
ဒေါက်တာခင်ခင်ကြီး
==============
မေး။ ။ အမေရိကန်နိုင်ငံ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ Booster Dose ကို လူတိုင်းထိုးနှံဖို့ မလိုအပ်ဘူးဆိုပြီး ပြောကြားထားမှုအပေါ် ရှင်းပြပေးပါဦး။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေး
နှစ်ကြိမ်ထိုးနှံပြီးသူတွေအနေနဲ့ Booster Dose လို့ခေါ်တဲ့ နောက်တစ်ကြိမ်ထိုးနှံဖို့ လိုအပ်ခြင်း ရှိ/မရှိနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ကြေညာတဲ့အချက်အပေါ်မှာ မူတည်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။
အကြောင်းပြချက် ၅ ချက်ရှိ
Booster Dose ကို အသက် ၆၅ နှစ်အထက် အသက်ကြီးသူတွေ၊ ပြင်းထန်စွာရောဂါ ဖြစ်ပွားနိုင် ခြေရှိတဲ့သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အန္တရာယ်ရှိတဲ့အခြေအနေမှာ တာဝန်ထမ်းဆောင် နေသူတွေကို ထိုးနှံပေးဖို့လိုအပ်ပြီး တခြားသူတွေမှာ ထိုးနှံဖို့ မလိုအပ်ပါဘူးလို့ ပြောထားပါတယ်။ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ယခုလိုပြောကြားရတဲ့ အကြောင်းပြချက် ၅ ချက်ရှိပါတယ်။
နံပါတ် ၁ Booster Dose ထိုးဖို့အတွက် ဆုံးဖြတ်ချက်ပေးဖို့ စောလွန်းပါတယ်။ ကာကွယ် ဆေးထိုးနှံရခြင်းက ရောဂါပြင်းထန်စွာခံစားရမှုတွေ၊ အသက်သေဆုံးရမှုတွေ၊ ဆေးရုံတက်ရောက်ရမှု တွေမဖြစ်အောင် ရည်ရွယ်တာဖြစ်တဲ့အတွက် လက်ရှိကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းက အဆိုပါ ရည်ရွယ်ချက်တွေကို ပြည့်မီနေပြီးသားဖြစ်တဲ့ အတွက် ကာကွယ်ဆေးထပ်မံထိုးဖို့ ဆုံးဖြတ်ရန် စောနေပါသေးတယ်လို့ ပြောထားပါတယ်။
နံပါတ် ၂ Booster Dose (ဝါ) Booster Shot ထိုးဖို့အတွက် ၁၆ နှစ်အထက် လူအုပ်စုတိုင်းကို ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်မှု ရှိ/မရှိနဲ့ပတ်သက်ပြီး သက်သေအထောက်အထား ပြည့်ပြည့်စုံစုံမရှိသေး ပါဘူး။ လက်ရှိအခြေအနေမှာ Booster Dose ကို အသက်ကြီးတဲ့သူတွေနဲ့ ပြင်းထန်တဲ့ရောဂါခံစား နေရသူတွေမှာ ထိုးနှံသင့်ပြီး ၁၆ နှစ်အထက် လူအုပ် စုအားလုံးကို ထိုးနှံပေးနိုင်ဖို့အတွက် အချိန်ယူ စဉ်းစားသွားရမှာ ဖြစ်ပါတယ်။ အားလုံးကို Booster Dose ဆိုတဲ့ ကာကွယ်ဆေး တတိယတစ်ကြိမ် ထိုးနှံဖို့ဆိုတာ ဆုံးဖြတ်ရခက်ခဲပါတယ်။ ပြင်းထန် ဝေဒနာ ခံစားရသူတွေအနေနဲ့ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံသင့်ပြီး မလိုအပ်ဘဲ အသက် ငယ်ရွယ်သူတွေကို ထိုးနှံပေးခြင်းက အချို့ဆိုးကျိုး တွေဖြစ်စေနိုင်တဲ့အတွက် ယခုအချိန်မှာ အသက် ၁၆ နှစ် အထက်တွေကို တတိယအကြိမ်ကာကွယ် ဆေးထိုးနှံဖို့ ခွင့်ပြုနိုင်တဲ့ လုံလောက်တဲ့အကြောင်း ပြချက်မရှိသေးပါဘူး။
