
နေပြည်တော် အောက်တိုဘာ ၂၆
လာမည့် ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ် ၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ စာသင်ခန်းလိုအပ် ချက်နှင့် အခြားလိုအပ်ချက်များကို တွက်ချက်၍ စာရင်းပြုစုတင်ပြပေးကြရမည်ဖြစ်ပါကြောင်း၊ ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်း ကျောင်း ၅၀ ကိုဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ထိုကျောင်းများတွင် KG+12 ပညာရေးစနစ်ကို သင်ကြားမည်ဖြစ်သော်လည်း Grade-9 အောင်မြင် ပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု စသည်ဖြင့် မိမိတို့ ဝါသနာပါရာကို အထူးပြု တက်ရောက်သင်ကြား နိုင်မည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအသုတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စု ဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ပညာရေး ကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် များ ပြုစုပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ လုပ်ငန်းတိုင်းတွင် စနစ်ကျသောစီမံခန့်ခွဲမှုကောင်းမွန်မှသာ ပညာရေး လုပ်ငန်းများအောင်မြင်မည်ဖြစ်ပါကြောင်း၊ ပညာရေး တွင် တာဝန်ယူရသော ဆရာကြီးဆရာမကြီးများ အနေဖြင့် ပညာရေးဥပဒေနှင့် မူဝါဒများကိုသိရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံနှင့်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝရေးသည် မဖြစ်မနေ လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာ သင်ယူနိုင်ရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေး မှူးများက မိမိတို့တာဝန်ထမ်းဆောင်ရာဒေသ၏ သွားရေး၊ လာရေး၊ သင်ကြားသင်ယူရေးနှင့် စီမံခန့်ခွဲ ရေးဆိုင်ရာကိစ္စရပ်များ၊ အတွေ့အကြုံများ၊ အားသာ ချက် အားနည်းချက်များ၊ ကြုံတွေ့ရသည့် အခက်အခဲ၊ ပြဿနာဖြေရှင်းမှု စသည်များကို ဆွေးနွေးညှိနှိုင်း၊ အသိပညာဖလှယ်၍ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အချင်းချင်း အသိပညာ၊ အတတ်ပညာ အတွေးအမြင် များကိုဖလှယ်ခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက် လာမည်ဖြစ်ပါကြောင်း။
စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲသင်တန်းပြီးဆုံး၍ မိမိတို့ မြို့နယ် ပြန်ရောက်သည့်အခါ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်များနှင့်ထပ်ဆင့် အလုပ်ရုံ ဆွေးနွေးပွဲ မွမ်းမံသင်တန်းများကို ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း၊ မိမိဝန်ထမ်းများကို ပြောဆိုဆက်ဆံ ရာတွင် နွေးနွေးထွေးထွေးနှင့် မိသားစုဆန်ဆန် ပြောဆိုဆက်ဆံကြစေလိုပါကြောင်း၊ မြို့နယ် ပညာ ရေးမှူးများနှင့် လက်ထောက်မြို့နယ် ပညာရေးမှူး၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့် သင်ကြားပို့ချမှုဆိုင်ရာ ဦးဆောင်မှု၊ ထိရောက် အောင်မြင်သော ကျောင်းစီမံခန့်ခွဲမှု၊ မိမိတို့မြို့နယ် အတွင်းရှိ ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှု ဆက်ဆံရေးအဆင်ပြေတိုးတက်မှုနှင့် အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာ အကြံပြုဆွေးနွေးမှု စွမ်းရည် များ ပိုမိုမြင့်မားလာကြပြီး အခြေခံပညာရေးကဏ္ဍ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပကြသည်။
ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ်ပညာရေးမှူး ၁၂၈ ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ၂၇ ဦးတို့ တက်ရောက် ကြပြီး ဆွေးနွေးပွဲကို ယနေ့မှ အောက်တိုဘာ ၃၀ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်