
ရန်ကုန် ဒီဇင်ဘာ ၂
Asian Tour က စီစဉ်ကျင်းပသော Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက် မှစ၍ ထိုင်းနိုင်ငံ Laguna Golf Phuket ၌ မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီး ရိုက် ကစားသမား ဟိန်းစည်သူ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
ဟိန်းစည်သူသည် ပြိုင်ပွဲပထမနေ့ တွင် စုစုပေါင်း ရိုက်ချက် ၆၉ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက် လျှော့ရိုက်ထားပြီး ပြိုင်ပွဲဒုတိယနေ့ကို ဒီဇင်ဘာ ၃ ရက်တွင် ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ဟိန်းစည်သူသည် ပြိုင်ပွဲပထမနေ့တွင် တစ်ချက်တည်း ကျင်းဝင်ခဲ့ပြီး ၂၀၅ ကိုက်ရှိသော ကျင်း အမှတ် ၁၆ တွင် Srixon သံတုတ် ၆ ဖြင့် ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့် ကျင်းဝင်ကာ Hole In One ဆုရရှိခဲ့ခြင်း ဖြစ်သည်။
ယခုပြိုင်ပွဲတွင် နိုင်ငံပေါင်း၂၀ ကျော်မှ ဂေါက်သီးရိုက်ကစားသမား ၁၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဆုကြေး ငွေ စုစုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သန်း ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။
ကိုညီလေး၊ ဓာတ်ပုံ-Asian Tour