ဆက်လက်လုပ်ဆောင်နေ
နံပါတ် ၃ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှု အာနိသင်က ကောင်းမွန်စွာရှိပါတယ်။ အနည်းဆုံး ၆ လ၊ ၈ လကနေ တစ်နှစ်ကျော်အထိရှိနိုင်ပါတယ်။ ဘယ်လောက်အထိ ကာကွယ်နိုင်တယ်ဆိုတာကို သုတေသနတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်ရှိကာကွယ်ဆေးတွေရဲ့ ကာကွယ်နိုင်မှု အာနိသင်က ကောင်းပါတယ်။ The Lancet ဂျာနယ်မှာ ထုတ်ပြန်ချက်အရလည်း လူအားလုံးမှာ Booster ထိုးဖို့ စောလွန်းတယ်လို့ ထုတ်ပြန်ထားပါ တယ်။
ကာကွယ်ဆေးနဲ့ဆိုင်တဲ့ သုတေသနတွေမှာ Antibody ကိုအဓိကထားတိုင်းတာသည်ကို တွေ့ရပြီး ကိုယ်ခံအားစနစ်ရဲ့ အခြားအရေးကြီးတဲ့ ရှုထောင့် တွေကို ကြည့်ရှုခြင်းမရှိတာတွေကို တွေ့ရပါတယ်။ ခန္ဓာကိုယ်အတွင်း ခုခံအားဆဲလ်တွေရဲ့ လုပ်ဆောင် ပုံနဲ့ ရောဂါပိုးဝင်လာရင် အဆင်သင့်တိုက်ထုတ်နိုင်ဖို့ ဆောင်ရွက်ထားတဲ့(Neutralizing Antisera)ကို လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ခုခံအား နဲ့ဆိုင်တဲ့ ပညာရှင်တွေက ထောက်ပြထားတာက ကိုယ်ခံအားဆဲလ်တွေဖြစ်တဲ့ B Cell, T cell တွေက ခုခံအားစနစ်ကို ကြာမြင့်စွာကာကွယ်ပေးနိုင်တယ် လို့ ပြောဆိုထားပါတယ်။ ဒါကြောင့် ကာကွယ် ဆေးနှစ်ကြိမ်ထိုးပြီးသူတွေအနေနဲ့ တတိယအကြိမ် ထိုးနှံဖို့ မလိုအပ်ပါဘူးလို့ ပြောပါတယ်။
နံပါတ် ၄ လူငယ်၊ ဆယ်ကျော်သက်အရွယ် တွေမှာ ကာကွယ်ဆေးတတိယအကြိမ် ထိုးပေးဖို့ ဆိုတာက ကာကွယ်ဆေးထိုးပေးလိုက်ခြင်းဖြင့် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ပါတယ်။ ပညာရှင်များ က လူငယ်များနဲ့ ဆယ်ကျော်သက်တွေကို အသက် ၁၆ နှစ်မှစ၍ ထိုးနှံပေးခွင့်ပြုလိုက်နိုင်ဖို့ သက်သေပြ ချက်လိုအပ်ပါတယ်။ အထူးသဖြင့် အသက်ငယ်သူ တွေမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းက အကျိုးရှိတယ်၊ ထိုးပေးသင့်တယ်လို့ သက်သေပြ ချက်က လူကြီးတွေနဲ့နှိုင်းစာရင် မရှိပါဘူး။ တတိယ အကြိမ်ဆေးထိုးခြင်းကြောင့် ရရှိမယ့်အကျိုးကျေးဇူး နဲ့အန္တရာယ်ကို ချိန်ဆသုံးသပ်ဖို့ လိုအပ်ပါတယ်။
လုံလောက်တဲ့ အထောက်အထားမရှိသေး
အသက် ၁၆ နှစ်ကနေ ၂၉ နှစ်အရွယ် လူငယ် တွေမှာ ကာကွယ်ဆေးထိုးခြင်းနဲ့ နှလုံးကြွက် သားရောင်ရမ်းခြင်းအန္တရာယ်က မြင့်မားတယ်ဆိုတဲ့ တွေ့ရှိချက်က ရှိနေပါတယ်။ ဒါကြောင့် Booster Dose ပေးခြင်းက ဘယ်လောက်အထိ အန္တရာယ် ပေးနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အထောက်အထားမရှိသေးပါဘူး။ အထူးသဖြင့် ယောက်ျားလေးတွေမှာ mRNA ကာကွယ်ဆေး Pfizer ထိုးပြီးနောက် နှလုံးရောင်ရမ်းနိုင်တဲ့ အန္တရာယ်ရှိတာကိုတွေ့ရပြီး ကုသမှုရရှိပါက ပြန်သက်သာတာကို တွေ့ရပါတယ်။ ဒါကြောင့် အသက် ၁၆ နှစ်အထက် လူအားလုံးကို တတိယ အကြိမ် ကာကွယ်ဆေးထိုးဖို့ လုံလောက်တယ်လို့ မတွေ့ရှိသေးပါဘူး။
