
နေပြည်တော် မတ် ၉
ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင်ခင်းကျင်းပြသရောင်းချခဲ့သည့် ထုတ်ကုန် များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် MSME Agency ဥက္ကဋ္ဌ ဦးဇေယျာလင်း၊ Agency အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် MSME Agency အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများတက်ရောက်ကြပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှူးများက Virtual စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် များမှ ထွက်ရှိသည့်ထုတ်ကုန်များ၏ ထုတ်လုပ်မှု ကွင်းဆက်အလိုက် တန်ဖိုးမြင့်တက်လာမှုအခြေအနေ နှင့်ပတ်သက်၍ လေ့လာတင်ပြခဲ့မှုအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က တိုင်းဒေသကြီး/ ပြည်နယ်များရှိ အေဂျင်စီဥက္ကဋ္ဌ များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးရန် လမ်းညွှန်ခဲ့ သဖြင့် ယခုအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် တန်ဖိုးမြှင့်ထုတ်ကုန်များကို ခင်းကျင်း ပြသရောင်းချခဲ့ပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းဖြင့် အသားတင်အမြတ်ရရှိသကဲ့သို့ ထုတ်လုပ်မှုအဆင့်ဆင့် တိုးမြှင့်သွားသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်လာကာ ထုတ်ကုန်၏တန်ဖိုးသည် မူလတန်ဖိုးထက် မြင့်တက် သွားသောကြောင့် ဝင်ငွေ (Revenue) ပမာဏများလာ ကြောင်း၊ ဈေးကွက်တွင်း ရောင်းဝယ်မှုတန်ဖိုး (Trade Value) တိုးလာမည်ဖြစ်ပြီး တိုင်းပြည်၏ စုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP) ကို တိုးတက်စေ မည်ဖြစ်ကြောင်း၊ ဦးစားပေးထုတ်ကုန်များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်မှုစွမ်းအားများ မြှင့်တင်ခြင်းအစီအစဉ်များကို ရေးဆွဲဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် ထပ်မံလိုအပ်သည့် သွင်းအားစုများ၊ စက်ပစ္စည်း ကိရိယာများနှင့် စက်အရန်ပစ္စည်းများကို ဖော်ထုတ် သတ်မှတ်ပြီး ပံ့ပိုးပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုစက်ကိရိယာများကို ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းနိုင်မည့် ကျွမ်းကျင်လုပ်သားများကိုလည်း လိုအပ်ချက်များနှင့်အညီ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ဦးစားပေး ထုတ်ကုန်များ ထုတ်လုပ်သည့်ကဏ္ဍများတွင်လည်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး အစီအစဉ်များနှင့် MSME ချေးငွေများကို ဦးစားပေး ပံ့ပိုးပေးရေးအစီအစဉ်များကို ရေးဆွဲဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းအမယ်သစ်များ ပိုမို ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများ၊ ဆန်းသစ် တီထွင်မှုနှင့် ဈေးကွက်သုတေသနများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် MSME Agency အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အမျိုးအစားများနှင့် တန်ဖိုးမြှင့်ထုတ်ကုန် အမျိုးအစားများနှင့် ပတ်သက်၍လည်းကောင်း၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်အရ စက္ကူစက်ရုံ (ရေနီ)ရှိ ဓာတ်ခွဲခန်းသုံး စက်ကိရိယာများဖြင့် ကောက်ရိုးမှ ပျော့ဖတ်စမ်းသပ် ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေကိုလည်း ကောင်း၊ နေပြည်တော်ကောင်စီ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှူးက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် ပြပွဲကျင်းပခဲ့မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ခင်းကျင်း ပြသခဲ့မှုအခြေအနေတို့ကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူ ရေးထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ တိုင်းတွင် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မတည် ထူထောင်ထားရှိကြောင်း၊ MSME များဖွံ့ဖြိုးတိုးတက် ရေးအတွက် လက်တွေ့နယ်ပယ်တွင် အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး စိစစ်ရ မည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ MSME များ ဖွံ့ဖြိုး တိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် Work Plan ရေးဆွဲဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ထောင်စုနယ်မြေတွင် သစ်သီးဝလံများ၊ သစ်တောထွက်ပစ္စည်းများ၏ အခြေခံထုတ်ကုန်များ ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်လျက်ရှိ ကြောင်း၊ နိုင်ငံအတွက် လိုအပ်သောထုတ်ကုန်များကို ထုတ်လုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောနည်းပညာ၊ အရင်းအနှီးများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ဖွံ့ဖြိုး တိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဖြည့်ဆည်းပေးရမည့် အခြေအနေ၊ MSME လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အခြေအနေကို ဆွေးနွေးညှိနှိုင်း ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီ အေဂျင်စီအဖွဲ့ဝင်များသည် ကောက်ရိုးမှ စက္ကူထုတ်လုပ်သည့် နည်းစဉ်အဆင့်ဆင့်ကို လေ့လာ ရာ တာဝန်ရှိသူက အသေးစိတ်ရှင်းလင်းတင်ပြခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်