ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်း ရေများပြန်လည်ကျဆင်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်း ရေများပြန်လည်ကျဆင်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

လွိုင်ကော်      အောက်တိုဘာ          ၇

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရေဝင်ရောက်လျက်ရှိသည့် ကန္ဒရဝတီတံတား ၊ သီရီမင်္ဂလာ(ယာယီ)ဈေး ၊ ဒေါနိုးကူးတံတား ၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်နှင့် မြို့လယ်မီးပွိုင့် နေရာများ၌ ရေများပြန်လည်ကျဆင်းနေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန္ဒရဝတီတံတား၌ ရေများ ပြန်လည်ကျဆင်း၍ စည်ပင်သာယာရေးအဖွဲ့များက အမှိုက်များဆယ်ယူနေမှု ၊ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်က ရေများပြန်လည် ကျဆင်းသွားပြီ ဖြစ်၍ ပြည်သူများသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တံတားကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် သီရီမင်္ဂလာ(ယာယီ)ဈေးအတွင်း ရေများပြန်လည်ကျဆင်းသွားသည့် ဈေး ဆိုင်ခန်းများတွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး ဈေးသူ ၊ ဈေးသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ကြီးချုပ်က ပြည်သူများဈေးရောင်းဝယ်ဖောက်ကား ရာတွင်အဆင်ပြေစေရေးအတွက် ယာယီဈေးအတွင်း သန့်ရှင်းရေး ၊ စနစ်တကျနေရာချထားရေး နှင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါနိုးကူးရပ်ကွက်၊ ဒေါနိုးကူးတံတားသို့သွားရောက်ကာ တံတားနှင့်တံတားပတ်ဝန်းကျင်၌ ဘီလူးချောင်းရေ ပြန်လည်ကျဆင်းနေမှုအခြေအနေများနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်းရေများပြန်လည် ကျဆင်းနေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး ရေများအားလုံး ကျဆင်း သည်နှင့်ရပ်ကွက်နေပြည်သူများအား ချက်ချင်းနေရာပြန်လည်ချထားပေးနိုင်ရေး ၊ ကျောင်းသား ၊ ကျောင်းသူများ ကျောင်းများပြန်လည်တက်ရောက်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအားမှာ ကြားခဲ့သည်။

ထို့နောက်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်နှင့် မြို့လယ်မီးပွိုင့်နေရာများတစ်လျှောက် ရေများပြန်လည် ကျဆင်းနေသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများ ၊ အဆောက်အအုံ ပျက်စီးမှုပြုပြင်ခြင်းနှင့် လမ်းတံတားပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

 

ပြည်နယ်(ပြန်/ဆက်)