ကျူးဘားနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်မှုများ  ဆက်လက်မြင့်မားနေဆဲဖြစ်

 

 

ဟာဗားနား ဇန်နဝါရီ ၁၀
ကျူးဘားနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကိုဗစ် -၁၉ ကူးစက်မှု များ ဆက်လက်မြင့်မားလျက်ရှိသည်ဟု သိရသည်။   ဇန်နဝါရီ ၉ ရက် တွင် ကိုဗစ် -၁၉  နှင့်ဆက်စပ်ပြီး သေဆုံးသူ နှစ်ဦးထပ်မံတိုးလာပြီး နောက်ထပ်ကူးစက်ခံရသူ ၂၇၂၃ ဦးရှိသည်ဟု သိရသည်။ 
တစ်နိုင်ငံလုံးအနှံ့ လုပ်ငန်းခွင်များနှင့် စီးပွားရေးလုပ်ငန်းများလည်း လည်ပတ်လျက်ရှိသည်။ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကော်ဖီ ဆိုင်များမှာလည်း  ကိုဗစ် -၁၉   လုံခြုံစိတ်ချရရေး   စည်းကမ်းများ အောက်တွင် လည်ပတ်လျက်ရှိသည်။ 
ပြည်သူများ ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း ကန့်သတ်ချက်များ မထုတ်ပြန်သေးချေ။ ယခုအချိန်အထိ ကျူးဘားနိုင်ငံသား  ၉၀  ရာခိုင်နှုန်းမှာ  ကာကွယ်ဆေးအပြည့်ထိုးပြီး ဖြစ်ကာ ဒေသတွင်းထုတ်လုပ်ထားသည့် ကာကွယ်ဆေးထိုးပေးထားခြင်း ဖြစ်သည်။ 
ဇန်နဝါရီလကုန်ပိုင်းမတိုင်မီ တိုင်းပြည်အတွင်း ကာကွယ်ဆေးထိုး နိုင်သည့် အသက်အရွယ်များအားလုံးကို ကာကွယ်ဆေးအပိုဆောင်းထပ်ထိုးပေးနိုင်ရေး မျှော်လင့်ထားကြောင်း သိရသည်။ 
ဆင်ဟွာ