နံပါတ် ၅ ကမ္ဘာပေါ်မှာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေတဲ့သူတွေ အများ ကြီးရှိနေချိန်မှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ အများစုကို ထပ်မံထိုးနှံပေးခြင်းထက် အဆိုပါ ကျန်ရှိနေသူတွေကို ထိုးနှံပေးခြင်းက ပိုမိုကောင်း မွန်ပါတယ်။ အရေးကြီးဆုံးအနေနဲ့ လူတိုင်းလူတိုင်း ကာကွယ်ဆေးနှစ်ကြိမ်ရရှိဖို့ ဖြစ်ပါတယ်။ Booster Dose ထိုးခြင်းက ထူးခြားတဲ့ပြောင်းလဲမှု၊ ခြားနား ချက်တွေ ဖြစ်မှာမဟုတ်ဘူးဆိုတာ ပြောထားပါ တယ်။
ကျလာတဲ့အနေအထား
WHO ရဲ့ စက်တင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ရောဂါ ဖြစ်ပွားမှုက ၃ ဒသမ ၆ သန်း၊ သေဆုံးမှုက ၆ သောင်းလောက်ရှိတဲ့အတွက် အတော်ကျလာတဲ့ အနေအထားဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုက ၂၂၈ သန်းနဲ့ သေဆုံးမှုက ၄ ဒသမ ၇ သန်း နီးနီးရှိနေပြီဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာက မြန်မာနိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှဒေသက ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကျဆင်းနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ရောဂါဖြစ်ပွားမှုအနေနဲ့ ၁၆ ရာခိုင်နှုန်း၊ သေဆုံးမှုအနေနဲ့ ၂၇ ရာခိုင်နှုန်း ကျပါတယ်။
လက်ရှိအနေအထားအရ အောက်ဆီဂျင် လိုအပ်ချက်က အရင်ကထက်စာရင် အဆပေါင်းများ စွာ ကျဆင်းသွားပါပြီ။ ဆေးရုံတွေမှာ လူနာလက်ခံ နိုင်မှုက လက်ခံနိုင်တဲ့ပမာဏရဲ့ ၉ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းလောက် တက်ရောက်မှုရှိနေတာ တွေ့ရပါတယ်။ တချို့ဆေးရုံတွေကို ကိုဗစ်ကုသရေး စင်တာအဖြစ် ဖွင့်လှစ်ထားတာကို ပိတ်သိမ်းတဲ့အနေ အထား ရောက်နေပြီဆိုတာ တွေ့ရပါတယ်။
ကာကွယ်ဆေးတွေကို အတိုင်းအတာတစ်ခု အထိ ထိုးနှံနိုင်တဲ့ အခြေအနေရောက်နေပြီ၊ WHO ရဲ့ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှနိုင်ငံတွေက အခြေအနေကောင်းတစ်ခုကို ရရှိနေပြီ ဖြစ်ပါတယ်။ ဒါပြည်သူတွေက ကိုဗစ်စည်းကမ်းတွေကို လိုက်နာ တာပါသလို ကာကွယ်ဆေးတွေ အပြည့်အဝထိုးနှံ လို့ ဖြစ်ပါတယ်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးရင် Booster ထိုးဖို့မလိုပါဘူး။ အခွင့်အရေးရလို့ မိမိရဲ့ ရုံး၊ အလုပ်ဌာနက ကာကွယ်ဆေး ထိုးပေးတယ်၊ ထပ်ထိုးလိုက်ဦးမယ် မလုပ်ပါနဲ့၊ မိမိအတွက် ပိုလာ မယ့်ဆေးတွေကို တကယ်လိုအပ်တဲ့သူတွေမှာ ထိုးနှံရမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေ အနေအရ Booster Dose မလိုသေးဘူးဆိုတာ ပြောကြားလိုပါတယ်။
