
လွိုင်ကော် အောက်တိုဘာ ၁၃
ကယားပြည်နယ် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း က ကယားပြည်နယ် အစိုးရအဖွဲ့ ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကွပ်ကဲရေးရုံး၌ လွိုင်ကော် မြို့အတွင်း ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ရေဘေး အန္တရာယ် ကျရောက်လာပါက စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် လွိုင်ကော်မြို့အတွင်း ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအချို့ရှိ စပါးစိုက်လယ် ဧကများ ၊ ငါးမွေးမြူရေးကန်နှင့် လူနေအိမ်အချို့တွင် ရေဝင်ရောက် လျက်ရှိရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် အချက်အလက်စာရင်းဇယား များ ကောက်ယူရန်လိုအပ်ကြောင်း၊ ရေဆက်လက်မြင့်တက်လာပါက ရေနစ်မြုပ်နိုင်သည့် နေအိမ်များရှိ ပြည်သူများအား ကြိုတင်စီစဉ် ထားသည့် ယာယီခိုလှုံရေးစခန်း များသို့ အမြန်ဆုံးပြောင်းရွှေ့နေရာ ချထားပေးနိုင်ရေးနှင့် လိုအပ်သည် များ ထောက်ပံ့ကူညီပေးနိုင် ရေး စီစဉ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မှုံပြာကျေးရွာရှိ စပါးခင်းများ ရေဝင်ရောက်မှု ရှိ ၊ မရှိ အခြေအနေ များကိုကြည့်ရှုပြီး တောင်သူများ အား ဒုတိယသီးနှံအဖြစ် စိုက်ပျိုး မည့် ရေဆင်း(၁)စပ်မျိုးနေကြာ အိတ် များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ရေဝင်ရောက် လျက်ရှိသည့် မှုံပြာကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေး မြူရေးကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကာ ရေများပြန်လည် ကျဆင်းသွားပါက ငါးကန်အား အမြန်ဆုံးပြင်ဆင်၍ ငါးမျိုးများ ပြန်လည်ထည့်သွင်းနိုင်ရေး စီစဉ် ဆောင်ရွက်သွားရန်နှင့် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ် သည်များကို ပံ့ပိုးကူညီဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်လာပါက ကူညီ ဆောင်ရွက်ပေးနိုင်ရန် အသင့်ရောက်ရှိနေသည့် မီးသတ် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ ငွေနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ကျေးရွာနေပြည်သူ များ ၏ နေအိမ်၊ စပါးစိုက် ခင်းနှင့် စိုက်ပျိုးသီးနှံ စိုက်ခင်းများအတွင်း ရေဝင်ရောက်မှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်သူ များ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ် များ၌ ဘီလူးချောင်းရေဝင်ရောက် မှုအခြေအနေများကို သွားရောက် ကြည့်ရှုခဲ့ကြကာ ရပ်ကွက်အတွင်း ရှိ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး ကူညီထောက်ပံ့ ပေးသွားမည့် အခြေအနေ များနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)