
ရန်ကုန် ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံအခြေစိုက် Euro Chamber of Commerce in Myanmar မှ CEO ဖြစ်သူ Ms. Karina Ufert နှင့် အဖွဲ့ဝင်များသည် စီးပွားရေးဆိုင်ရာ အခြေအနေများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများအား ဖေဖော်ဝါရီ ၈ ရက်က လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
EuroCham Myanmar တွင် အသင်းဝင်ကုမ္ပဏီပေါင်း ၁၂၀ ကျော် ရှိပြီး မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ အပေါ် သုတေသနစာတမ်း ပြုလုပ်ထားခြင်းကို တင်ပြလာခဲ့ပြီး အဓိက အခက်အခဲများအနေဖြင့် ဘဏ်ကိစ္စရပ်များ၊ မူဝါဒရေးရာပြောင်းလဲမှု၊ လျှပ်စစ်မီး မတည်ငြိမ်မှုများကြောင့် အများဆုံးအခက်အခဲကြုံတွေ့လျက် ရှိကြောင်းကို တင်ပြခဲ့သည်။ ထို့ပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရေးအတွက် သွင်းကုန်လိုင်စင်ဖြေလျှော့ပေးစေရေး၊ ဗီဇာသက်တမ်းတိုးမြှင့်ရေး၊ တရားမဝင်ကုန်သွယ်မှုများ ထိရောက် စွာကာကွယ်ပေးစေရေး၊ မှန်ကန်တိကျသည့် သတင်းထုတ်ပြန်ချက်များ ရရှိရေး၊ သွင်းကုန်လိုင်စင်များ ရရှိမှုနည်းခြင်းတို့ကို EuroCham Myanmar က တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးချက်များအပေါ် ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူ များက မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်း ကဏ္ဍအသီးသီးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် လုပ်ငန်းကော်မတီများအား တင်ပြ ပေးသွားမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရေးအတွက်လည်း အသင်းချုပ်မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ အသင်းချုပ်ဘက်မှ ဥက္ကဋ္ဌဦးအေးဝင်း၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော ဦးသောင်းတင်၊ ဒေါက်တာဝင်းစည်သူ၊ ဦးမြဟန်၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသော လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။
ကိုရိုး