မေး။ ။ Booster Dose နဲ့ ပတ်သက်ပြီး အခြား
နိုင်ငံတွေမှာရော ဘယ်လိုထုတ်ပြန်ထား ပါသလဲ။
ဖြေ။ ။ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု များပြားခဲ့တဲ့
အိန္ဒိယနိုင်ငံရဲ့ Booster Dose နဲ့ပတ်သက် ပြီး ဆုံးဖြတ်ချက်တွေက စိတ်ဝင်စားစရာကောင်း ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံက ကာကွယ်ဆေး သန်း ၈၀၀ ထိုးနှံနိုင်ပြီဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသားလူတွေက Booster ထိုးဖို့ လို/မလိုနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံက စက်တင်ဘာ ၁၈ ရက်က ထုတ်ဝေတဲ့ The Economic Times India မှာ Booster ထိုးဖို့ မလိုဘူးဆိုပြီး ဆောင်းပါး တစ်ခုပါရှိပါတယ်။
ဆွေးနွေးဆုံးဖြတ်ထား
အိန္ဒိယနိုင်ငံက သက်ဆိုင်ရာ ဌာနတွေ၊ ကူးစက် ရောဂါပညာရှင်တွေ၊ ကိုယ်ခံအားနဲ့ဆိုင်တဲ့ ပညာရှင် တွေ၊ ဆေးပညာရှင် စသဖြင့် ဘက်ပေါင်းစုံက ပညာရှင်တွေက Debate အနေနဲ့ ကိုဗစ်-၁၉ သည် လက်ရှိအနေအထားအရ Booster ထိုးဖို့မလိုဘူး ဆိုတာ ဆွေးနွေးဆုံးဖြတ်ထားပါတယ်။ ကာကွယ်ဆေး ထိုးနှံဖို့ ဦးတည်ရည်မှန်းလူဦးရေရဲ့ ၄ ပုံ ၁ ပုံထက် နည်းနေသေးတဲ့ အချိန်မှာတော့ ကိုဗစ်-၁၉ ကာကွယ် ဆေး Booster ထိုးဖို့မလိုဘူး ဆိုတာပြောထားပါတယ်။ ကူးစက်ခံရဖို့ အခွင့်အလမ်းရှိနေတဲ့လူတွေ ကာကွယ် ဆေးထိုးနှံဖို့ အများကြီးကျန်နေသေးတဲ့အတွက် ကာကွယ်ဆေးထိုးတဲ့ စီမံချက်အနေနဲ့ ဆောင်ရွက်ဖို့ အခုအချိန်မှာ Booster Dose မထိုးသင့်သေးပါဘူးလို့ ပြောထားပါတယ်။
WHO က စက်တင်ဘာလကုန်မှာ ရည်မှန်း လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို ကာကွယ်မှုပေးရမယ် လို့ ပြောကြားထားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ကြိမ် အပြည့်ထိုးနှံပြီးသူတွေကို ရေတွက်မယ်ဆိုရင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ တစ်ကြိမ်ထိုးနှံပြီးသားပါ ထည့်တွက်ရင် ၁၅ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ပြည့်ပြီလို့ ပြောလို့ရပါတယ်။ နောက်ပြီး WHO က ဒီဇင်ဘာလအကုန်မှာ ကာကွယ်လွှမ်းခြုံမှုက ၄၀ ရာခိုင်နှုန်းလို့ ပြောထားတယ်။ မြန်မာနိုင်ငံအနေနဲ့ ၅၀ ရာခိုင်နှုန်း ရည်မှန်းထားတယ်။ ကာကွယ်ဆေး တွေ နောက်ထပ် ၂၄ သန်းနဲ့ လူဦးရေ ၁၂ သန်းကို ထိုးနှံပေးမှာဖြစ်တဲ့အတွက် ကာကွယ်နိုင်မှု ၅၀ ရာခိုင်နှုန်းအထက် ရောက်ရှိမှာဖြစ်ပါတယ်။ ကျွန်မ တို့ ရည်ရွယ်တာက ဖြစ်ပွားသေဆုံးမှုတွေကို လျော့နည်းစေဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် မထိုးရ သေးတဲ့သူတွေကို ထိုးနှံဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်လိုလူတွေကို Booster ထိုးရမလဲ စဉ်းစားဆုံးဖြတ်တဲ့အခါ ပြည်သူ့ကျန်းမာရေးအမြင် နဲ့ အားလုံးကို ကာကွယ်နိုင်မှုရဖို့အတွက် ရည်ရွယ်ပြီး စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
