လာအိုနိုင်ငံမှ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၃၄၈ ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ

 

တာချီလိတ်   ဩဂုတ်   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ကျေးရွာ အုပ်စုရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ ပြန်လည်လွှဲပြောင်းလာသော အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ ၃၄၈ ဦး ကို ယနေ့ မွန်းလွဲ ၁နာရီက တာချီလိတ်မြို့နယ် မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

 


အဆိုပါ လာအိုနိုင်ငံမှ  လွှဲပြောင်းလာသည့်  ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၃၄၈ ဦးတွင် အမျိုးသား ၂၁၈ ဦး နှင့် အမျိုးသမီး ၁၃၀ တို့ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ  နေရပ်ပြန်ပြည်သူ   ၁၇ ဦးထံတွင်   ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်ပြည်သူ ၃၃၁ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ (Negative) အဖြေထွက်ရှိခဲ့သည်။  ၎င်းပိုးတွေ့ရှိသည့်  နေရပ်ပြန်ပြည်သူများကို တာချီလိတ်မြို့ရှိ   ဝမ်လုံးအသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာတွင်ထားရှိကာ   ကျန်းမာရေးစောင့်ရှောက်မှုများ  ပေးလျက် ရှိသည်။

 


ယနေ့    လာအိုနိုင်ငံမှလွှဲပြောင်းလာသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၃၄၈ ဦးအနက်မှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသည့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ နေရပ်ပြန် ပြည်သူ ၃၂၄ ဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦး ကျော်နှင့်   မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဝင် များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းတို့အား သက်ဆိုင်ရာ နေရပ်အသီးသီးသို့  ရောက်ရှိနိုင်ရေးအတွက်  မော်တော်ယာဉ်များ အခမဲ့စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရေသုံးပစ္စည်း များ၊ ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းနှင့်အတူ နေရပ်ပြန်ပြည်သူ များကို အားပေးစကားများပြောကြားခဲ့ကာ ဆက်လက်ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။                                        

ယာဆေး(ပြန်/ဆက်)