်မင်းကြီးနဲ့ မရှေးမနှောင်းပဲဖြစ်တယ်။ ကင်းဝန်မင်းကြီး ဟာလည်း တကယ့်အထင်ကရ   စာဆိုတော်၊ စာပေပညာရှင်ဖြစ်ခဲ့ပါ တယ်။ စာပေပညာရှင်တို့ဟာ  လူသားတို့အတွက် အကျိုးပြုခဲ့ကြပါ တယ်။


(ဆက်လက်ဖော်ပြပါမည်)