P စာမျက်နှာ ၁၈ မှ
အိန္ဒိယမှာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပြီး ထပ်မံဖြစ်ပွားမှာ စိုးရိမ်နေရ ဆဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အချက် ငါးချက် ရှိပါတယ်။ နံပါတ် (၁) အချက်က အန္တရာယ်ရှိနိုင်တဲ့ လူအုပ်စုတွေက ကာကွယ်ဆေးမထိုးရသေးဘဲ ကျန်နေဆဲ ဖြစ်ပါတယ်။ နံပါတ် (၂) ကာကွယ်ဆေးရဲ့ အမျိုးအစားအပေါ်လည်း မူတည်ပါတယ်။ နံပါတ် (၃) အချိန်ကြာလာတာနဲ့အမျှ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှု အာနိသင်လျော့သွားတဲ့အပေါ် လည်း မူတည်ပါတယ်။ နံပါတ် (၄) Variant of Concern စိုးရိမ်ရတဲ့ အထူးဂရုပြုရတဲ့ မျိုးရိုးဗီဇ တွေကလည်း ပြောင်းလဲနေလို့ ဖြစ်ပါတယ်။ နံပါတ် (၅) ကုသရေးပိုင်းနဲ့ ကူးစက်ရောဂါဗေဒဆိုင်ရာမှာ လိုအပ်တဲ့ လုပ်ဆောင်ရမယ့် အချက်တွေက အများကြီးရှိနေပါသေးတယ်။
ချမ်းသာတဲ့နိုင်ငံတွေက Booster Dose ထိုးဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်။ သို့သော် မိမိတစ်ယောက်တည်း ကာကွယ်နိုင်ရုံနဲ့ မရပါဘူး။ အားလုံးကာကွယ်နိုင်မှ စိတ်ချရမှာ ဖြစ် ပါတယ်။ လက်ရှိအိန္ဒိယမှာ ပြုလုပ်တဲ့ သုတေသန တွေအရဆိုရင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးရင် အနည်းဆုံး ရှစ်လကနေ ၁၀ လ ကောင်းမွန်စွာ ကာကွယ်နိုင်မှုရတာ တွေ့ရှိရပါတယ်။ နောက်ပြီး The Lancet ကထုတ်ပြန်တဲ့ သုတေသနတွေ့ရှိချက် အရ ကာကွယ်ဆေးရဲ့ ထိရောက်မှုက ရောဂါပြင်းထန် စွာဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှု တွေကနေ လက်ရှိအချိန်အထိ ကောင်းစွာကာကွယ် နိုင်စွမ်းရှိတုန်း ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် Breakthrough Infection ဖြစ်တယ်ဆိုတာ အလွန်နည်းပါတယ်။ ဆိုးဆိုးရွားရွားမဖြစ်ဘူး။ အခြားသူကို ကူးစက်ဖို့ အခွင့်အလမ်းရှိသော်လည်း နည်းပါတယ်။ လက်ရှိ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့အချိန်မှာ အိန္ဒိယ နိုင်ငံအနေနဲ့ Booster Dose ထိုးဖို့အတွက် မလိုအပ် ဘူးဆိုတာ ပညာရှင်တွေက တညီတညွတ်တည်း ဆွေးနွေးချက်ကို The Economic Times မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးဖို့ စိတ်ဆန္ဒ ပြင်းပြနေသူတွေအနေနဲ့ မလိုသေးပါဘူးဆိုတာကို ပြောလိုပါတယ်။
မေး။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြား
ပေးပါ။
