ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောများ ထပ်မံရောက်ရှိလာသဖြင့် ပစ္စည်းများလျင်မြန်စွာချနိုင်ရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်

 

စစ်တွေ    မေ     ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊       နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့်   သဘာဝဘေးပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ကြသည်။ 

 


အစည်းအဝေးတွင် ကော်မတီအလိုက်  တာဝန် ရှိသူများက ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း များနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိသည့် အခြေအနေနှင့်ဖြန့်ခွဲရန် စီစဉ်ထားမှု၊ မုန်တိုင်းဒဏ်သင့် ဒေသများ၌ စက်ယာဉ်ယန္တရားများဖြန့်ခွဲ၍ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊    စက်သုံးဆီဈေးနှုန်း မကြီးမြင့်စေရေး    ဆောင်ရွက်နေမှုအခြေအနေ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များဖြင့် မုန်တိုင်းဒဏ်သင့် ဒေသရှိ ပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုအခြေအနေနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများလက်ခံ ရရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 


အမြန်ဆုံးပေးပို့နိုင်ရေး
 ဆွေးနွေးမှာကြား


ရှင်းလင်းတင်ပြချက်များအပေါ်   ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  ကယ်ဆယ်ရေးနှင့်   ပြန်လည် ထူထောင်ရေးပစ္စည်းများ    သယ်ဆောင်လာသည့် သင်္ဘောများထပ်မံရောက်ရှိလာသဖြင့်  ပစ္စည်းများ လျင်မြန်စွာချနိုင်ရေးလိုအပ်သည်များကို  ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်နှင့်   ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည်ထူထောင်ရေး ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲ၍   လိုအပ်သည့် ဒေသများသို့ အမြန်ဆုံးပေးပို့နိုင်ရေး ဆွေးနွေးမှာကြား သည်။

 


ယင်းနောက်  ဗိုလ်ချုပ်ကြီး   တင်အောင်စန်း နှင့် အဖွဲ့သည် စစ်တွေမြို့  ဘက်စုံသုံးဆိပ်ကမ်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်  ဖောင်တော်ကြီးဆိပ်ခံ တံတားများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင် ဆိုက်ကပ်ထားသည့်  Sun   Shine ၊  ForTune   နှင့် ခိုင်ရာဇာသင်္ဘောတို့မှ  ပစ္စည်းများကို  လူအင်အား၊ စက်ယန္တရားအင်အားတို့ဖြင့်   ဖြန့်ခွဲပို့ဆောင်မည့် ရေယာဉ်/ မော်တော်ယာဉ်များပေါ်သို့  တင်ဆောင် နေမှုကို ကြည့်ရှုစစ်ဆေးပြီး(အပေါ်ယာပုံ) အဆိုပါ ဆိပ်ကမ်းတွင် လုပ်အားပေးဆောင်ရွက်နေကြသည့်   မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များကို   အားပေးစကား ပြောကြားသည်။

 


သောက်သုံးရေဂါလန် ၂၅၀၀၀ ကို ဖြန့်ဝေ


ရခိုင်ပြည်နယ်   သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏    ကွပ်ကဲမှုဖြင့်   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ် အတွင်း   မုန်တိုင်းဒဏ်ခံခဲ့ရသည့်   မြို့နယ်များသို့ ရွေ့လျားရေသန့်စင်ကားများပေးပို့၍ ဒေသခံပြည်သူ လူထုအတွက်   သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိရာ စစ်တွေမြို့ပေါ်ရပ်ကွက်များ နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဖြန့်ဝေရန် ရေသန့် စင်ကား နှစ်စီး၊ ရသေ့တောင်မြို့နယ်အတွက် ရေသန့် စင်ကား  နှစ်စီး၊  မင်းပြားမြို့နယ်အတွက်   ရေသန့် စင်ကား တစ်စီး စုစုပေါင်းရေသန့်စင်ကား ငါးစီးဖြင့် မြို့နယ်သုံးမြို့နယ်အတွင်း    နေ့စဉ်သန့်ရှင်းသော သောက်သုံးရေဂါလန် ၂၅၀၀၀ ကို ဖြန့်ဝေပေးလျက် ရှိသည်။