ဖြေ။ ။ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးတယ်။
ဒုတိယအကြိမ်ထိုးဖို့ လေးပတ်ခြားပါတယ်။ ပထမအကြိမ်ထိုးပြီးလို့ တစ်ပတ် / ၁၀ ရက်လောက်မှာ ပိုးတွေ့တယ်၊ ကိုဗစ်-၁၉ ဝေဒနာ ခံစားနေရတယ်။ ဒုတိယအကြိမ်ကို ဘယ်တော့ထိုးရမလဲဆိုပြီး မေးကြ တာရှိပါတယ်။ ဘာနဲ့ ရောထွေးနေလဲဆိုရင် အချို့ တွေက တစ်ကြိမ်မှ ကာကွယ်ဆေးမရဖူးဘူး၊ ပိုးကူးစက်ခံရတဲ့ ဒီလိုပိုးတွေ့တဲ့သူတွေကို ကာကွယ် ဆေးရရှိမှုအပေါ်မူတည်ပြီး ခြောက်လပြည့်ခါနီးမှ ထိုးပေးဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာ ပိုးတွေ့ လူနာ လေးသိန်းခွဲ ရှိပါတယ်။ ဒီလေးသိန်းခွဲအတွက်က စိုးရိမ်စရာမလိုတဲ့ အနေအထားရှိနေလို့ ဖြစ်ပါတယ်။
အချို့သုတေသနတွေအရ အရှေ့ပိုင်းကာလမှာ ပိုးတွေ့ခဲ့သူရဲ့ ကိုယ်ခံအားပိုကောင်းနေတာ တွေ့ရပါ တယ်။ ဒါကြောင့် ပိုးတွေ့ပြီးပြီ၊ ကိုယ်ခံအားတွေ ရှိနေပြီဆိုရင် မစိုးရိမ်ပါနဲ့။ ကာကွယ်ဆေးကို ခြောက်လမတိုင်မီနဲ့ ခြောက်လပြည့်ပြီးချိန်မှာ ထိုးပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထပ်ပြီး ရလာရင် ခြောက်လမဟုတ်ဘဲ သုံးလလည်းဖြစ်သွား နိုင်ပါတယ်။ သုံးလထက် မစောသင့်ပါဘူး။ WHO က ပညာရှင်တွေ ပြောကြားချက်အရဆိုရင် အချို့ကုသမှု နဲ့ အနည်းဆုံး ရက် ၉၀ ခြားရမှာ ဖြစ်ပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အကြား လေး ပတ်ခြားတဲ့အချိန်မှာ လေးပတ်ထပ်ကျော်သွားရင် မရဘူးလားဆိုတော့ရပါတယ်။ တချို့သုတေသန တွေမှာ ကာကွယ်ဆေးတစ်ကြိမ်နဲ့ တစ်ကြိမ် အကြား သုံးလအထိ ခြားနားခွင့်ပေးပါတယ်။ ဒုတိယအကြိမ်ထိုးရမယ့်ကာလနဲ့ နီးလေ ကောင်းလေ ဖြစ်ပါတယ်။ ဒုတိယအကြိမ်မတိုင်မီမှာ ပိုးကူးစက်ခံရလို့ ဒုတိယအကြိမ်ကို နောက်ကျမှ ထိုးတဲ့သူတွေကို သီးခြားအနေနဲ့ ထိုးနှံပေးဖို့ ဩဂုတ် ၁၇ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ပြောကြားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်နေသူတွေအနေနဲ့ ဒီလိုအကြောင်းကြောင်းကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဖို့နောက်ကျသူတွေကို အနီးဆုံး ပြန်လည်ထိုးနှံနိုင်အောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။
နောက်တစ်ခုက ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးပြီ၊ ဒါကို ဖုံးကွယ်ပြီး နောက်ထပ် ကာကွယ် ဆေးထိုးတာက မဖြစ်သင့်ပါဘူး။ မိမိက ကာကွယ် ဆေးနှစ်ကြိမ်ထိုးပြီးပြီဆိုရင် ဘယ်လိုအကြောင်း နဲ့မှ ထပ်ထိုးဖို့ မလိုပါဘူး။ အချုပ်အားဖြင့် Booster Dose က နှစ်ကြိမ်ထိုးပြီးသား လူတွေအနေနဲ့ မလိုပါဘူးလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါ တယ်။
- Log in to post comments