 


ထို့ပြင် Lite Straw  (ရေနောက်မှ   ရေကြည် ရအောင်  သန့်စင်ပေးသောစက်)  အလုံး   ၅၀  ကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များသို့ ဖြန့်ဝေပေးပို့ထားပြီး ထပ်မံ၍လည်း အဆိုပါမြို့နယ် များအတွက် အလုံး ၁၆၀ ထပ်မံဖြန့်ဝေပေးသွားမည် ဖြစ်သည်။  ရခိုင်ပြည်နယ်    မြို့နယ်များအတွင်း ကျေးရွာအချို့၌ မြေသားရေစုကန်များမှ ကန်ရေများ ကို အသုံးပြုနေရသဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနသည် ဆိုလာစနစ်အသုံးပြုထားသည့် ရွေ့လျားရေသန့်စင်စက်များဖြင့် သန့်စင်ဖြန့်ဝေပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 


ကြိုးပမ်းဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့်   ဆိုင်ကလုန်းမုန်တိုင်း   (မိုခါ) ဖြတ်သန်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရှိ မီတာ ၁၀၀ တာဝါတိုင် ပြိုကျပျက်စီးခဲ့ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော်  (ရုံးချုပ်)မှ  အင်ဂျင် နီယာချုပ်ဦးဆောင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်း ရုပ်မြင်သံကြားအစီအစဉ်များ ရေဒီယိုလိုင်းနှင့် FM အစီအစဉ်များ အမြန်ဆုံး ပြန်လည်ထုတ်လွှင့်နိုင် ရေးအတွက် စစ်တွေမြို့တွင် အခြေပြု၍ ပြင်ဆင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင် စစ်တွေထပ်ဆင့်လွှင့်စက်ရုံ၏  မီတာ ၁၀၀ တာဝါတိုင်အသစ် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းမစတင်မီ မီတာ ၃၀ တာဝါတိုင်ဖြင့် အစားထိုး ဆောင်ရွက်ရန်  စီစဉ်လျက်ရှိရာ ယခုအခါ မီတာ ၃၀ တာဝါတိုင်အတွက်    အုတ်မြစ်တည်ဆောက်ခြင်း လုပ်ငန်းနှင့် တပ်ဆင်မည့်တာဝါတိုင်များ ဆေးသုတ် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။ အဆိုပါ မီတာ ၃၀ တာဝါတိုင်  တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဇွန်လဆန်းပိုင်းမှ စတင်ပြီး DVB T2 300W လွှင့်စက်နှင့် FM 300W လွှင့်စက်များ အသုံးပြုကာ   ရုပ်သံနှင့်   ရေဒီယိုအစီအစဉ်များကို မူလအတိုင်း   ပြန်လည်ထုတ်လွှင့်နိုင်တော့မည်ဖြစ် ကြောင်းသိရသည်။

 


လျှပ်စစ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ မေ ၂၅ ရက်မှ စတင်ကာ စစ်တွေမြို့ ကားကြီးဝင်း - မီးစက်ကြီး အဝိုင်း၊  မီးစက်ကြီးအဝိုင်း - နာရီစင်၊ နာရီစင် - ဘီလူးမတံတား၊ ဘီလူးမတံတား - ဆတ်ရိုးကျတံတား လမ်းတစ်လျှောက်တွင် ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများထွန်းညှိသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ များ၏ဖုန်းများ၊ လျှပ်စစ်မီးလုံးများနှင့် အခြားဘက်ထရီ အားသွင်းလျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charging Point နေရာများဖြစ်သော ကားကြီးဝင်း၊ မီးစက်ကြီးအဝိုင်း၊   အစိုးရအဖွဲ့ရုံးရှေ့၊    ယဉ်ကျေးမှု ပြတိုက်နှင့်  ဘီလူးမတံတားထိပ်  စသည့်နေရာများ တွင်   စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                    

        
 သတင်းစဉ်